သတင်း

အစိုးရ ထောက်ပံ့သည့် ငွေကြေးအပေါ် မှန်ကန်စွာ ဆောင်ရွက်ခြင်းမရှိက အရေးယူမည်

Want create site? Find Free WordPress Themes and plugins.

အခြေခံ လူတန်းစား အိမ်ထောင်စုများအပေါ်အစိုးရက ထောက်ပံ့ပေးသည့် ငွေကြေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၊ ခရိုင် အထွေထွေအုပ်ချုပ်ရေး အဆင့်ဆင့်တို့က မှန်ကန်စွာ ဆောင်ရွက်ခြင်း မရှိပါက အရေးယူမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“ထောက်ပံ့တဲ့ ပမာဏနဲ့ မှန်ကန်စွာ ဆောင်ရွက်ခြင်း မရှိတဲ့အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့တွေ ရဲ့ကြီးကြပ်မှုနဲ့ လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရေးကို ဆက်လက် ညှိနှိုင်း ဆောင်ရွက်မယ်” ဧရာဝတီ၏ မေးမြန်းမှု ကို စက်တင်ဘာလ၂၂ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် မည်သည့် ပုံစံနှင့် စိစစ် အရေးယူ ဆောင်ရွက်သွားမည်ဆိုသည့် အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်သည့် မတ်လ၊ ဧပြီလအတွင်းမှ စတင်ပြီး ပုံမှန် ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ် ထောင်စုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ရပ်မိရပ်ဖ အုပ်ချုပ် ရေး တာဝန်ရှိသူများ၊ တိုင်းပြည်နယ် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ပြီး စာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့ စည်းကာ အခြေခံ လူတန်းစား အိမ်ထောင်စုစာရင်းများကို ကောက်ယူခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

အငြင်းပွားလို့ ဖြေရှင်းပေးရတာ ရှိသလို လက်ရှိမှာတော့ တော်တော်လေး စိစစ်ပြီး ဆောင်ရွက်ကြရတာပေါ့

လက်ရှိ အစိုးရ ပေးနေသော ထောက်ပံ့ကြေးများကို တချို့ကျေးရွာ၊ မြို့နယ်များတွင် ငွေကျပ်၂ သောင်း အပြည့်အဝ မရ ခြင်း၊ ပေးပြီးသား အိမ်ထောင်စုများ ထပ်မံရရှိခြင်းနှင့် ငွေကြေးတတ်နိုင်သည့် မိသားစုများ ရရှိခြင်းများ ရှိနေခြင်းတို့ကြောင့် အစိုးရက ပေးသော်လည်း အငြင်းပွားမှုများ ရှိနေသည်ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေး၊ လွှတ်တော် ကိုယ်စားလှယ် နှင့် ဒေသခံများထံက သိရသည်။

အစိုးရအနေဖြင့် တိုင်းနှင့် ပြည်နယ်များရှိ ဝင်ငွေ နည်းပါးသည့် အိမ်ထောင်စုများသို့ ပထမအကြိမ် ထောက်ပံ့ကြေးအဖြစ် ကျပ် ၇၁ ဒသမ ၁၀၃ ဘီလီယံ၊ ဒုတိယအကြိမ်အဖြစ် ကျပ်၂၁၈ ဒသမ ၁၁၂ ဘီလီယံ၊ တတိယအကြိမ်အဖြစ် ကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလီယံကို ထောက်ပံ့ပေးခဲ့သည်ဟု နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အခြေခံ လူတန်းစားများကို အစိုးရ ထောက်ပံ့ကြေးပေးခြင်းအား ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက ညှိနှိုင်းပြီး ရွေးချယ် ဆောင်ရွက်ခြင်းဖြစ်ပြီး တချို့နေရာများ၌ ယခုလို ရွေးချယ်သည့်အပေါ်တွင် အငြင်း ပွားမှုများ ရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ဧရာဝတီသို့ ပြောသည်။

“အငြင်းပွားလို့ ဖြေရှင်းပေးရတာ ရှိသလို လက်ရှိမှာတော့ တော်တော်လေး စိစစ်ပြီး ဆောင်ရွက်ကြရတာပေါ့”ဟု ၎င်းက ပြောသည်။

တိုင်းနှင့် ပြည်နယ်ရှိ အိမ်ထောင်စုများသို့ ပေးရာတွင် သတ်မှတ်ချက်အနေဖြင့် အခြေခံ လူတန်းစား ဖြစ်ခြင်း၊ ဈေး အရောင်းအဝယ် လုပ်သူဖြစ်ခြင်း၊ ဝန်ထမ်း၊ ပင်စင်စား မဖြစ်ရ၊ အငှားယာဉ်မောင်းသူ မဖြစ်ရ (ဥပမာ- ဆိုင်ကယ် ကယ်ရီ ဆွဲပါက ကိုယ်ပိုင် မဖြစ်ရဘူး) ယင်းသို့သောသူများကို သတ်မှတ်ကောက်ခံပြီး ပေးခြင်းဖြစ်သည်။

ညောင်ဦးမြို့ဒေသခံ တဦးက “ကျနော်တို့ဆီမှာတော့ စက်တင်ဘာလ ၁၉ ရက်က ပေးတယ်။ ကျပ် ၂ သောင်း အစိုးရက ပေးတယ်လို့ သိရပေမယ့် ကျနော်တို့ ရတာက ကျပ် ၁ သောင်းပဲ ဖြစ်တယ်။ ကျနော်တို့က အမှတ် ၂ ရပ်ကွက်က ပေါ့ နော်။ အမှတ် ၄ ရပ်ကွက်က ကျပ် ၁ သောင်း ၄ ထောင် ရတယ်။ ကားရှိတဲ့သူလည်း ပေးတာပဲ။ သူတို့ကတော့ မျှပေးချင် လို့ ပေးတာလို့ ပြောတာပဲ။ ပုဂံမြို့သစ်ကျတော့ ကျပ် ၂ သောင်း အပြည့်အဝ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ညောင်ဦးမြို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဝမ်းသို့ ဧရာဝတီက မေးမြန်းရာတွင် “အဲဒါတွေက ရာအိမ်မှူးတွေ ဆယ်အိမ်မှူးတွေ စာရင်းနဲ့ လုပ်တာဖြစ်တယ်။ သတင်းဌာနက ဆိုရင် တခြားရပ်ကွက်ကို မေးပါ” ဟု ပြောဆိုကာ ဖုန်းချသွားသည်။

နိုင်ငံတော်က ပထမအကြိမ် ထောက်ပံ့ရာ၌ ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံစားသောက်ကုန် ၅ မျိုးကို ထောက်ပံ့ ခဲ့ပြီး၊ ဒုတိယ အကြိမ်တွင် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၂ သောင်းနှုန်းကို ထောက်ပံ့ပေးခြင်းမှာ သုံးကြိမ်မြောက် ရှိပြီ ဖြစ် သည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က “ကျနော်တို့ကတော့ စာရင်းထဲ ပါတဲ့သူပေးတာပဲ။ ဖြတ်တာ တောက်တာတော့ မရှိဘူး။ စာရင်းထဲ ပါတာတော့ ပေးတယ်။ တချို့ကျတော့လည်း ပြောင်းသွားလို့ မရှိဘူး၊ ဒါကျတော့ မပေးဘူးပေါ့။ ဘယ်နှဦး မရှိဘူးဆိုပြီး ပြန်အပ်လိုက်တယ်။ ဝေဖန်မှုကတော့ ထွက်နေမှာပဲ” ဟု ၎င်းက ဧရာဝတီသို့ ပြော သည်။

သူတို့ကလည်း ဒီတကြိမ် မရ နောက်တကြိမ် ရမှာပဲ ဆိုပြီး ထားခဲ့လိုက်တယ်။ နောက်တခါကျတော့ လည်း ဒီလူတွေပဲ ပြန်ပေးတယ်။ ကျန်တဲ့သူတွေ မရဘူး။

ဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရများ၏ ဘဏ်အကောင့်ထဲသို့ ငွေလွှဲပေးခြင်းကိုသာ လုပ်ဆောင်ပြီး အိမ်ထောင်စုများသို့ ဝေငှခြင်းကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရနှင့် အထွေထွေအုပ်ချုပ်ရေးတို့ဘက်ကသာ လုပ် ဆောင်ခြင်း ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒု အမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ဆိုသည်။

၎င်းက “ပေးတဲ့သူတွေကတော့ ကျနော်တို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဘယ်လို အိမ်ထောင်စုတွေကို ပေးမယ် ဆိုတာ စိစစ်တာ ဖြစ်တယ်။ ကျနော်တို့က လိုအပ်တဲ့ ငွေတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို လွဲှပေး လိုက်တာ” ဟု ဝန်ကြီးဌာန၏ အခန်းကဏ္ဍ ကို ဧရာဝတီသို့ ရှင်းပြသည်။

ပြီးခဲ့သည့် ဧပြီလမှ ယခု စက်တင်ဘာလအထိ နိုင်ငံတော်က အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၅ ဒသမ ၇ သန်းအား ငွေကျပ် ၄၀၄ ဒသမ ၇ ဘီလီယံအထိ ထောက်ပံ့ခဲ့ပြီး လက်ရှိအချိန်ထိလည်း တိုင်းဒေသကြီး ပြည်နယ်များတွင် လုပ်ငန်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်တချို့တွင်လည်း အစိုးရက ပေးသည့် ထောက်ပံ့ကြေးကို အုပ်ချုပ်ရေးမှူးများက တဆင့် ပေးရာတွင် အပြည့်အဝ ကျပ်၂ သောင်း မရသည့် မြို့နယ် တော်တော်များများ ရှိနေကြောင်း လူမှုကွန်ရက် စာမျက်နှာများ က တဆင့် သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက “ကျနော်တို့ မြို့နယ်ထဲမှာတော့ ပေးပြီးသွား ပြီ တခါပေးတိုင်းတခါ ပွက်လောရိုက်တယ်။ အသံထွက်တယ် ပေါ့နော်။ အဓိကတော့ ကိုဗစ်ကာလမှာ ဆန် ဆီ ဆား အရေးပေါ်အနေနဲ့ ပထမအကြိမ်မှာပေးတာကို သူတို့ အရေးပေါ် စာရင်းကောက်လိုက်ရတယ်လို့ သိရတယ်။ စာရင်း ကောက်တဲ့အခါ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ မသိရဘူး။ ဒီအခါမှာ ပိုက်ဆံရှိတဲ့သူတွေ ပါသွားသလို၊ လုံးဝ အဆင်မပြေတဲ့သူတွေ ကျန်ခဲ့တာတွေလည်း ရှိတယ်” ဟု ပြောပြသည်။

ဆက်လက်၍ ၎င်းက “သူတို့ကလည်း ဒီတကြိမ် မရ နောက်တကြိမ် ရမှာပဲ ဆိုပြီး ထားခဲ့လိုက်တယ်။ နောက်တခါကျတော့ လည်း ဒီလူတွေပဲ ပြန်ပေးတယ်။ ကျန်တဲ့သူတွေ မရဘူး။ ကျပ်၂ သောင်းကျတော့လည်း ဒီလူတွေပဲဆိုတော့ အခု တတိ ယအကြိမ်မှာ ကျနော်တို့ နေ့မအိပ် ညမအိပ်ကို ဖြေရှင်းရတယ်။ အခုတော့ အတော်ဆိုးတဲ့ အခြေအနေ ရောက်သွား တယ်” ဟု ပြောသည်။

ထို့ကြောင့် အစိုးရအနေနှင့် နောက်ထပ် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကို ပေးမည်ဆိုပါက ပြီးခဲ့သည့် အကြိမ်များ တွင် ရရှိခြင်း မရှိသည့် သူများကို ဦးစားပေး စားကောက်ပြီး ပေးရန် အရေးတကြီး လိုအပ်သည်ဟု အစိုးရနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံသို့ အကြံပြု တင်ပြသွားမည်ဟု ဦးညီညီက ပြောသည်။

You may also like these stories:

ကိုဗစ်အတွက် ကျပ် ဘီလီယံ ၁ ထောင်ကျော်သုံးမည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

Stay Home အမိန့်အောက်က ရန်ကုန်

နိုင်ငံ့ဝန်ထမ်းများ ၂ လစာ အတိုးမဲ့ချေးငွေ အောက်တိုဘာ ၁ ရက်နေ့ပေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading