နေပြည်တော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မဲဆွယ်စည်းရုံးရေး ယာဉ်တန်းပေါ် ပါသူများနှင့် အနီရောင် တီရှပ် ဝတ်ဆင်ထားသည့် လူငယ်တချို့ ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဖက် သက်သေများကို စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် ရဲစခန်းက သိရသည်။
စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာတော်ဘူတာအနီး သံလွင်လမ်းမကြီးပေါ်တွင် ဖြစ် ပွားခဲ့သည့် အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကြောင့် နှစ်ဖက်စလုံး ဒဏ်ရာသူများလည်း ရှိခဲ့ပြီး အပြန်အလှန် အမှုဖွင့်ထားခြင်း လည်း ဖြစ်သည်။
ကျည်တောင်ကန် စခန်းမှူး ရဲအုပ် သန်းဝေက “လက်ရှိကတော့ စစ်ဆေးနေဆဲပဲ။ နှစ်ဖက်သက်သေ စစ်ဆေးနေဆဲပါ” ဟု ဧရာဝတီသို့ ပြောသည်။
အမှုနှင့် ပတ်သက်၍ သစ်ယာကုန်း ကျေးရွာမှ ခိုက်ရန် ဖြစ်ပွားရာတွင် ပါဝင်သည် လူငယ် ၄ ဦးကို စစ်ဆေးခဲ့ပြီး ဓာတ်ပုံနှင့် ရုပ်သံဖိုင် ရိုက်ကူးထားမှုများတွင် တွေ့ရသည်ဟု ဆိုသော နောက်ထပ် ကျေးရွာသား ၈ ဦးခန့်ကိုလည်း စက်တင်ဘာ ၂၁ ရက် ညက ရဲစခန်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ရန်ပွဲတွင် ပါဝင်ခဲ့သည့် လူငယ် ၁ ဦး၏ ဦးလေးတော်စပ်သူ ကိုဝင်းဇော်က ပြောသည်။
သစ်ယာကုန်း ကျေးရွာသားလည်း ဖြစ်သူ ကိုဝင်းဇော်က “သူတို့ လွှတ်တော် ကိုယ်စားလှယ် တယောက်လုံး ပါရဲ့သားနဲ့ တောင် ဒီကလေးတွေကို ဝိုင်းပြီးတော့ လုပ်ရမလားဆိုတဲ့ အပေါ်မှာ မခံနိုင်တာ။ အမှန်တရား ပေါ်ပေါက်တဲ့အထိ ဆက် လက် ဆောင်ရွက်မယ်” ဟု ပြောဆိုသည်။
ယနေ့တွင်လည်း ၎င်းတို့ရရှိထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုဖိုင် သက်သေ အထောက်အထားများကို VCD ကူး၍ ရဲစခန်းသို့ ထပ်မံ အပ်နှံခဲ့သည်ဟု ၎င်းက ဆိုသည်။
ကြံ့ခိုင်ရေး ပါတီဘက်ကလည်း သက်သေ အထောက်အထား အပြည့်အစုံနှင့် လိုအပ်သည့် ဗီဒီယိုဖိုင်များ တင်ပြထားသည့် အပြင် ယင်းနေ့က ပါဝင်ခဲ့သည့် သက်သေ ၁၆ ဦး အထိ ရဲစခန်းက စစ်ဆေးမေးမြန်းထားပြီး ဖြစ်သည်ဟု တရားလိုပြု အမှု ဖွင့်ထားသူ USDP ပါတီ ပုဗ္ဗသီရိမြို့နယ် ဥက္ကဋ္ဌ ဦးမြင့်ကြိုင်က ပြောသည်။
၎င်းက “အမြန်ဆုံး အမှုမှန်ပေါ်ပေါက်စေချင်တယ်။ အမြန်ဆုံး ဒီတရားခံတွေကိုလည်း ဖမ်းဖို့လိုပါတယ်။ ကျနော်တို့ဆီက ထိခိုက်ဆုံးရှုံးမှုတွေ အများကြီး ရှိတယ်။ ဒီဖြစ်စဉ်ကလည်း ကျနော်တို့ဘက်က စဖြစ်ခဲ့တာ မဟုတ်ဘူးဆိုတာ သက်သေ တွေ အများကြီး ရှိတယ်” ဟုပြောသည်။
ယင်းဖြစ်စဉ်တွင် ကြံ့ခိုင်ရေး ပါတီဘက်မှ ဒဏ်ရာရရှိခဲ့သည့် ၃ ဦးအနက်မှ ၁၈ နှစ်အရွယ် ပါတီလူငယ် ၁ ဦးမှာ ဝမ်းဗိုက်ကို လေးခွမှန် ဒဏ်ရာမှာ ပြန်လည် နာလာသဖြင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ဆေးရုံကြီးသို့ စက်တင်ဘာ ၂၁ ရက်က တက်ရောက်ကာ ဆေးကုသမှု ပြန်လည် ခံယူနေရသည်ဟု သိရသည်။
ယင်းနေ့က ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကြံ့ခိုင်ရေးပါတီဘက်မှ လူ ၃ ဦးနှင့် လူငယ်အဖွဲ့ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နှစ်ဖက်ပြောဆိုချက်များအရ သိရသည်။
ကြံခိုင်ရေးပါတီ စည်းရုံးရေး ယာဉ်တန်း မောင်းနှင်လာစဉ် ယာဉ်ပေါ်လာသူ တချို့က ကျွဲကျောင်းပြန်လာသည့် လူငယ် ၄ ယောက်အုပ်စုကို လက်ပြသောကြောင့် လူငယ်များက လက်ပြန်ပြစဉ် ယာဉ်တန်းနှင့် အတူ ပါလာသည့် ဆိုင်ကယ်တချို့ က ရပ်တန့်၍ ယင်းလူငယ်များကို ဆဲဆိုပြဿနာ ရှာရာမှ ပြဿနာ စတင်ခြင်း ဖြစ်ကြောင်း ရိုက်နှက်ခံရသူ လူငယ်တဦး၏ ဦးလေးဖြစ်သူ ကိုဝင်းဇော်က ရှင်းပြထားသည်။
စည်းရုံးရေး ယာဉ်တန်းဘက်မှ တရားလိုလုပ် အမှုဖွင့်ခဲ့သူ ပုဗ္ဗသီရိမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ကြိုင်ကမူ ပလက် ဖောင်းတွင် လမ်းလျှောက်လာသည့် ယင်းလူငယ်များက ယာဉ်တန်းကို လေးခွနှင့်ပစ်သောကြောင့် မည့်သည့်အတွက် ထို သို့ လေးခွနှင့်ပစ်ကြောင်း ယာဉ်တန်း ရပ်တန့်မေးမြန်းနေစဉ် လူ ၂ ဦး ရောက်လာပြီး ပါတီဝင်များကို တုတ်နှင့် ဝင်ရိုက်ရာ မှ ခိုက်ရန် ဖြစ်ပွားမှု စတင်သည် ဟုဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမြင့်ကြိုင်က တရားလိုပြုကာ အမှုဖွင့်ခဲ့ပြီး ကျည်တောင်ကန်ရဲစခန်းမှ (ပ)၁၀၀/၂၀၂၀ ပုဒ်မ ၂၉၄ (ဆဲဆိုမှု)၊ ပုဒ်မ ၃၂၅ (နာကျင်စေမှု)၊ ပုဒ်မ ၃၃၆ (လေးခွဖြင့် ဒဏ်ရာရစေမှု)၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု) စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။
သစ်ယာကုန်း ကျေးရွာဘက်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရပ်/ကျေးဥက္ကဌ ဦးကျော်ဝင်းက တရားလိုပြုကာ အမှု ဖွင့်ခဲ့ပြီး ကျဉ်တောင်ကန်ရဲစခန်းမှ (ပ) ၁၀၁/၂၀၂၀ ပုဒ်မ ၂၉၄ (ဆဲဆိုမှု)၊ ပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ ပုဒ်မ ၅၀၆ (ခြိမ်း ခြောက်ကြိမ်းမောင်းမှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု) စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။
အဆိုပါ ဖြစ်ရပ်မှာ လူမှုကွန်ရက်ပေါ်တွင်လည်း ပျံ့နှံ့လျက်ရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကို ထောက်ခံ သူများနှင့် USDP တို့ကို ထောက်ခံသူများကြား ၂ ဖက်စလုံးက အပြန်အလှန် စွပ်စွဲ ပြစ်တင် ရေးသားမှုများလည်း ရှိနေ သည်။
ပြီးခဲ့သည် စက်တင်ဘာ ၁၁ ရက်ကလည်း နေပြည်တော် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာ တွင်လည်း မဲဆွယ်လှုပ်ရှားမှုများ စတင်ချိန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို နေအိမ်တွင် မစိုက်ထူရန် ဟန့်တားခံရခြင်းနှင့် ဖျက်စီးခံရခြင်း ဖြစ်စဉ်တချို့ ရှိခဲ့ရာ NLD ပါတီမြို့နယ် ဥက္ကဋ္ဌ က တရားလိုပြုလုပ်ကာ ရွေးကောက်ပွဲ ဥပဒေဖြင့် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ သည်။
လက်ရှိတွင် ယင်းအမှုနှင့် ပတ်သက်ပြီး ဆိုင်းဘုတ် ဖျက်ဆီးခဲ့သူ လူငယ် ၁ ဦးနှင့် ဆိုင်းဘုတ် မစိုက်ထူရန် ဟန့်တားခဲ့သူ ၃ ဦးကို ဥပဒေအကြံပေး တောင်းခံ၍ တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း ရေဆင်းနယ်မြေ ရဲစခန်းက သိရသည်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ဒေသခံပြည်သူများ အပြင် ဝန်ကြီးဌာနဝန်ထမ်းများ၊ တပ်မတော်သားနှင့်မိသားစုများ အများစုနေထိုင်ကြပြီး လူဦးရေ ၁၀ သိန်းကျော်ရှိသည့်အနက် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်၏ သြဂုတ်လ အတွင်း စာရင်းများအရ မဲပေးနိုင်သူဦးရေ ၈ သိန်း ၆ သောင်းခန့် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၌ ပါတီအသီးသီးနှင့် တသီး ပုဂ္ဂလ ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ NLD က ပြည်သူ့လွှတ်တော် ၇ နေရာနှင့် အမျိုးသား လွှတ်တော် ၂ နေရာ၊ USDP က ပြည်သူ့လွှတ်တော် ၁ နေရာ အနိုင်ရခဲ့သည်။
You may also like these stories:
နိုင်ငံရေးပါတီအချို့၏ မဲဆွယ်မိန့်ခွန်းရုပ်သံ ဆင်ဆာဖြတ်တောက်ခံရ
ရခိုင်တွင် ကြိုတင်မဲပေးရန် ၈၀၀၀၀ ကျော် စာရင်းပေးထား
ရွေးကောက်ပွဲ လျှို့ဝှက်ညွှန်ကြားစာများမှာ အတုများသာဖြစ်ဟု တပ်မတော်ပြော