ရန်ကုန်တိုင်းရှိ ကိုကိုးကျွန်းမြို့နယ်မှအပ မြို့နယ်အားလုံး အိမ်တွင်နေထိုင်ရေး (Stay at Home) အမိန့်ကြောင့် သတင်း သမားများ အပြင်ထွက် သတင်းရယူရန် အခက်အခဲရှိနေပြီး ပြည်သူများ သတင်းအချက်အလက်မှန် ရရှိရေးအတွက်ပါ ထိခိုက်နိုင်သဖြင့် ခြွင်းချက်လုပ်ငန်းအဖြစ် ခွင့်ပြုပေးရန် သတင်းမီဒီယာ အသိုင်းအဝိုင်းက တိုက်တွန်းပြောဆိုသည်။
စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီတွင် စတင်အသက်ဝင်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်တွင် လုပ်ငန်းတချို့ကို ခြွင်းချက်အဖြစ် ခွင့်ပြုပေးထားသော်လည်း သတင်းမီဒီယာလုပ်ငန်း ပါဝင်လာခြင်း မရှိသည့်အပေါ် ထိုသို့ တိုက်တွန်း ပြောဆိုခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ တွဲဖက် အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က “ပထမတသုတ်မှာ မပါဘူး။ အခု တသုတ်မှာလည်း မပါဘူးဆိုတော့ နည်းနည်းတော့ ထူးဆန်းတယ်။ ဘာဖြစ်လို့ မီဒီယာလုပ်ငန်းက အရေးမကြီးလဲ။ နိုင်ငံ ပိုင် မီဒီယာကိုပဲ အားကိုးလို့လား” ဟု မေးခွန်းထုတ်သည်။
ဆက်လက်၍ ၎င်းက နိုင်ငံပိုင် မီဒီယာဟူသည် COVID-19 ၊ ရွေးကောက်ပွဲတို့နှင့် ပတ်သက်၍ အစိုးရ၏ သတင်း၊ ထုတ်ပြန် ချက်များလောက်သာ ဖော်ပြခြင်းဖြစ်ပြီး တခြားသူများ၏ အမြင်များ၊ မြေပြင်တွင် ဖြစ်နေသည့် အခက်အခဲများကို ပြန်လည် တင်ပြမှုသည် ပုဂ္ဂလိက မီဒီယာ၊ လွတ်လပ်သည့် မီဒီယာများ၌သာ တွေ့နိုင်ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
“နိုင်ငံပိုင်မီဒီယာရှိပြီ၊ လုံလောက်ပြီလို့ ယူဆရင်တော့ အဲဒီအယူအဆက လွဲမှားနေပါတယ်” ဟု ဦးမြင့်ကျော်က ဆိုသည်။
ခြွင်းချက်လုပ်ငန်းများ အဖြစ် ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှု၊ စက်သုံးဆီ အရောင်းဆိုင်၊ စားသောက်ကုန်နှင့် သား၊ ငါး အအေးခန်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ၊ ရေသန့် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး၊ နေ့စဉ် တကိုယ်ရည်သုံး ပစ္စည်း ထုတ်လုပ်သည့် စက်ရုံလုပ်ငန်းများကို ကနဦး ခွင့်ပြုပေးထားသည်။
ထို့နောက် လေကြောင်း အပါအဝင် လေကြောင်းဝန်ဆောင်မှု လုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေးနှင့် အကောက်ခွန် လုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် နိုင်ငံတကာမှ ကုန်တင်သင်္ဘောများ အတွက် ဝန်ဆောင်မှု နှင့် ဆက်စပ်လုပ်ငန်းများ၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို ထပ်မံဖြည့်စွက် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ Stay at Home အမိန့် ညွှန်ကြားချက်အား တိတိကျကျ လိုက်နာရန်နှင့် မလိုက်နာပါက ယနေ့ (စက်တင်ဘာ ၂၄ ရက်) မှ စတင်ကာ စစ်ဆေးမေးမြန်းမှုများ၊ ဥပဒေအရ အရေးယူ ဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်း သိ ရသည်။
“ခြွင်းချက်ထဲမှာ သတင်းမီဒီယာ သမားတွေကို ထည့်ပေးသင့်တယ်။ အထူးသဖြင့် ရုပ်သံနဲ့ဓာတ်ပုံ သတင်းထောက်တွေ အ တွက် သတင်းဖြစ်ပွားရာ မြေပြင်အခြေအနေအထိ ကွင်းဆင်း ရိုက်ကူးခွင့်ရမှ အဆင်ပြေမယ်။ သတင်းတွေကို အမှန်ကန် ဆုံး ဖော်ပြပေးနိုင်မယ်။ ရုပ်သံသတင်းသမားတွေအဖို့ အွန်လိုင်းက တဆင့် အလုပ်လုပ်ဖို့ရာမှာ သတင်းရင်းမြစ်တွေရဲ့ အ နေအထား၊ အင်တာနက် ဆက်သွယ်ရေး အခြေအနေတွေအရ ရာနှုန်းပြည့် အလုပ် မလုပ်နိုင်ဘူး” ဟု ရန်ကုန်အခြေစိုက် ရုပ်သံ သတင်းထောက်တဦးက ပြောသည်။
သတင်းသမားများကို လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ သတင်းရယူခွင့်ပေးသင့်ပြီး Stay at Home ၃ ရက်မြောက် အချိန်အထိ သတင်းသမားများ အပြင်သွားလာခြင်းကို တားဆီးတာမျိုး မကြုံရ၊ မကြားရသေးသော် လည်း ဥပဒေအရ တရားဝင် ကင်းလွတ်ခွင့် ပေးခြင်းမျိုး လိုချင်သည်ဟုလည်း ၎င်းက ဆိုသည်။
အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဟိန်းထက်ကလည်း “Lockdown လို အခြေအနေမှာတောင် မီဒီယာလုပ်ငန်းက ရပ်ဆိုင်းဖို့ မဖြစ်သင့်ပါဘူး။ ဘာလို့ဆို ဒီအချိန်မှာ လူတွေအားလုံးက စိုးရိမ်စိတ်တွေနဲ့ အိမ်ထဲနေနေကြပြီး အခြေအနေတွေ ကို နားစွင့်နေကြရတာ။ သတင်းအမှားတွေကြောင့် စိတ်သောကရောက်နေကြချိန်မှာ တိကျတဲ့အခြေအနေတရပ်ကို မကြား မမြင်နိုင်ဘူး ဆိုရင် ပိုဆိုးကုန်ပါလိမ့်မယ်။ ဒါကြောင့် မှန်ကန်တဲ့ သတင်းရရှိဖို့က မီဒီယာသမားတွေ လှုပ်ရှားနေရမှာပါ” ဟု ပြောသည်။
သတင်းသမားများ အနေဖြင့် ကျန်းမာရေးက ထုတ်ပြန်သည့် ကိုဗစ် ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာပြီး သတင်းယူမည်၊ ဂရုစိုက်မည်ဆိုပါက သတင်းသမားများဆီက ကူးစက်နိုင်မှု နည်းမည် ဖြစ်ပြီး နိုင်ငံတကာ၌လည်း ဓာတ်ပုံ၊ ရုပ်သံ သတင်းထောက်များကို တကယ်ဖြစ်နေသည့် ICU လို၊ ဓာတ်ခွဲခန်းလို နေရာမျိုးများကို သတ်မှတ် ဥပဒေနှင့် အညီ လိုက်နာပြီး ဝင်ယူရိုက်ကူးခွင့်ပြုထားသည်ဟု ၎င်းက ဆိုသည်။
လက်ရှိ ထုတ်ပြန်ချက်များအရ အစိုးရအနေဖြင့် သတင်းမီဒီယာလုပ်ငန်းကို နေ့စဉ် မရှိမဖြစ် လုပ်နေရသည့် လုပ်ငန်းဟု သတ်မှတ်မထားသည်မှာ ပေါ်လွင်ထင်ရှားနေပြီး အစိုးရ၏ စဉ်းစားချက်ထဲ၌ပင် မပါဝင်သည့် သဘောမျိုး မြင်တွေ့နေရ သလို မဖြစ်မနေ အပြင်ထွက် သတင်းယူရသည့် အခြေအနေမျိုး၌လည်း တရားဝင် ခွင့်ပြုထားခြင်း မရှိသောကြောင့် အရေးယူခံရမည့် အခြေ အနေမျိုးလည်း ဖြစ်နေသည်ဟု သုံးသပ်မှုများလည်း ရှိသည်။
“ဒီလိုအနေအထားမျိုးမှာ လုပ်ရတာ နောက်ကျော မလုံဘူး။ ဥပဒေနဲ့ မညီဘူး ဆိုတဲ့ဟာမျိုးလည်း ပြောခံရနိုင်တယ်။ တစုံ တရာဖြစ်ရင်လည်း ကိုယ့်မှာ ဥပဒေ အကာအကွယ် မရှိတဲ့သဘော ဖြစ်နေတယ်။ မီဒီယာသမားတွေလည်း တနေ့လုံး ထွက်နေကြ၊ သွားနေကြမှာမှ မဟုတ်တာ။ သို့သော် ဒီလုပ်ငန်းက လိုအပ်ရင်တော့ ထွက်ခွင့်ရှိတယ် ဆိုတဲ့ဟာမျိုး ဥပဒေ အရကို ခွင့်ပြုထားတာမျိုး ဖြစ်သင့်တယ်” ဟု ဦးမြင့်ကျော်က ပြောသည်။
ထို့ကြောင့် ကိုဗစ်ကာလ၊ Stya at Home ကာလအတွင်း အစိုးရအနေဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ညှိနှိုင်း ပြီး သတင်းရယူရေးနှင့် ပတ်သက်သည့် သီးခြားလမ်းညွှန်ချက်များ ထုတ်ပြန်ပေးသင့်ကြောင်း သတင်းသမားက တိုက်တွန်း လျက်ရှိသည်။
လက်ရှိ ရန်ကုန်တိုင်းရှိ မြို့နယ်အားလုံး Stay at Home သတ်မှတ်လိုက်သည့်အခါ ပုံနှိပ်သတင်းစာများ အနေဖြင့် ပုံနှိပ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများ မလုပ်ဆောင်နိုင်တော့သည့်အတွက် အချို့ သတင်းစာ လုပ်ငန်းများ ယာယီ ရပ်နားလိုက်ရပြီ ဖြစ်သည်။
ပုဂ္ဂလိက သတင်းစာများဖြစ်သည့် စံတော်ချိန်၊ The Voice Daily သတင်းစာ၊ မြန်မာတိုင်း(မ်) သတင်းစာ၊ 7Day News ဂျာနယ်နှင့် သတင်းစာ၊ Frontier Myanmar မဂ္ဂဇင်းများ ခေတ္တ ရပ်နားထားကြပြီး ပြန်လည် ထွက်ရှိမည့်ရက်ကို ကြိုတင် အသိပေးမည်ဖြစ်ကြောင်း၊ သတင်းများကိုမူ သက်ဆိုင်ရာ ေ့ဖစ်ဘွတ်ခ်စာမျက်နှာ၊ ဝက်ဘ်ဆိုက်များ၌ ပုံမှန်တင်ဆက် သွားမည် ဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကလည်း ကိုဗစ်ကာလနှင့် ရွေးကောက်ပွဲ စည်းရုံးရေး ကာလများတွင် ပြည်သူများထံ သတင်းမှန်များ ပုံမှန် စီးဆင်းစေရေးအတွက် ခြွင်းချက် ခွင့်ပြုလုပ်ငန်းထဲတွင် သတင်းမီဒီယာလုပ်ငန်းကို ထည့်သွင်းသတ် မှတ်ပေးနိုင်ရန် ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနများသို့ တင်ပြတောင်းဆိုထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၇,၈၂၇ ဦး၊ သေဆုံးလူနာ ၁၃၃ ဦး ရှိပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သည် ၄,၇၃၁ (စက်တင်ဘာ ၂၃ ရက်၊ နံနက် ၇ နာရီထိ) ဦး ဖြင့် အများဆုံး ဖြစ်နေသည်။
You may also like these stories:
သတင်းသမား ၄ ဦးတွင် ကိုဗစ် ရောဂါပိုး တွေ့ ရှိ၊ ၇၀ ကျော် စောင့်ကြည့်ခံနေရ
သမ္မတအိမ်တော်တွင် သတင်းယူခဲ့သူ အမျိုးသမီး သတင်းထောက်တဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ ရှိ