မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဟေမမာလာတောင် ရပ်ကွက်ရှိ Hotel Mandalay မှ အမျိုးသမီးဝန်ထမ်း ၂၃ ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မဟာအောင်မြေ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းထွန်းက “ပထမရက်က ၅ ယောက် ပိုးကူးခံရ တယ်။ ဒီနေ့မနက် ၁၈ ယောက် ပိုးကူးခံရတယ်။ ဝန်ထမ်း ၁၁၅ ယောက်ကိုတော့ အဲဒီဟိုတယ်မှာ Quarantine ထား ထား တယ်။ အခု ဟိုတယ်ကို လော့ဒေါင်း ချထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကိုဗစ်ပိုး ကူးစက်ခံရသူ အမျိုးသမီး ဝန်ထမ်းများသည် လူမှုကွက်ရက် Facebook စာမျက်နှာပေါ်တွင် ရေးသားထားကြ သကဲ့သို့ အနှိပ်ခန်းလုပ်ငန်းနှင့် ဆက်စပ်မှုမရှိဘဲ ထိုဟိုတယ်မှ ဧည့်ကြို၊ သန့်ရှင်းရေး၊ အလျှော်အဖွတ်နှင့် မီးပူတိုက်ဌာနမှ ဝန်ထမ်းများသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပိုးကူးခံရသည့် ဟိုတယ် ဝန်ထမ်းများတွင် အသက် ၄၀ ခန့်တဦး ပါဝင်ပြီး ကျန်သူများမှာ အသက် ၃၀ အောက် အမျိုးသမီး များသာ ဖြစ်သည်ဟု သိရသည်။
ဟေမမာလာတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင်ကလည်း “မာဆတ်က ဟုတ်၊ မဟုတ်တော့ အတိအကျ မသိပါ ဘူး။ ပိုးတွေ့တာတော့ မှန်ပါတယ်။ အရင်ကတော့ ဒီဟိုတယ်မှာ ဝန်ထမ်းအင်အား ၁၅၀ နဲ့ ၂၀၀ ကြား ရှိတယ်။ တချို့ ပြန် ကုန်ကြတာ။ ကျနော်သိသလောက်တော့ ဆေးစစ်ဖို့ ၂၀၊ ၂၅ ယောက်လောက် ကျန်သေးတယ်လို့ သိရတယ်”ဟု ဆိုသည်။
စက်တင်ဘာ ၂၀ ရက်က ထိုဟိုတယ်မှ ပိုးကူးစက်ခံရသူ အမျိုးသမီး ၄ ဦးသည် နေမကောင်းသဖြင့် ဆေးစစ်ရာမှ ကိုဗစ်ပိုး တွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက်တွင် ကြေညာခဲ့သည်။
ထိုမှတဆင့် ဝန်ထမ်းများကို အသွားအလာ ကန့်သတ်ထားရှိပြီး ဝန်ထမ်းတချို့ကို ဆေးစစ်ခဲ့ရာမှ ယနေ့(စက်တင်ဘာလ ၂၃ ရက်)တွင် Hotel Mandalay မှ ဝန်ထမ်း ၁၈ ဦး၌ ပိုးတွေ့ကြောင်း သိရှိခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်းရှိ ၂၄ မြို့နယ်အနက် မဟာအောင်မြေ မြို့နယ်သည်လည်း ကိုဗစ်လူနာ အများအပြားတွေ့ရှိသည့် မြို့နယ် တခု ဖြစ်လာပြီး စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြု လူနာ စုစုပေါင်း ၃၇ ဦး ရှိပြီဟု မဟာအောင်မြေ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဒင်က ဆိုသည်။
မန္တလေးတိုင်းရှိ ကိုဗစ်ကာလအတွင်း ယာယီ ပိတ်ခိုင်းထားသည် ဟိုတယ်များကို ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်း ချက်နှင့် အညီ ပြန်လည်ဖွင့်ခွင့်ပြုခဲ့သည့် ဟိုတယ်များအနက် Hotel Mandalay လည်း ပါဝင်ပြီး ပိုးတွေ့ လူနာတွေ့ရှိစဉ်က ဟိုတယ်တွင် တည်းခိုသူ အနည်းငယ် ရှိသည်ဟု သိရသည်။
မန္တလေးတိုင်းတွင် စက်တင်ဘာ၂၀ ရက်အထိ ကိုဗစ်အတည်ပြု လူနာ စုစုပေါင်း ၁၅၅ ဦး ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ တဦးသာရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
နေပြည်တော်ကို ပိတ်ဆို့ထားသော်လည်း ပိုးတွေ့ လူနာများ ဆက်တိုးနေ
သင်္ဃန်းကျွန်း ထပ်တိုး ကိုဗစ်လူနာ ၇၂ ဦးမှာ Music Zone က ဖြစ်