Stay at Home ကြေညာခံထားရသည့် ရန်ကုန်တိုင်းဒေသကြီးမှ လူမှုဖူလုံရေးကြေး ပေးဆောင်ထားသည့် လုပ်သား များအားလုံးကို လစာ၏ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးမည်ဟု အလုပ်သမား၊ လူမှုဖူလုံရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနက ယနေ့ညနေပိုင်းတွင် သတင်း ထုတ်ပြန်လိုက်သည်။
အစိုးရ ထုတ်ပြန်ကြေညာထားသည့် Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ အနေဖြင့် ဇွန်လအထိ လူမှုဖူလုံရေး အာမခံကြေး ပေးသွင်းထားပြီး စက်တင်ဘာလ ၂၃ ရက်နေ့အထိ အလုပ် လုပ်ကိုင်ဆဲ ဖြစ်ပါက အဆိုပါ ခံစားခွင့်ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။
အလုပ်သမား၊ လူမှုဖူလုံရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က “ကိုဗစ်က ရန်ကုန်မှာ အသည်းအသန်ဖြစ်လာတော့ ဒါကို အဓိက အလေးထားချင်တယ်၊ ဒီကာလမှာ စီးပွားရေးတွေက လည်နေတယ် အခု ရပ်သွားတယ်ဆိုရင် ဘာပဲပြောပြော စီးပွားရေး အတွက် အခိုက်အတန့် ဖြစ်သွားတာပေါ့။ ရန်ကုန်မှာက အရေးကြီးနေတာ ကိုး။ စီးပွားရေးနဲ့ ကျန်းမာရေးကို မျှပြီးသွားရမယ် ဆိုတာကို သဘောပေါက်တာပေါ့။ အရင်ကတော့ အဲဒီလို သွားတာ။ အခု ကတော့ သိတဲ့ အတိုင်းပဲ Positive လူနာတွေက များလာတာလေ။ အဲဒီလိုလုပ်မှ ရမယ့် အနေအထား ဖြစ်လာတာပေါ့” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “လူမှုဖူလုံရေး အကျုံးဝင်တဲ့ အလုပ်သမားတွေကိုတော့ ၄၀ ရာခိုင်နှုန်းလောက် ပေးမယ် ဆိုပြီးတော့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာကို ပြောလိုက်ပြီ။ လူမှုဖူလုံရေးကြေး အကျုံးမဝင်တဲ့လူတွေ အတွက်က နိုင်ငံတော်က ဆောင်ရွက်မယ့် အခြေအနေ၊ အလုပ်ရှင်တွေက ပံ့ပိုးမယ့် အခြေအနေ ဒါတွေကတော့ ဆောင်ရွက်နေဆဲလို့ ပြောလို့ ရတာပေါ့”ဟု ရှင်းပြသည်။
ကိုဗစ်ကူးစက်မှု အရှိန်အဟုန်နှင့် မြင့်တက်လာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တခုလုံး (ကိုကိုးကျွန်း မပါ)အား အိမ်တွင်သာနေရန်(Stay at Home) ညွှန်ကြားချက် တရပ်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ခြွင်းချက် ခွင့်ပြုထားသည့် ငွေကြေးဝန်ဆောင်မှု၊ အစားအသောက်၊ ပြည်သူ့ ဝန်ဆောင်မှုနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများမှအပ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လုပ်ငန်းများ အားလုံးမှာ စက်တင်ဘာလ ၂၁ ရက် နံနက် ၈ နာရီမှ စတင်ပြီး နေအိမ်မှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပါရှိသည်။
ထို့ပြင် CMP စက်ရုံများ အနေဖြင့်လည်း စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ၂ ပတ်တာ ပိတ်ထားရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းကာလအတွင်း အလုပ်ဆင်းနေရသည့် လုပ်ငန်းများမှ အလုပ်သမားများအတွက် လစာအပြည့်ရမည် ဖြစ်သော်လည်း ရပ်နားထားရသည့် လုပ်ငန်းများမှ အလုပ်သမားများအတွက် အစိုးရကထောက်ပံ့မည့် ၄၀ ရာခိုင်နှုန်းကိုသာ ရရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး ကပြောသည်။
“ကလေးတွေကိုတော့ လစာမဲ့ ခွင့်နဲ့ ပေးထားတာပေါ့။ အလုပ်သွားလုပ်ရင် ပိုက်ဆံရမယ် အလုပ်ရှင်ဆီကရမယ်၊ အလုပ်က ပိတ်ထားတယ် အလုပ်ကိုသွားလို့ မရဘူးဆိုရင် လူမှုဖူလုံရေးကနေ ပိုက်ဆံရမယ်။ ၂ မျိုးလုံးကတော့ ပိုက်ဆံရတာချည်းပဲ။ တခုကကျတော့ အလုပ်လုပ်လို့ ပိုက်ဆံရတာပေါ့။ တခုကကျတော့ အိမ်မှာနေတော့ အပြည့်မရဘူးပေါ့” ဟု ၎င်းက ပြော သည်။
မြန်မာနိုင်ငံတွင် အထည်ချုပ် စက်ရုံပေါင်း ၆၀၀ ကျော်ရှိပြီး အထည်ချုပ်လုပ်သား ၆ သိန်းနီးပါး ရှိသည့်အနက် ၈၀ ရာခိုင် နှုန်း အထက်မှာ ရန်ကုန်မြို့တွင် ရှိနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။
မတ်လ၂၃ ရက်မှ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၇,၈၂၇ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၁၃၃ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၂,၀၈၅ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ရန်ကုန်တိုင်း စက်ရုံအလုပ်သမားများတွင် ကိုဗစ်ရောဂါပိုးတွေ့
Stay Home အမိန့်အောက်က ရန်ကုန်
CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို
နိုင်ငံစီးပွားရေး အခြေအနေကြောင့် စက်ရုံ၊ အလုပ်ရုံများ မပိတ်နိုင်