ထိုင်းကျောင်းသားခေါင်းဆောင်များက စက်တင်ဘာလ ၂၁ ရက် နံနက် အစောပိုင်း ဘန်ကောက်မှ တော်ဝင်နန်းတော် အပြင်ဘက်တွင် အထိမ်းအမှတ် ကြေးပြားတခုကို တပ်ဆင်ခဲ့ပြီး သူတို့၏ တောင်းဆိုချက်များပါဝင်သော စာရင်းတခုကို အနီးရှိ ဘုရင့် အတိုင်ပင်ခံကောင်စီသို့ ပေးပို့ခဲ့သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဆန္ဒပြမှုများတွင် ပေါ်ပေါက်လာသည့် အထင်ရှားဆုံး ကျောင်းသားခေါင်းဆောင်များထဲမှ တဦးဖြစ်သော Panusaya Sithijirawattanakul က အကြီးတန်း ရဲအရာရှိတဦး လက်သို့ စာကို ပေးအပ်ခဲ့သည်။ စာကို ဘုရင့်အတိုင်ပင်ခံကောင်စီထံသို့ ပို့ပေးသွားမည် ဖြစ်ကြောင်း ထိုအရာရှိက ကတိပြုခဲ့သည်။ ဘုရင့်အတိုင်ပင်ခံကောင်စီသည် အငြိမ်းစားစစ်ဘက်အရာရှိများက လွှမ်းမိုးသော ရွေးချယ်ခံမဟုတ်သည့် အဖွဲ့ဖြစ်ပြီး ဘုရင်ကို အကြံပေးရသည်။
ဘုရင် Maha Vajiralongkorn ထံသို့ တိုက်ရိုက်လိပ်မူထားပြီး ကျောင်းသားများ ဦး ဆောင်သော United Front of Thammasat and Demonstration (UFTD) က လက်မှတ်ရေးထိုးထားသည့် တိုတောင်းသော ထိုစာတွင် အစောပိုင်းက တောင်းဆိုချက်များ ဖြစ်သည့် ဝန်ကြီးချုပ် Prayuth Chan-ocha နှင့် သူ၏အစိုးရ နှုတ်ထွက်ရေး၊ ရွေးကောက်ခံ အဖွဲ့ အစည်းတခုက ဘုရင်စနစ်နှင့် သက်ဆိုင်သော ကဏ္ဍများ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရေး၊ UFTD က သြဂုတ်လတွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့သည့် ၁၀ ချက်နှင့် အညီ ဘုရင်စနစ်ကို ပြုပြင် ပြောင်းလဲရေးတို့ကို ထပ်မံတောင်းဆိုထားသည်။
“ဘုရင် ဘုန်းတော်ဘွဲ့ သီချင်းကို ခင်ဗျားတို့ ကြားရတဲ့အခါ မတ်တပ်ရပ်စရာ မလိုဘူး။ ခင်ဗျားတို့ရဲ့ အိမ်ရှေ့မှာ အဖြူရောင် ဖဲကြိုးတချောင်းကို ချည်ထားပြီးတော့ ဒီမိုကရေစီကို ခင်ဗျားတို့ အလေးပြုကြောင်း သူတို့သိပါစေ” ဟု Parit Chiwarat က ပြောသည်။
ပြုပြင်ပြောင်းလဲရေးကိုသာ တောင်းဆိုခြင်းဖြစ်ပြီး ဘုရင်စနစ် ဖျက်သိမ်းရေး မဟုတ် ကြောင်း စာတွင် ရှင်းလင်းဖော်ပြထားပြီး အမှုန်အမွှားမျှသာ သဘောထားခြင်း မခံရလိုသည့် ထိုင်းပြည်သူများက ပူးတွဲ လက်မှတ်ထိုးထားသည်။
Penguins ဟု လူသိများသော တက်ကြွလှုပ်ရှားသူ Parit Chiwarat က “ကျနော်တို့ ဒီတာဝန်ကို အောင်မြင်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကျနော်တို့လို သာမန်လူတွေက ဘုရင့်ဆီကို စာတစောင်ပို့ နိုင်ခဲ့ပါပြီ” ဟု ပြောသည်။
“နောက်တခါ နိုင်ငံတော်သီချင်းကို ကြားရင် လက်ချောင်း ၃ ချောင်းကိုမြှောက်ပါ” ဟု Parit Chiwarat က လူထုသို့ ပြောကြားခဲ့သည်။ ကွဲပြားခြားနားသည့် အလေးပြုခြင်းကို ရည်ညွှန်းခြင်း ဖြစ်ပြီး လတ်တလောတွင် အများအားဖြင့် လူငယ်အများစုက တော်ဝင်မင်းဆက်အား ငြိမ်းချမ်းစွာ ကဲ့ရဲ့ပြစ်တင်ခြင်းအဖြစ် ကျင့်သုံးနေကြသည့် အမှတ်အသား ဖြစ်သည်။
“ဘုရင် ဘုန်းတော်ဘွဲ့ သီချင်းကို ခင်ဗျားတို့ ကြားရတဲ့အခါ မတ်တပ်ရပ်စရာ မလိုဘူး။ ခင်ဗျားတို့ရဲ့ အိမ်ရှေ့မှာ အဖြူရောင် ဖဲကြိုးတချောင်းကို ချည်ထားပြီးတော့ ဒီမိုကရေစီကို ခင်ဗျားတို့ အလေးပြုကြောင်း သူတို့သိပါစေ” ဟု Parit Chiwarat က ပြောသည်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပါလီမန် အပြင်ဘက်၌ ဆန္ဒပြရန် စီစဉ်ထားခြင်းနှင့် အတူ နောက်ထပ်ဆန္ဒပြပွဲများ ထပ်မံ ပေါ်ပေါက်လာလိမ့်မည် ဟု Parit Chiwarat က လူထုသို့ ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၄ ရက် တွင်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် သပိတ်မှောက်ရန် သူက တောင်းဆိုခဲ့သည်။
“ ခင်ဗျားတို့ရဲ့ အားလပ်ရက်အစီအစဉ်ကို ခင်ဗျားတို့ရဲ့ သူဌေးတွေဆီကို ကြိုတင်ပြီး တင်ထားပါ။ အောက်တိုဘာ ၁၄ ရက် နေ့မှာ ထိုင်းနိုင်ငံကို သွက်ချာပါဒ လိုက်သွားအောင် လုပ်ဖို့အတွက် ကျနော်တို့ အလုပ်လုပ်တာကို ရပ်မယ်။ အဲဒီအချိန် ကျရင် တိုင်းပြည်ရဲ့ စီးပွားရေး ရှေ့ကို တိုးတက်အောင် လုပ်နေတဲ့ပြည်သူတွေက ကျနော်တို့ပဲ ဆိုတဲ့ အမှန်တရားကို ဝန်ကြီးချုပ် သိသွားလိမ့်မယ်” ဟု သူကပြောသည်။
“ဒီနေ့ အာဏာရှင်စနစ်နဲ့ ဗျူရိုကရေစီ အပေါ်မှာ ကျနော် စစ်ကြေညာပါတယ်” ဟု Parit Chiwarat က ပြောသည်။ Siam Commercial Bank (SCB) မှ ငွေစာရင်းများကို ပိတ်ပစ်ရန်လည်း တိုက်တွန်းခဲ့သည်။ ထိုင်းဘုရင် Maha Vajiralongkorn က ထိုဘဏ်၏ အကြီးဆုံး ပုဂ္ဂလိက ရှယ်ယာပိုင်ရှင်ဖြစ်သည်။
“SCB ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်ကြပါစို့။ ဒီဟာက ကျနော်တို့ရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်မလား ဆိုတာ ကျနော်တို့ မသိပါဘူး၊ ကျနော်တို့သိတာကတော့ အဲဒါက ကျနော်တို့ အနိုင်ရမယ့် တိုက်ပွဲတခု ဆိုတာပဲ ဖြစ်ပါတယ်” ဟု Parit Chiwarat က ပြောသည်။
၂၀၂၀ ခုနှစ် အတွင်းမှ ဆန္ဒပြပွဲများအားလုံးက ယခုအချိန်အထိ ငြိမ်းချမ်းစွာ ရှိ နေသေးပြီး အကြမ်းပတမ်း အဖြစ်အပျက်များ ပေါ်ပေါက်ခြင်း မရှိသေးပါ။
ပြတ်တောင်း ပြတ်တောင်း ရွာနေသည့် မိုးကြောင့် စိတ်ပျက်စရာ ဖြစ်ရသည့်တိုင် ဘန်ကောက်မြို့တွင် ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းယူမှု နောက်ပိုင်း၌ အကြီးမားဆုံးသော ဆန္ဒပြပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့ ညက မြင်တွေ့ခဲ့ရသည်။ ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းယူမှုက စစ်အစိုးရကို ထူထောင်ခဲ့ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ပစ်ခဲ့သည်။
လူပေါင်း ၁၈၀၀၀ ခန့် သာ ပါဝင်ခဲ့သည်ဟု ရဲအဖွဲ့က ပြောဆိုခဲ့သော်လည်း စည်းရုံးလှုပ်ရှားသူများနှင့် စာနယ်ဇင်းသမားများက ၎င်းထက် များစွာ ပိုမိုမြင့်မားကြောင်း သံသယ မရှိခဲ့ပါ။
“တက်ရောက်သူ ၁၀၀၀၀၀ လောက်ရှိတယ်” ဟု Panusaya Sithijirawattanakul က သတင်းထောက်များသို့ ပြောကြားခဲ့သည်။ “ဒီရလဒ်က ကျမတို့ရဲ့ တောင်းဆိုမှုတွေကို ပြည်သူတွေက ထောက်ခံတယ် ဆိုတာကို သက်သေပြခြင်း ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဆန္ဒပြသူများသည် ယခင်က အရေးအပါဆုံး ဖြစ်သော ဘုရင်စနစ်ကို ပထမဆုံးအကြိမ် ပြုပြင်ပြောင်းလဲရေး အပါအဝင် ဒီမိုကရေစီ သို့ဦးတည်သည့် ကိစ္စများနှင့် ပတ်သက်၍ ရဲရဲတင်းတင်း လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှု တခုပြုရန် ပွင့်ပွင့်လင်းလင်း တောင်းဆိုခဲ့ကြသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လူစုခွဲရန် ရဲအဖွဲ့၏ အမိန့်ကို လျစ်လျူရှုခဲ့ကြပြီး တော်ဝင် မီးသင်္ဂြိုဟ်ပွဲများနှင့် အခြားအခမ်းအနားများအတွက် အသုံးပြုသော ၁၂ ဟက်တာ ကျယ်ဝန်းသည့် ရင်ပြင်တခုတွင် အမာခံအဖွဲ့ ငယ်တခုက တညလုံး အိပ်နေခဲ့သည်။
၂၀၂၀ ခုနှစ် အတွင်းမှ ဆန္ဒပြပွဲများအားလုံးက ယခုအချိန်အထိ ငြိမ်းချမ်းစွာ ရှိ နေသေးပြီး အကြမ်းပတမ်း အဖြစ်အပျက်များ ပေါ်ပေါက်ခြင်း မရှိသေးပါ။
ယခု ဆန္ဒပြပွဲကို Thammasat တက္ကသိုလ်မှ တက်ကြွလှုပ်ရှားသည့် အဖွဲ့ အစည်းတခု ဖြစ်သော United Front of Thammasat and Demonstration သို့မဟုတ် UFTD က စီစဉ်ခဲ့သည်။ တောင်းဆိုချက်များထဲတွင် UFTD က ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး အချက် ၁၀ ခုကို ထည့်သွင်းခဲ့သည်။
အဆိုပါ အချက်များထဲတွင် တော်ဝင်မိသားစုအား ဝေဖန်ခွင့်ကို ပိတ်ပင်ထားသည့် ဥပဒေကို ဖျက်သိမ်းရေး၊ တော်ဝင်မိသားစုနှင့် ပတ်သက်၍ ပြည်သူပိုင်ငွေ အသုံးပြုခြင်း လျှော့ချရေးနှင့် တော်ဝင်နှင့် အများပြည်သူတို့၏ ပိုင်ဆိုင်မှုများ ရှင်းလင်းကွဲပြားရေး တို့ ပါဝင်သည်။
ပြင်းထန် စူးရှသော ထိုတောင်းဆိုမှုများက ဘုရင်စနစ်အပေါ် လူသိရှင်ကြား ဝေဖန်မှုများနှင့် ပတ်သက်၍ မလုပ်အပ်သော အရာတခုအဖြစ် ကာလကြာမြင့်စွာ တားမြစ်ပိတ်ပင်ထားခြင်းတခုကို ချိုးဖျက်လိုက်ပြီး ဒီမိုကရေစီ အရေးအတွက် တောင်းဆိုလှုပ်ရှားနေသူ အချို့ အပါအဝင် အများအပြားကို အံ့အားသင့်သွားစေခဲ့သည်။
သြဂုတ်လ ၁၆ ရက်နေ့ ဆန္ဒပြပွဲကိုမူ တက်ကြွလှုပ်ရှားသူ အဖွဲ့တခုဖြစ်သော Free People က စီစဉ်ခဲ့သည်။ စီစဉ်သူများက တောင်းဆိုချက် ၃ ခု အပေါ် အလေးပေး အာရုံစိုက်ခဲ့သည်။ လွှတ်တော် ၂ ရပ် လုံးကို ဖျက်သိမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အငြင်းပွားဖွယ်ရာ အစိတ်အပိုင်းများကို ပြန်လည်ရေးဆွဲရေးနှင့် ပြည်သူများ၏ အခြေခံ အခွင့်အရေးများကို အသုံးချခြင်းမှ တားဆီးထားသော တရားဝင် အနှောင့်အယှက်များကို အဆုံးသတ်ရေး တို့ ဖြစ်သည်။
လတ်တလော ပေါ်ပေါက်ခဲ့သောဆန္ဒပြပွဲများကြောင့် နိုင်ငံရေးအသိအမြင်များက မေးခွန်းထုတ်ဖွယ်ရာ မရှိ မြင့်တက်လာခဲ့သည်။ ရာနှင့်ချီသော အသိညာရှင် အတတ်ပညာရှင်များက ထောက်ခံမှု ပေးခဲ့ပြီး အချေအတင် ဆွေးနွေးငြင်းခုံမှုများ ပိုမိုပြုလုပ်လာခြင်းကို ကြိုဆိုခဲ့ကြသည်။ စက်တင်ဘာလ ၂၀ ရက်နေ့ ဆန္ဒပြပွဲတွင် ထင်ရှား ကျော်ကြားသူများလည်း ပါဝင်လာခဲ့ကြသည်။
အများအားဖြင့် ဂျာမနီတွင် နေထိုင်သူ ဖြစ်သော ထိုင်းဘုရင်သည် လတ်တလော၌ ပြည်တွင်းသာမက ပြည်ပတွင်ပါ အများပြည်သူ၏ စိတ်ဝင်စားမှုကို ရရှိနေသည်။
၂၀၂၃ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် နောက်လာမည့် အထွေထွေရွေးကောက်ပွဲတွင် အများစုက မဲပေးကြရမည် ဖြစ်သော ကျောင်းသားများက အစိုးရကို အသံတိတ် ကဲ့ရဲ့ရှုတ်ချသည့် အနေဖြင့် အဖြူရောင် ဖဲကြိုးများ ဝတ်ဆင်ကာ လက် ၃ ချောင်းကိုမြှောက်၍ အလေးပြု နှုတ်ဆက်ခြင်းများပြုလုပ်ကြသည်။
ဒစ်ဂျစ်တယ် စီးပွားရေးနှင့်လူ့အဖွဲ့အစည်း ဝန်ကြီးဌာနမှ တရားဝင်တိုင်ကြားခဲ့ပြီး နောက်ပိုင်း ဘုရင်စနစ်၏ အခန်းကဏ္ဍကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသည့် Facebook group တခု ဖြစ်သည့် Royalist Marketplace က သြဂုတ်လ ၂၄ ရက်နေ့တွင် ပိတ်ပင်ကန့်သတ်ခံခဲ့ရသည်။ အဆိုပါ group တွင် ဝင်ရောက်ထားသူ တသန်းကျော် ရှိထားပြီး ဖြစ်သည်။ အစားထိုးရန် Facebook group တခု အနေဖြင့် Royalist Marketplace Talaat Luang ကို ချက်ချင်းတည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၁.၃၈ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။
အများအားဖြင့် ဂျာမနီတွင် နေထိုင်သူ ဖြစ်သော ထိုင်းဘုရင်သည် လတ်တလော၌ ပြည်တွင်းသာမက ပြည်ပတွင်ပါ အများပြည်သူ၏ စိတ်ဝင်စားမှုကို ရရှိနေသည်။
စက်တင်ဘာ ၂ ရက် နေ့တွင် ဘုရင်က ၂၀၁၉ ခုနှစ်က ရာထူးမှ ရုတ်တရက် ဖယ်ရှားခဲ့သော Sineenat “Koi” Wongvajirapakdi ကို ကြင်ယာတော် အဖြစ် ပြန်လည် အပ်နှင်းခဲ့သည်။ ဘုရင်က ရာစုနှစ် တခုအတွင်းတွင် ပထမဆုံး အနေဖြင့် တော်ဝင် ကြင်ယာတော် နေရာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မခန့်အပ်မီ အစောပိုင်း လအနည်းငယ်တွင် ဘုရင်က စတုတ္ထအကြိမ်မြောက် လက်ထပ်ခဲ့ပြီး မိဖုရား Suthida Bajrasudhabimalakshana က သူ၏ အဓိကကြင်ယာတော်အဖြစ် မြှောက်တင်ခဲ့သည်။
ဘုရင်က မိန်းမ လိုက်စားသည့်နေရာတွင် ဂုဏ်သတင်းကျော်စောသည်။ သူသည် ယခင် လက်ထပ်ခဲ့သော အမျိုးသမီး ၃ ယောက်မှ မွေးဖွားသည့် ကလေး ၇ ယောက်၏ ဖခင်လည်း ဖြစ်သည်။ မကျေမလည် အဖုအထစ်များဖြင့် ကွာရှင်းခဲ့ရမှုများကလည်း အတိတ်တွင် ရှိနေသည်။
ဝန်ကြီးချုပ် Prayuth Chan-ocha က COVID-19 ခြိမ်းခြောက်မှုကို အသုံးပြုခြင်းအားဖြင့် သီတင်းပတ်ကုန် ချီတက်ပွဲ အတွက် လူထု၏ စိတ်အားထက်သန်မှု လျော့ပါးစေရန် ကြိုးပမ်းခဲ့သည်။ ၂၀၁၄ ခုနှစ် စစ်ဘက် အာဏာသိမ်းမှုကို ပြုလုပ်ခဲ့သည့် စစ်တပ်အကြီးအကဲဟောင်း Prayuth Chan-ocha က “လူစုလူဝေး ဖြစ်အောင်လုပ်တာက ကူးစက်ပျံ့နှံ့မှုသစ်တွေအတွက် ကြီးမားတဲ့ အန္တရာယ်ကို ဖန်တီးတာပါပဲ။ သန်းပေါင်းဆယ်ဂဏန်းနဲ့ ချီတဲ့ ထိုင်းပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုအတွက် ကြီးမားတဲ့ အန္တရာယ်တွေကို ခင်ဗျားတို့က ဖန်တီးပေးသလို ဖြစ်လိမ့်မယ်” ဟု စက်တင်ဘာလ ၁၇ ရက် နေ့တွင် ရုပ်မြင်သံကြားမှ တဆင့် ပြောကြားခဲ့သည်။
သို့သော်လည်း လူငယ် အများစုကမူ အစိုးရကို ပိုမိုကြီးမားသော ပြဿနာအဖြစ် ရှုမြင် နေကြသည်။ “ဒီမိုကရေစီ အခြေခံအုတ်မြစ်ကို ကျမတို့ အမှန်တကယ် တည်ဆောက်နိုင်မယ်ဆိုရင် စီးပွားရေးက ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်” ဟု အသက် ၂၀ အရွယ် Thammasat တက္ကသိုလ် ကျောင်းသူ Somsom က ပြောသည်။ အမည် ဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့သော သူငယ်ချင်း ၂ ယောက်နှင့် အတူ သူက ထီးတလက်အောက်တွင် ထိုင်နေသည်။ သို့သော်လည်း ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို တောင်းဆိုရန် ရောက်လာ ခဲ့ခြင်းဖြစ်ကြောင်း သူတို့က ပြောသည်။
ကိုးကား။ ။ Nikkei Asian Review ၏ Thailand protesters claim victory with letter to the king’s council
You may also like these stories:
ကြင်ရာတော်ကို ထိုင်းဘုရင် ဘာကြောင့် ဘွဲ့ပြန်သိမ်းသလဲ
ထိုင်းကျောင်းသားဆန္ဒပြပွဲတွေက လမ်းမပေါ်ရော အွန်လိုင်းမှာပါ ကြီးထွားနေ
မောင်ဝင်းဇော်ထွန်း၊ မောင်ဇော်လင်းနှင့် ထိုင်းထောင်ထဲက မြန်မာများ
ထိုင်းဆန္ဒပြပွဲများတွင် မပါဝင်ရန် မြန်မာ ရွှေ့ပြောင်း လုပ်သားများကို သတိပေး