ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရွာမ ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ ထံတွင် COVID-19 ရောဂါပိုး ကူးစက်မှု တွေ့ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံက သိရသည်။
စာသင်တိုက်အတွင်း ပိုးတွေ့ရှိမှုအနေဖြင့် ယနေ့မနက်ပိုင်းတွင် သံဃာတော် ၆၃ ပါးနှင့် ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့က ၁၂ ပါး ဖြစ်ပြီး မှော်ဘီမြို့နယ်ရှိ တပ်မတော် ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်းတွင် ထားရှိ ကုသ နေကြောင်း သိရသည်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ပိုးတွေ့ရှိတာ မှန်ကန်ပါတယ်၊ မှော်ဘီမှာ ကုသပေးလျှက်ရှိပါတယ်”ဟု အတည်ပြုပြောကြားသည်။
ရွာမ ပရိယတ္တိ စာသင်တိုက်အနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးအတွက် စာသင်၊ စာချလုပ်ငန်းများအား ရပ်ဆိုင်းထားပြီး ကျောင်းကိုလည်း အဝင်၊ အထွက်များ ပိတ်ပင် ထားကြောင်း၊ ရောဂါပိုးတွေ့ရှိမှုသတင်းနှင့် ပတ်သက်ပြီး တပ်မတော်ကသာ အတည်ပြုမည်ဖြစ်ကြောင်း စာသင်တိုက်မှ တာဝန်ရှိသည့် စာချဆရာတော် တပါးက ဧရာဝတီသို့ မိန့်ကြားသည်။
၎င်းဆရာတော်က “ ဒီရာသီက တုပ်ကွေးရာသီဆိုတော့၊ တုပ်ကွေးနဲ့ ဒီပိုး(ကိုဗစ်-၁၉)တခုခုပေါ့၊ တပ်မတော်က မထုတ်ပြန်ပေးသေးဘူး၊ ဒီအထဲမှာ ဖျားတာနာတာ နည်းနည်းပါးပါးရှိတာပေါ့၊ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ တပ်မတော်ကို စစ်ဆေးပေးဖို့ အကူအညီတောင်းလိုက်တယ်၊ သူတို့လာလုပ်ပေးတယ်။ တုပ်ကွေးလား၊ ဒီပိုးလား ဆိုတာတော့ တိတိကျကျ မသိသေးဘူး”ဟု မိန့်သည်။
ရွာမ ပရိယတ္တိစာသင်းတိုက်အတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှင့် ပတ်သက်ပြီး အင်းစိန်မြို့နယ် အတွင်းရှိ တာဝန်ရှိ သူများဖြစ်သည့် အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များက မသိရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက် အကြောင်းကြားလာသည့် စာရင်းများတွင် စာသင်တိုက်မှ မပါဝင်ကြောင်း ပြောကြသည်။
“ ဒီမနက်ပိုးတွေ့စာရင်းမှာ ဆေးရုံဘက်က အကြောင်းကြားလာတာတော့ စာသင်တိုက် ကမပါဘူး၊ မနက်က အဲဒီ ဘက် ပတ်ကြည့်တာတော့ ကျောင်းကို တံခါးတွေ ပိတ် ထားတယ်၊ အဝင်၊ အထွက်မခံတာတွေ့ရတယ်” ဟု အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။
အင်းစိန်မြို့နယ် အတွင်း ယနေ့မနက်တွေ့ရှိသည့် အတည်ပြု လူနာများအနေဖြင့် ကျန်းမာရေးဌာနဘက်က အကြောင်း ကြားလာမှုတွင် ၃ ဦး(သို့) ၄ ဦးခန့်သား ပါဝင်သည်ဟု သိရှိထားကြောင်း အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောသည်။
အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်ကြီးမှာ နှစ်စဉ် စာချ၊ စာသင် သံဃာတော် ရာနှင့်ချီကာ သီတင်းသုံးသည့် စာသင်တိုက်ကြီး တခုဖြစ်ပြီး ဖျက်သိမ်းလိုက်ပြီဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ဗဟိုစာသင် တိုက်ကြီးလည်းဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့မနက် ထုတ်ပြန်ချက်အရ ပိုးတွေ့ လူနာသစ် ၅၃၅ ဦးတွေ့ရှိခဲ့ပြီး ယင်းအထဲတွင် စာသင်တိုက်မှ အတည်ပြု လူနာများ ပါဝင်ခြင်းရှိ၊ မရှိကိုမူ မသိရသေးပေ။
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းအထိ ၇၈၂၇ ဦးရှိပြီဖြစ်ပြီး ယင်းတို့အထဲမှ ပြန်လည်သက်သာကောင်းမွန်လာသူ ၂၀၈၅ ဦးနှင့် သေဆုံးသူ ၁၃၃ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
Stay at Home ကာလ အပြင်ထွက်လျှင် အရေးယူမည်ဆိုသည်မှာ မမှန်ဟု တိုင်းအစိုးရ ထုတ်ပြန်
Hotel Mandalay မှ အမျိုးသမီးဝန်ထမ်း ၂၃ ဦး ကိုဗစ်ပိုးကူးစက်ခံရ
ဧရာဝတီတိုင်း ခရိုင် ၆ ခု၌ ကိုဗစ်ပိုးတွေ့လူနာများ ထားရှိရန် နေရာများတိုးချဲ့