ဧရာဝတီတိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် ကူးစက်မြန် COVID – 19 ရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် တိုင်း ဒေသကြီး၊ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ကော်မတီက တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံအားလုံးကို ယနေ့မှစတင်၍ ၁၄ ရက်ကြာ ယာယီပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်စက်မှုဇုန်ရှိ အလုပ်သမား ၇၀၀၀ ကျော်ရှိသည့် ဟီရှန်စက်ရုံနှင့် အလုပ်သမား ၂ ထောင်ခန့်ရှိသည့် ဒေါင်းလောင် အထည်ချုပ်စက်ရုံတို့တွင် စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကူးစက်မြန် COVID – 19 ရောဂါပိုးရှိသူ အလုပ် သမား ၄ ဦး တွေ့ရှိခဲ့သည့်အတွက် ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် တိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက တိုင်းအတွင်းရှိ စက်ရုံအားလုံးကို စက်တင်ဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ ယာယီ ပိတ်သိမ်းခဲ့ဲခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက “ပုသိမ်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေကနေ Positive (ပိုးတွေ့) လူနာတွေ့တဲ့အတွက် ကျနော်တို့ စစ်ဆေးမှုတွေ လုပ်ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့အခါမှာ ရောဂါဆက်လက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၁၀ ရက်နေ့အထိ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ စက်ရုံတွေကို ယာယီ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ စက်ရုံအလုပ်သမားအားလုံးသည်လည်း မိမိတို့နေအိမ်မှာ Stay at Home ကို ၇ ရက် နေထိုင်ရမှာ ဖြစ်ပါ တယ်”ဟု ဧရာဝတီကို ပြောသည်။
ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံများသို့ ဧရာဝတီတိုင်းအစိုးရ၏ ညွှန်ကြားစာရောက်ရှိမှု နောက်ကျသဖြင့် အထည်ချုပ် အလုပ်သမားများ ယနေ့ အလုပ်ဆင်းနေကြပြီး စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ ယာယီ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပုသိမ်စက်မှုဇုန်မှ အထည်ချုပ်စက်ရုံ တာဝန်ရှိသူများက ပြောကြသည်။
ပုသိမ်စက်မှုဇုန်၏ အကြီးဆုံး အထည်ချုပ်စက်ရုံဖြစ်သော Myanmar Knitting စက်ရုံ မန်နေဂျာ ဦးသက်နိုင် က “စက်ရုံ ယာယီပိတ်ဖို့ စာထွက်လာတာက နောက်ကျနေတဲ့အတွက် ဒီနေ့တော့ အလုပ်သမားတွေကို အလုပ် ဆင်းခိုင်း လိုက်ရ ပါတယ်။ မနက်ဖြန်ကစပြီး ပိတ်သွားပါမယ်။ အောက်တိုဘာလ ၈ ရက်နေ့မှ ပြန်ဖွင့်ပါမယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေဖြင့် အလုပ်ပိတ်သည့်ကာလအတွင်း အလုပ်သမားများ လူမှုဖူလုံရေး ထောက်ပံ့ငွေ ခံစားရရှိရန်အတွက် နေပြည်တော်ရှိ လူမှုဖူလုံရေးဌာနချုပ်သို့ စာပေးပို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက“ကိုဗစ်ရောဂါတားဆီးဖို့ အတွက် လူစုလူဝေး မဖြစ်အောင်၊ ရောဂါကူးစက်မှု မဖြစ်အောင်ဆိုပြီး ကျန်းမာရေးလိုအပ်ချက်အရ စက်ရုံတွေ ယာယီ ပိတ်ခိုင်း တာပါ။ အလုပ်ပိတ်တဲ့အတွက် အလုပ်သမားတွေ လူမှုဖူလုံရေးကြေး ရရှိဖို့ကို ဧရာဝတီတိုင်း ဒေသကြီးအစိုးရက နေပြည်တော်မှာရှိတဲ့ လူမှုဖူလုံရေးဌာန ရုံးချုပ်ကို ဆက်လက်တင်ပြ ပေးသွားမယ်လို့ သိရပါတယ်”ဟု ပြောသည်။
ပုသိမ်စက်မှုဇုန်ရှိ ဟီရှန်အထည်ချုပ်စက်ရုံရှိ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးအလုပ်သမားထံတွင် စက်တင်ဘာ ၁၉ ရက်နေ့က ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့တွင် သူနှင့် ထိတွေ့ခဲ့သည့် ဟီရှန် စက်ရုံမှ အမျိုးသမီး အလုပ်သမား ၂ ဦးနှင့် ဒေါင်းလောင်စက်ရုံမှ အမျိုးသမီး အလုပ်သမား ၁ ဦးတို့ထံတွင် ကိုဗစ် ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့ သည်။
လက်ရှိတွင် အဆိုပါ စက်ရုံအလုပ်သမား ၄ ဦးမှာ ပုသိမ်ဆေးရုံကြီးတွင် ကုသမှုခံယူနေဆဲဖြစ်ပြီး ၎င်းတို့နှင့် တိုက်ရိုက် ထိတွေ့ခဲ့သည့် စက်ရုံအလုပ်သမားများအပါအဝင် မိသားစုဝင်များကို ဧရာဝတီတိုင်း ပြည်သူ့ ကျန်းမာရေးဌာနက ပုသိမ် ကွာရန်တင်းစင်တာတွင် ထားရှိ၍ အသွားအလာ ကန့်သတ်ခြင်းနှင့် ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ထား ကြောင်း သိရသည်။
ဧရာဝတီတိုင်းတွင် ပုသိမ်၊ ကန်ကြီးထောင့်နှင့် ဒေးဒရဲမြို့တို့တွင် တရုတ်၊ ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်ဝမ် စသည့် ပြည်ပ နိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် အထည်ချုပ်စက်ရုံ ၁၂ ရုံရှိပြီး ယခင်က အလုပ်သမား ၁၂၀၀၀ ကျော် အလုပ်ဆင်းခဲ့ကြသော်လည်း လက်ရှိ COVID – 19 ကာလတွင် အလုပ်သမား ၆ ထောင်ကျော်သာ အလုပ်ဆင်း လျှက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ စာရင်းများအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အထည်ချုပ် စက်ရုံအားလုံးကို ဧပြီ ၂၁ ရက်နေ့မှ ဧပြီ ၂၅ ရက်အထိ ၅ ရက်ကြာ ယာယီပိတ်သိမ်းခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ COVID – 19 ရောဂါပိုးရှိသူ များပြားလာခဲ့ရာ စက်တင် ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းအထိ စာရင်းအရ ကိုဗစ် အတည်ပြုလူနာ ၁၄၈ ဦးရှိပြီး တိုင်းအတွင်းရှိ မြို့နယ် ၂၆ ခုရှိသည့် အနက် မြို့နယ် ၂၁ ခုတွင် COVID – 19 ရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။
ရောဂါ ဖြစ်ပွားမှုအများဆုံးမှာ ပုသိမ်မြို့နယ်ဖြစ်ပြီး ဖျာပုံနှင့် မအူပင်တို့မှာ ဒုတိယနှင့် တတိယ အများဆုံး ဖြစ်သည်။
ပိုးတွေ့လူနာများအနက် လူနာ ၂၈ ဦးမှာ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းသွားခဲ့ပြီး ကျန်လူနာ ၁၂၀ မှာ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မအူပင်၊ မြောင်းမြခရိုင်ဆေးရုံများနှင့် ဘိုကလေး၊ လပွတ္တာစသည့် မြို့နယ်ဆေးရုံ များတွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း၊ ပြည်သူ့ကျန်းမာရေးဌာနစာရင်းအရ သိရသည်။
You may also like these stories:
လူမှုဖူလုံရေး အကျုံးဝင် အလုပ်သမားများကို လစာ၏ ၄၀ ရာခိုင်နှုန်း အစိုးရ ထောက်ပံ့မည်
ပုသိမ်မြို့အထည်ချုပ်စက်ရုံ၂ ရုံတွင် ကိုဗစ်ပိုးကူးစက်ခံရသည့် အလုပ်သမားများတွေ့ရှိ
ဧရာဝတီတိုင်း ခရိုင် ၆ ခု၌ ကိုဗစ်ပိုးတွေ့လူနာများ ထားရှိရန် နေရာများတိုးချဲ့