ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ရွာများမှ ဒေသခံ ၃၀၀၀ခန့်မှာ တိုက်ပွဲများအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် အန္တရာယ် ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ဘေးလွတ်ရာ ကျေးရွာအသီးသီးတွင် ဝင်ရောက် ခိုလှုံနေရ ကြောင်း သတင်း ရရှိသည်။
ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့က ရသေ့တောင်မြို့နယ်၊ မေယုမြစ်ကြောင်း ပေါ်တွင် လှည့်လှည် သွားလာ နေသော တပ်မတော် စစ်ရေယာဉ်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည့်အပြင် နယ်မြေရှင်းလင်းရေး တပ်မတော် စစ်ကြောင်းများ ကျေးရွာအတွင်းသို့ လာရောက်လာမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
ထွက်ပြေးနေကြသည့် ရွာများမှာ ဂူတောင်ကျေးရွာ၊ ဦးဂါကျေးရွာ၊ ရွှေလောင်းတင်ကျေးရွာ၊ ကံပြင်ကျေးရွာနှင့် မြင်း ကန်းချောင်း ကျေးရွာတို့ ဖြစ်ပြီး ရေပိုက်ဆုံကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ ရသေ့ တောင် မြို့ပေါ်နှင့်စစ်တွေမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံနေကြကြောင်း အရပ်ဘက် လူမှု အဖွဲ့အစည်းများက ပြောသည်။
ရွှေလောင်းတင်ကျေးရွာမှ ဦးအောင်နိုင်က “ ကျနော်တို့ ရွာသားတွေ ထွက်ပြေးတာက ရွာမှာ လက်နက်ကြီး ကျတဲ့ေ န့ကလည်း ထွက်ပြေးတာရှိတယ်။ မနေ့က ရေတပ်ကနေ လက်နက်ကြီးတွေကလည်း အဆက်မပြတ် ပစ်နေတယ်။ တပ်မတော် စစ်ကြောင်းတွေကို ဂူတောင်ရွာအနီးက မြစ်ကမ်းဘေးနာမှာ ချထားခဲ့တယ်။ ရွာကို ဝင်လာနိုင်တယ်ဆိုပြီး စိုးရိမ်ပြီး အဲဒီမှာ ကမ်းခြေက ရွာသားတွေ အကုန် ထွက်ပြေးကြတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့အရပ်ဖက်အဖွဲ့အစည်းမှ ကိုဘက္ကာက “ထွက်ပြေးရောက်ရှိလာတဲ့ ရွာသားတွေကိုတော့ ကျနော်တို့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ နီးစပ်ရာ ခင်မင်ရင်းနှီးတဲ့ လူတွေကပဲ နိုင်သလောက် သူတို့ စားရေးသောက်ရေးကို ကူညီ ဖြေရှင်းနေရတယ်။ အခက်အခဲကတော့ဗျာ ဒီကာလမှာ အများကြီးပဲ။ တမြို့နဲ့ တမြို့၊ တရွာနဲ့ တရွာ သွားလာ လို့လည်း မရဘူး။ စားသောက်စရာတွေ သယ်ယူဖို့ကလည်း လမ်းပန်း ဆက်သွယ်ရေးက မကောင်းတော့ တော်တော် ဒုက္ခရောက်နေကြရတယ်” ဟု ရှင်းပြသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ယမန်နေ့ ညနေ ၄ နာရီ ဝန်းကျင် က အုပ်ချုပ်ရေး ကိစ္စအတွက် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသည့် တပ်မတော် စစ်ရေယာဉ်ကို အဆိုပါ ရသေ့တောင်မြို့နယ် ထီးစွဲရွာအနီးတွင် ရက္ခိုင့် စစ်တပ် (AA) အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက် သည့်အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြောသည်။
“မနေ့က ရသေ့တောင်မြို့နယ် ထီးစွဲရွာရဲ့တောင်ဘက် မီတာ ၂၀၀၀ လောက်မှာ AA က လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ဆီက စစ်သည် တချို့ ဒဏ်ရာ ရရှိသွား တာရှိတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ဆီကလည်း ပြန်ပစ်ခတ်တာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတင် ကျေးရွာ အတွင်းသို့ လက်နက်ကြီး ကျည် ကျရောက်သည့်အတွက် ရွာသား ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို စက်တင်ဘာ ၈ ရက် ကလည်း မြေပုံမြို့နယ် ညောင်ကန်ကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက် ၅ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် ရွာသား ၅ ဦးသေဆုံးခဲ့ပြီး ၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။
စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၈ နာရီဝန်းကျင်အချိန်ခန့်ကလည်း ကျောက်တော်မြို့နယ်အတွင်းက ဘုရားပေါင်း ကျေးရွာမှာ ရွာလုံးကျွတ် မီးလောင်ကာ ရွာသား ၂ ဦးလည်း သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် သေဆုံးသွားခဲ့ သလို အလားတူ ပစ်ခတ်ခံရမှု ဖြစ်စဉ်များလည်း သြဂုတ်နှင့်် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ်အား Stay at Home နေထိုင်ကြရန် အစိုးရက အမိန့်ထုတ်ထားသော်လည်း လက်နက်ကိုင် ပဋိပက္ခများ ကြောင့် ဒေသခံများမှာ ထွက်ပြေးနေရသလို သေဆုံး၊ ဒဏ်ရာရမှုများလည်း ရှိနေဆဲဖြစ်သည်။
You may also like these stories:
ကျောက်တော်တွင် ရွာသားများကို တပ်မတော် ဖမ်းဆီးထား
ဦးဂါရွာသူအမှု ကျူးလွန်သူ တပ်မတော်သား ၃ ဦးကို စစ်တရားရုံးတွင် စစစ်
ရသေ့တောင်တွင် လက်နက်ကြီးကျ ၁ ဦးသေ ၂ ဦးဒဏ်ရာရ