သတင်း

ကျောက်တော်တွင် ရွာသားများကို တပ်မတော် ဖမ်းဆီးထား

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာအတွင်းသို့ ယနေ့ စက်တင်ဘာလ ၂၃ ရက် မနက်ပိုင်းတွင် တပ်မတော် စစ်ကြောင်းတခု ဝင်ရောက်လာပြီး ရွာသား၂၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ကျေးရွာသားများမှာ အသက်၂၀ အရွယ်နှင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားများ ဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းကျေးရွာရှိ ဆေးပေးခန်း၌ ထိန်းသိမ်းထားကြောင်းလည်း ကျောက်တော် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

၎င်းက “ဒီနေ့ မနက်ပိုင်းက တပ်မတော် စစ်ကြောင်းတခုကနေ ရွာကို ပတ်ပတ်လည် ဝိုင်းပြီးတော့ ဝင်လာတယ်လို့ ပြော တယ်။ အိမ်မှာရှိတဲ့ အမျိုးသားတွေ၊ လမ်းမှာတွေ့တဲ့ လူတွေကို ဖမ်းခေါ်သွားတယ်လို့ မျက်မြင်တွေက ပြောတယ်။ ဘယ်နှ ယောက်ဆိုတာ တိတိကျကျ မပြောနိုင်ဘူး။ သွားပြီးတော့လည်း မကြည့်ရဲဘူး။ တချို့လည်း ၂၀ ကျော် ၃၀ နီးပါးလောက် အဖမ်းခံထားရတယ်လို့လည်း ပြောတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ထိုသို့ ဖမ်းဆီးခံထားရသည့် ရွာသားများထဲတွင် အသက် ၂၀ ကျော်အရွယ် ကိုမောင်မောင်ဦး မူလတန်းပြ ဆရာတဦး လည်း ပါဝင်ပြီး ကျေးရွာသားများကို မည်သည့်အတွက်ကြောင်း ဖမ်းဆီးခြင်း ဖြစ်သည်ကို တပ်မတော် စစ်ကြောင်းက တစုံ တရာ ပြောဆိုခြင်းများ မရှိသလို ထိုသို့ ဖမ်းဆီးစဉ် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့လည်း ပါဝင်ခြင်း မရှိကြောင်း ဖမ်းဆီးခံ မိသားစုဝင်များက ဆိုသည်။

တပ်မတော် စစ်ကြောင်းက ရွာကို ပတ်လည် ဝိုင်း ဝင်လာပြီးတော့ သူတို့နဲ့ လမ်းမှာ တွေ့တဲ့လူတွေကို ဖမ်းခေါ်တယ်။ အိမ်မှာလူရှိရင် ရှိတဲ့လူတွေကို ခေါ်ထုတ်ပြီး ဖမ်း ခေါ်တယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မေးချိန် မရှိဘူး။

ဖမ်းဆီးခံထားရသူ ကျောင်းဆရာ ကိုမောင်မောင်ဦး၏ မိသားစုဝင်တဦးက “တပ်မတော် စစ်ကြောင်းက ရွာကို ပတ်လည် ဝိုင်း ဝင်လာပြီးတော့ သူတို့နဲ့ လမ်းမှာ တွေ့တဲ့လူတွေကို ဖမ်းခေါ်တယ်။ အိမ်မှာလူရှိရင် ရှိတဲ့လူတွေကို ခေါ်ထုတ်ပြီး ဖမ်း ခေါ်တယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မေးချိန် မရှိဘူး။ မောင်မောင်ဦးလည်း အိမ်မှာနေရင်း အဖမ်းခံရတာ။ ကျောင်း ဆရာဆိုတာ ပြောဖို့ အချိန်မရဘူး။ သူတို့မေးမှ ပြောခွင့်ရတာ။ ကျနော်တို့လည်း ကြောက်ပြီး အကုန် ထွက်ပြေးနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီမှ တပ်မတော် သတင်း ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်၍ မရှိခဲ့ပေ။

ယနေ့ မနက်ပိုင်းတွင် အဆိုပါ ရန်ကုန်- စစ်တွေ ကားလမ်းပေါ်ရှိ သရက်တပင်စံပြ ကျေးရွာ အနီးဝန်းကျင်တွင် မည်သည့် ဖြစ်စဉ်မျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ ယင်းကျေးရွာနှင့် ၁ မိုင်ကျော် အကွာရှိ အမှတ် ( ၃၇၆ ) တပ်ရင်းမှ စစ်ကြောင်းတခု ကျေးရွာအတွင်းသို့ လမ်းလျှောက် ဝင်လာ၍ ကျေးရွာသားများကို ဖမ်းဆီးကာ လက်ရှိအချိန်ထိလည်း ထိုစစ်ကြောင်းမှာ ကျေးရွာအတွင်း ရှိနေသေးကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။

ကိုရိုနာ ဗိုင်းရပ်စ်ပိုး တနေ့တခြား ကူးစက်မှု မြင့်မားနေသည့်နေသည့် အတွက် ရခိုင်ပြည်နယ် တခုလုံးအား Stay at Home နေထိုင်ကြရန် နိုင်ငံတော် အစိုးရက အမိန့် ထုတ်ပြန်ညွှန်ကြားထားသော်လည်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) အဖွဲ့ တို့၏ နှစ်ဖက် စစ်ရေးပဋိပက္ခကြောင့် နေ့စဉ်နှင့်အမျှ ဒေသခံကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရသလို လက်နက်ကြီး ကျည်ထိမှန်လည်း သေဆုံးမှုများမှာလည်း များပြားလျက် ရှိသည်။

စက်တင်ဘာလ ၁၇ ရက်ကလည်း ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ဆန်ကျ ရောက် ပေါက်ကွဲသည့် အတွက် ရွာသား ၁ ဦး ပွဲချင်းပြီး သေသုံးခဲ့သလို ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကာ စက်တင် ဘာလ ၈ ရက်ကလည်း မြေပုံမြို့နယ် ညောင်ကန်ကျေးရွာသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် အသက် ၅ နှစ် အရွယ်ကလေး ၂ ဦး အပါအဝင် ရွာသား ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

ယခုလ စတင်ဘာလ ၃ ရက် ညနေ ၈ နာရီဝန်းကျင် အချိန်ကလည်း ကျောက်တော်မြို့နယ်အတွင်းက ဘုရားပေါင်း ကျေး ရွာမှာ ရွာလုံးကျွတ် မီးရှို့ခံရပြီး ရွာသား၂ ဦးလည်း သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အတွက် သေဆုံးသွားခဲ့သည်။

သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက်ကလည်း ကျောက်တော်မြို့နယ်အတွင်းက ကျောက်ဂုစုကျေးရွာသား ၁ ဦးနှင့် ရွှေပြည်ကျေးရွာသား ၁ ဦးတို့ကို တပ်မတော် စစ်ကြောင်းထံမှ ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားခဲ့သည်။

သြဂုတ်လ ၂၇ ရက်ကလည်း ကျောက်တော်မြို့ပေါ် ရှမ်းရွာ ရပ်ကွက်မှ အမျိုးသား ၁ ဦးနှင့် ယင်းမြို့နယ် အပေါက်ဝ ကျေး ရွာမှ အမျိုးသမီ ၁ ဦးတို့ကို တပ်မတော်စစ်ကြောင်းက ပစ်ခတ်သည့်အတွက် ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

You may also like these stories:

ရသေ့တောင်တွင် လက်နက်ကြီးကျ ၁ ဦးသေ ၂ ဦးဒဏ်ရာရ

AA သို့ ရိက္ခာပို့သည်ဟု သံသယဖြင့် အထမ်းသမား ၄၁ ဦးကို ဖမ်းဆီးထား

ကျောက်တော် ဘုရားပေါင်းရွာ မီးရှို့ခံရ၊ ရွာသား ၂ ဦးသေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading