ရန်ကုန်တိုင်းဒေသကြီး၌ Stay at Home ကာလအတွင်း စားနပ် ရိက္ခာ ၅ မျိုး ထောက်ပံ့မည့် အစီအစဉ်အစား ငွေကြေး ထောက်ပံ့ပေးရန် လုပ်ငန်းရှင်များက အစိုးရသို့ တင်ပြထားကြောင်း စက်တင်ဘာလ ၂၃ ရက်က ပြုလုပ်သော ရာရှင်စနစ် ဖြင့် စားနပ်ရိက္ခာများ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ကိုဗစ် ဒုတိယလှိုင်းသည် ရန်ကုန်တိုင်းတွင် ပိုမိုကြုံတွေ့ ခံစားနေရ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ် သည့် ကန့်သတ်မှုများ ပြုလုပ်လိုက်သောကြောင့် တိုင်းအတွင်းရှိ လူဦးရေ ၇ သန်းခန့်အတွက် အစိုးရက စားနပ်ရိက္ခာ ၅ မျိုးကို ဖြန့်ဖြူးရန် လုပ်ငန်းရှင်များကို ခေါ်ယူ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက “ဒါနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အခါ ကျနော်တို့ အသင်းချုပ်အပါအဝင် ညီနောင်အသင်း လုပ်ငန်းရှင်တွေက တင်ပြတဲ့အချက်က ဒီလိုချက်ချင်း လိုအပ်နေတဲ့အချိန်မှာ ကျနော်တို့ ဒီလောက်များတဲ့ပမာဏ လူဦးရေ လေး၊ ငါးသန်း လောက်ကို ဝေမယ်ဆိုရင် အထုပ်ရေက သန်းနဲ့ ချီပြီး ရှိတယ်။ အဲဒီတော့ အခု သန်းနဲ့ချီပြီး ပေးဖို့ဆိုတာ အခက်အခဲရှိနေ တယ်” ဟု လက်ရှိအခြအနေကို ဧရာဝတီသို့ ပြောသည်။
ထို့ပြင် မြို့နယ်အလိုက် ရိက္ခာများ ဖြန့်ဝေမည်ဆိုလျှင်လည်း ဖြန့်ဖြူးသောသူ၊ ထွက်ယူသောသူများအတွက် လူစုလူဝေး ဖြစ်ကာ ကိုဗစ်ရောဂါကူးစက်နိုင်ခြေ များပြားခြင်း၊ ပြီးခဲ့သည့် သင်္ကြန်ကာလ စားနပ်ရိက္ခာ ဖြန့်ဝေစဉ်ကလည်း ရိက္ခာထုပ် ပိုးသည့် နေရာတွင်ပင် အဆင်မပြေမှုများ များပြားသည့်အတွက် အလွယ်ဆုံးနှင့် အမြန်ဆုံး အဆင်ပြေနိုင်သော နည်းလမ်း အနေဖြင့် ငွေသား ထောက်ပံ့ခြင်းကိုသာ ပြုလုပ်သင့်ကြောင်း တင်ပြခဲ့သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ အစည်းဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒု ဝန်ကြီး ဦးအောင်ထူး၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး၊ UMFCCI ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆားလုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင် အစရှိသည့် လုပ်ငန်းရှင်များက တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဘုရင့်နောင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က “ကျနော့်ဘက်က ပြောရင် ဒီ ၁၄ ရက်အတွက် လူတယောက်ကို ကြက်သွန် နီက ၁၅ ကျပ်သား သတ်မှတ်တယ်။ ကုန်စိမ်းဖြစ်တဲ့အတွက် သန်းနဲ့ချီတဲ့ လူဦးရေကို ဘယ်လိုလုပ်မလဲ။ အဲဒီတော့ စိတ်ကူးယဉ်ဆန်တဲ့ အနေအထား ဖြစ်တယ်။ ဒါကြောင့် ကျနော်ကတော့ ငြင်းတယ်။ ထုပ်ပိုးမှုမှာ အခက်အခဲ ရှိသလို ပို့ ဆောင်ရေးမှာလည်း အခက်အခဲ ရှိတယ်။ အားလုံးက တင်ပြတယ်။ ဒါကြောင့် ငွေကြေးပဲ ထောက်ပံ့ဖို့ အကြံပြုတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလက အစိုးရမှ စားနပ်ရိက္ခာ ထောက်ပံ့စဉ် အိမ်ထောင်စုပေါင်း ၆ သိန်း ၈ သောင်းကျော်အတွက် ကြက်သွန်၊ အာလူး ထုပ်ပိုးပေးရသည်မှာ ထုပ်ပိုးသည့် ရက် ၁၄ ရက်ခန့် ကြာမြင့်ပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း၊ ယခု အစီစဉ်သည် လူဦးရေ ၇ သန်း ဖြစ်သောကြောင့် ပို၍ ခက်ခဲသည့်အပြင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံး နှုန်းမှာလည်း မြင့်တက်နေသဖြင့် ယခုအချိန်တွင်ထွက်၍ ဝေငှရန် မဖြစ်နိုင်ကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းရှိ လူဦးရေ ၇ သန်းစလုံးကို ဝေငှရန် မလိုအပ်ကြောင်း ဦးခင်ဟန်က ထောက်ပြပြောဆိုခဲ့ကြောင်းသိရသည်။
“ဘာလို့လဲဆိုတော့ အခြေခံ လူတန်းစားနဲ့ ဝန်ထမ်းပဲ လိုတယ်။ နဂိုက ပေးတဲ့ အထဲမှာ ဝန်ထမ်း မပါဘူး။ အဲဒီတော့ ဝန် ထမ်း ထပ်ပေါင်းပြီး ပေးလိုက်ပါ။ ကျနော်တို့လို လူတွေအတွက်က မလိုဘူး။ ဒါက ကျနော်တို့အတွက်လည်း အရာ မရောက်တဲ့အပြင် မလိုအပ်ဘူး။ လိုအပ်တဲ့သူပေးဖို့ အကြံပြုခဲ့တယ်” ဟု ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုချောင်သုံး သီးနှံ စိုက်ပျိုး ရောင်းချသူများ အသင်း ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးခင်ဟန်က ပြောသည်။
ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း စားနပ်ရိက္ခာများကို အစိုးရက ထောက်ပံ့ရာတွင် အမှန်တကယ် လိုအပ်သော အခြေခံလူ တန်းစားနှင့် ဝန်ထမ်း မိသားစုများကိုသာ ထောက်ပံ့မှုများ ပြုလုပ်ပြီး ထောက်ပံ့ရာတွင်လည်း ငွေသားကိုသာ ထောက်ပံ့မှုပြု လုပ်သည်က လျှင်မြန်မည် ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
အထက်ပါ ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များက ရန်ကုန်တိုင်းတွင် အခြေခံ စားသောက်ကုန်များ ပြတ်လပ်မည်ကို စိုးရိမ်စရာ မရှိကြောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ လက်လီ၊ လက်ကားဆိုင်များ အနေနှင့်လည်း ရန်ကုန်တိုင်းသာမက တခြား တိုင်း နှင့် ပြည်နယ်များသို့ ရောင်းချရန်ပင် စားသောက်ကုန်များကို ၁ လစာ ပြင်ဆင်ထားကြောင်း၊ အစိုးရက စားနပ်ရိက္ခာ ဖြန့်ဖြူး မည်နှင့် ပတ်သက်ပြီး ယခင် လုပ်ဆောင်စဉ်က ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ တင်ပြခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ပြောသည်။
“အရင်တခေါက် အိမ်ထောင်စု ၆ သိန်းကျော်ကို ဝေတဲ့အခါ အခက်အခဲ ဖြစ်တာတွေ နောက်ပိုင်း ဒီအတိုင်း ပေးလိုက်ရတဲ့ သဘောတွေ ရှိတယ်။ ဒါကြောင့် လူအင်အားတွေ အများကြီး သုံးရမယ်ပေါ့။ ဗဟိုကော်မတီရဲ့ ရာရှင်စနစ် ဆိုတော့ မနေ့ က ဆွေးနွေးတဲ့ အချက်တွေကို ဗဟိုကော်မတီကို တင်ပြထားပါတယ်။ ဗဟိုကော်မတီက ဘာလုပ်ပါဆိုတဲ့ လမ်းညွှန်ချက် အတိုင်းပဲ ဆောင်ရွက်သွားမယ်” ဟု ဦးခင်မောင်လွင်က ပြောသည်။
ရိက္ခာဖြန့်ဝေမည် ဆိုပါကလည်း နိုင်ငံတော် အစိုးရက လက်ရှိတွင် ဆန်နှင့်ဆီ ဝယ်ယူထားခြင်း ရှိသော်လည်း ဆီဖြန့်ဖြူးမှု တွင် ရန်ကုန်တိုင်း တတိုင်းလုံးကို မပေးနိုင်သဖြင့် ထပ်မံ ဝယ်ယူရမည့် အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ လူဦးရေ ၇ သန်းအတွက် ၁၄ ရက်စာ စားနပ်ရိက္ခာ လိုအပ်ချက်မှာ ဆန်တန်ချိန် ၄ သောင်းနှင့် ဆီတန်ချိန် ၃၆၀၀၊ ပဲ တန်ချိန် ၈၀၀၀ ခန့် လိုအပ်မှု ရှိကြောင်း ဦးခင်မောင်လွင်က ပြောသည်။
သို့သော်လက်ရှိ ရိက္ခာဖြန့်ဖြူးမည့် အစီစဉ်နှင့် ပတ်သက်၍ အကောင်းဆုံး လုပ်နိုင်မည့် အချက်များကို လုပ်ငန်းရှင်များနှင့် ဆွေးနွေးပြီး ရလဒ်များကို ဗဟိုကော်မတီသို့ တင်ပြထားကြောင်း ဆိုသည်။
COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ စက်တင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်တိုင်း ဒေသ ကြီးအတွင်းရှိ Stay at Home အစီအစဉ်တွင် ပါဝင်သော မြို့နယ်များရှိ ပြည်သူ ၇ သန်းခန့် နေ့စဉ်စားသောက်ရေးအတွက် Ration စနစ်ဖြင့် အခြေခံ စားသောက်ကုန်များကို အိမ်ထောင်စုအလိုက် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန် လိုအပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။
ယခုကာလတွင် အစိုးရ ပေးနေသော ထောက်ပံ့ကြေးများကို တချို့ကျေးရွာ၊ မြို့နယ်များတွင် ငွေကျပ်၂ သောင်းအပြည့် အဝ မရခြင်း၊ ပေးပြီးသား အိမ်ထောင်စုများ ထပ်မံ ရရှိခြင်းနှင့် ငွေကြေးတတ်နိုင်သည့် မိသားစုများ ရရှိခြင်းများ ရှိနေခြင်း တို့ကြောင့် အစိုးရက ပေးသော်လည်း အငြင်းပွားမှုများ ရှိနေသည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေး၊ လွှတ်တော် ကိုယ် စားလှယ်နှင့် ဒေသခံများထံက သိရသည်။
You may also like these stories:
အစိုးရ ထောက်ပံ့သည့် ငွေကြေးအပေါ် မှန်ကန်စွာ ဆောင်ရွက်ခြင်းမရှိက အရေးယူမည်