လာအိုနိုင်ငံ မဲခေါင်းမြစ်မှ တဆင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းလင်း(ရှေ့)အုပ်စု နမ့်မွေ တံတား၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် မြန်မာနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို ဖမ်းဆီး ရမိခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ တရုတ်နိုင်ငံသားများမှာ ဟူပိန်းပြည်နယ်မှဖြစ်ပြီး ပန်းရံလုပ်သား၊ ကျဘမ်းလုပ်သား၊ စက်ပြင်လုပ်သား၊ ယာဉ်မောင်းလုပ်သား၊ ကျဘမ်းလုပ်သား၊ ဆံသလုပ်သားနှင့် အလှပြင် လုပ်သားများဖြစ်ပြီး ၎င်းတို့ကို စက်တင်ဘာလ ၂၀ ရက်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တရုတ် နိုင်ငံသား ၁၁ ဦးကိုတော့ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု တာချီလိတ်ရဲစခန်းမှ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ညီညီဌေးက ပြောသည်။
ဒုရဲမှူး ညီညီဌေး က “သူတို့တွေက အလုပ်လုပ်ဖို့ ဝင်လာတာလို့ ပြောတယ်။ ခိုးဝင် လာတာက နည်းတယ်။ တရားဝင် တရုတ်နိုင်ငံသားတွေတော့ အမှုနဲ့ မိတာတော့ ရှိတယ်။ အခုက ၁၁ ယောက် နဲ့ဆို ၁၄ ယောက်ပဲရှိသေးတယ်။ ၁၃(၁)က အာမခံမရဘူး။ ချုပ်ထား တယ်”ဟု ဧရာဝတီသို့ ပြောသည်။
တာချီလိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ ဦးစီးမှူး ဦးစိုင်းစိုင်တစ်ကလည်း တရား မဝင် ခိုးဝင်လာသူများကို တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်များ ပြီးစီးပါက ပြည်နှင်ဒဏ်ပေးမည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသားများ ခိုးဝင်မှုများပြားနေခြင်းက မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် လော နိုင်ငံရှိ ကျွန်းတခုကို တရုတ်နိုင်ငံသားများက နှစ် ၉၀ ဖြင့် ဌားရမ်းထားကြောင်း၊ ထိုကျွန်းပေါ်တွင် မည်သည့် အလုပ်လုပ်ကိုင်ကြသည်ကို အတိအကျမသိသော်လည်း ထိုဘက်မှ အလုပ်အဆင်မပြေသည့် တရုတ်နိုင်ငံ သားများက မြန်မာဘက်သို့ နယ်ကျွံလာခြင်းဖြစ်ကြောင်း၊ ထိုကျွန်းနှင့် မြန်မာနိုင်ငံသည် ကိုက်တရာခန့် ဝေး သည့် ချောင်းငယ်လေးသာ ခြားသည်ဟု လဝကဦးစီးမှူးက ရှင်းပြသည်။
ဦးစိုင်းစိုင်တစ် က “အလုပ်လာလုပ်တယ်ဆိုတာ သူတို့လိမ်တာ။ သူတို့ကို ဘာအလုပ်လုပ်မှာလဲဆိုရင် ရတဲ့အလုပ်လုပ်မယ် ပေါ့။ အခုက တရုတ်တွေက တာချီလိတ်မှာတင် မဟုတ်ဘူး။ တော်တော်လေး ပျံနေပြီ”ဟု ဆိုသည်။
တရုတ်နိုင်ငံသားများကို သယ်ဆောင်လာသည့် ယာဉ်မောင်းသူ မြန်မာနိုင်ငံသား ၁ ဦးကို လဝက အက် ၁၃(၂)အပြင် ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် တာလေမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးမှ လဝကမှူး ဦးကျကောတိ တရားလိုပြုလုပ်၍ စက်တင်ဘာလ ၂၀ ရက်၊ မိုင်းလင်း ရဲစခန်းတွင် အမှုဖွင့် အရေးယူထား ကြောင်း တာချီလိတ်ရဲစခန်းမှ သိရသည်။
တရုတ်နိုင်ငံသားများအား လိုက်လံကူညီဆောင်ရွက်ပေးသူ မြန်မာနိုင်ငံသား အိုက်မိုင်က ထွက်ပြေးတိမ်းရှောင် နေဆဲဖြစ်သည်ဟု သိရသည်။
တာချီလိတ်မြို့ဒေသခံ ကိုအာကာကလည်း ခိုးဝင်လာသူများကို ဖမ်းဆီးရမိခြင်းမရှိသည့်အတွက် အရေအတွက် မသိရှိနိုင်သော်လည်း ခိုးဝင်မှုများက နေ့စဉ်လိုလို ရှိနေပြီး ၎င်းအနေဖြင့် ခိုးဝင်များကို သယ်ဆောင်လာသည့် ကယ်ရီသမားများကို ထိရောက်စွာ အပြစ်ပေးအရေးယူစေလိုကြောင်း ပြောသည်။
ခိုးဝင်လာသူများအနေဖြင့် မူဆယ်မှ တာချီလိတ်အရောက် ကယ်ရီခ တဦးလျှင် ကျပ်သိန်း ၁၀၀ အထိ ပေးရသည်ဟု သိရသည်။
ခိုးဝင်လာသည့် တရုတ်နိုင်ငံသားအများစုသည် မြန်မာနိုင်ငံရှိ ရွှေတူးဖော်ရေးလုပ်ငန်းနှင့် သတ္ထုလုပ်ငန်းများ တွင် ကျွမ်းကျင်သူများအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည်ဟု တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်း မြေ့စောက ဆိုသည်။
လဝက ဦးစီးမှူး ဦးစိုင်းစိုင်တစ်က “ခိုးဝင်မရှိဘူးလို့ ကျနော်မပြောပါဘူး။ အများကြီးတော့ မရှိပါဘူး။ ၄၊ ၅ ယောက်တသုတ်၊ တသုတ်နဲ့ လားရှိုး၊ မူဆယ်တွေ ကနေ တဆင့် ပို့တယ်။ ဒီနှစ်ထဲမှာ ၃၀၊ ၄၀ လောက်တောင် ရှိပြီထင်တယ်။ ပွဲစားတွေလည်း လဝက ဥပဒေနဲ့ ဖမ်းတယ်။ လက်ခံထားတဲ့ အိမ်ကိုလည်း အရေးယူတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၄ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၇၅၀ ရှိပြီး ဝင်လာသူများအနက် မူဆယ်မြို့နှင့် လောက်ကိုင်ဘက်မှ အများဆုံး ဖြစ်သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာလ ၄ ရက်က ပြောကြားထားသည်။
ကိုဗစ်ကာလအတွင်း တာချီလိတ်မြို့နယ်သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး နေရပ်ပြန်ရန် အခက် အခဲဖြစ်နေပြီး ပိတ်မိနေသည့် တရုတ်၊ ထိုင်းစသည့် နိုင်ငံခြားသား ၁ ထောင်ခန့်ရှိသည်ဟု သိရသည်။
You may also like these stories:
CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို
ကိုဗစ်ကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လျှော့ချပြေးဆွဲ
တာချီလိတ်-မယ်ဆိုင် ကြား ယာဉ်ဖြတ်သန်းခွင့် အပြန်အလှန်ကန့်သတ်