နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဝန်ကြီးဌာနတခုမှ အရာရှိတဦး၏ ဇနီး နေအိမ်တွင် အသတ်ခံရသည့် အ မှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်သက်သေများကို စုံစမ်းစစ်ဆေးနေကြောင်း ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှ သိရ သည်။
“အမှုနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင် သက်သေတွေကို စစ်ဆေးနေပါတယ်။ ကျန်တဲ့ ရဲလုပ်ငန်းတွေကိုလည်း ဆက်လက် ဆောင်ရွက်နေတယ်။ မြို့နယ်၊ ခရိုင်၊ တိုင်း ရဲတပ်ဖွဲ့ တွေ အပါအဝင် မှုခင်းရဲတပ်ဖွဲ့ နဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ယင်းစခန်းမှ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
နေပြည်တော်ရှိ ဝန်ကြီးဌာနတခုမှ အစိုးရ အရာရှိတဦး၏ ဇနီးမှာ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာရှိ နေအိမ်တွင် စက်တင်ဘာလ ၉ ရက် ညပိုင်းက အသတ်ခံခဲ့ရခြင်းဖြစ်ပြီး လက်ကိုင်ဖုန်းနှင့် လက်စွပ်၊ ဆွဲကြိုးစသည့် လက်ဝတ်ရတနာ တချို့ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်များအရ စက်တင်ဘာလ ၉ ရက် ည ၇ နာရီခန့်က အရာရှိ ဖြစ်သူ အမျိုးသားမှာ နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့ ၌ သွေးကွက်များတွေ့ရပြီး ဇနီးဖြစ်သူကို မတွေ့ရ၍ လိုက်လံရှာဖွေရာ နေအိမ် အနောက်ဘက်ရှိ ကွန်ကရစ် ရေမြောင်းအတွင်း ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေအိမ်အတွင်းရှိ မီးခံသေတ္တာကိုလည်း သော့တန်းလန်းဖြင့် ပွင့်လျက်သားတွေ့ရပြီး စိန်ချယ် လက်စွပ်နှင့် ကျောက် ပြာ လက်စွပ်အချို့၊ ၂ကျပ်သားခန့်ရှိသော ရွှေဆွဲကြိုးတကုံးနှင့် သေဆုံးသူ ကိုင်ဆောင်သည့် ဆမ်ဆောင်း အမျိုးအစား လက်ကိုင်ဖုန်းတလုံးတို့ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ယင်းမှုခင်း ဖြစ်ပွားပြီးနောက် ညောင်ပင်ကြီးစု ရွာသားအချို့ကို ရဲတပ်ဖွဲ့ က ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးစံမြင့်က“ကျနော်က သွားခေါ်ပေးရတယ်။ စခန်းကို ခေါ်စစ်တာပေါ့။ ရွာသားထဲက ၁၂ ယောက်ထက် မနည်းပေါ့ဗျာ”ဟု ပြောသည်။
မှုခင်း ဖြစ်ပွားရာနေအိမ်တွင် ခင်ပွန်းဖြစ်သူ အရာရှိနှင့် ဇနီးဖြစ်သူတို့ နှစ်ဦးတည်း နေထိုင်ကြခြင်း ဖြစ်ပြီး သေဆုံးသူ၏ ဦးခေါင်း၌ သွေးများတွေ့ရပြီး အနီးတွင်လည်း သွေးများစွန်းပေနေသော အုတ်ခဲကျိုးတခုကို တွေ့ရကြောင်း၊ အနီးရှိ ရေ မြောင်းအတွင်း၌ အရင်းမှ ကွေးနေသည့် ဓားတချောင်းကို တွေ့ရကြောင်း ယင်းအုပ်ချုပ်ရေးမှူးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် အုပ်စုလိုက်ကျူးလွန်သော ဓားပြမှု၊ ရက်စက်သော လူ သတ်မှုစသည့်ဖြင့် ထင်ကြေးပေး ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ရဲတပ်ဖွဲ့က ယနေ့ အချိန်အထိ တစုံတရာ ထုတ် ပြန်ခြင်း မရှိသေးပေ။
သေဆုံးသူအား အခင်းဖြစ်နေအိမ်မှ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် စိုးမိုးသူ နာရေး ကူညီမှု အသင်း၏ ဥက္ကဋ္ဌ ဦးစိုးမိုးသူကလည်း သေဆုံးသူ၏ ဦးခေါင်းတွင် ထုရိုက်ခံထားရသည့် ဒဏ်ရာ၊ နားရွက်ပြတ်ရှ ဒဏ်ရာ၊ ရင်ဘတ်နှင့် နံဘေးတွင် ဓားဒဏ်ရာကဲ့သို့ ထိုးသွင်း ဒဏ်ရာများကို တွေ့ ခဲ့ရကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက“ဓားဒဏ်ရာလည်း တွေ့ရပါတယ်။ ခေါင်းကို အုတ်ခဲနဲ့ ထုထားတဲ့ ပုံစံမျိုးလည်း တွေ့ ခဲ့ရပါတယ်”ဟု ပြောသည်။ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး သေဆုံးသူ၏ ခင်ပွန်းဖြစ်သူက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းတွင် တိုင်ကြားခဲ့ပြီး လူသတ်မှု၊ လုယက်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ /၃၉၂ တို့ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိ သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကလည်း နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟ အိမ်ရာတွင် ကုမ္ပဏီ ပိုင်ရှင် အမျိုးသမီးတဦး နေအိမ်၌ တယောက်တည်း ရှိနေစဉ် အသတ်ခံခဲ့ရပြီး အလောင်းကို မီးရှို့ဖျက်ဆီး၍ နေအိမ်မှ မော်တော်ကားကို ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ရာ ပြစ်မှုကျူးလွန်သူ အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူ အမျိုးသမီး၏ ကုမ္ပဏီတွင် ယာဉ်မောင်းအဖြစ်မှ အလုပ်ထုတ်ခံရသူတဦးဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
You may also like these stories:
နေပြည်တော်ကို ပိတ်ဆို့ထားသော်လည်း ပိုးတွေ့ လူနာများ ဆက်တိုးနေ
ကိုဗစ်ကို ထိန်းချုပ်ဖို့ အင်အားအပြည့်ရှိဟု ရန်ကုန်တာဝန်ရှိသူများပြော
နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ အိမ်တွင် လက်ပစ်ဗုံးတလုံး ထပ်တွေ့