ရန်ကုန်မြို့ ၊ မှော်ဘီမြို့နယ်ရှိ တပ်မတော် ဆေးဘက်ပညာသင်ကျောင်းသို့ ရောက်ရှိလာသည့် ကိုဗစ် – ၁၉ အတည်ပြုလူနာ အရပ်သား ၁၅၀ ကို ယနေ့ နံနက် ၁၀ နာရီတွင် ပထမဆုံးအကြိမ် လက်ခံလိုက်ခြင်းဖြင့် ယင်းလူနာများကို တပ်မတော်က စတင်ကုသတော့မည် ဖြစ်ကြောင်း သိရသည်။
ယခင်က တပ်မတော်က တပ်မတော်သားများ၊ မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းများကိုသာ ကုသပေးနေခြင်း ဖြစ်ပြီး အရပ်သားများနှင့် ပတ်သက်၍ Quarantine ဝင်ရောက်လိုသူများကိုသာ နေရာထိုင်ခင်း၊ အစားအသောက်များ ကူညီမှှုများ ပေးခဲ့ခြင်း ဖြစ်သည်။
လူသေဆုံးမှုများ တိုးလာနေပြီး COVID – 19 ရောဂါပိုးရှိသူ လူနာများစွာဖြင့် ဝန်ထုတ်ဝန်ပိုး ဖြစ်နေသည့် အစိုးရကို တပ်
မတော်က အကူအညီ ပေးလိုကြောင်း တပ်မတော် တာဝန်ရှိသူများက ပြီးခဲ့သည့် ရက်ပိုင်းက ဧရာဝတီသို့ ပြောဆိုခဲ့ပြီး နောက် မကြာမီတွင် ယခု အစီအစဉ်များ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
တပ်မတော်မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက“ဒီနေ့ပဲ စပြီးတော့ လူ ၁၅၀ စတင် ဝင်ရောက်လာပြီ ဖြစ်တယ်။ အရပ်သား Positive လူနာတွေ ဖြစ်ပါတယ်။ အဲဒီမှာ လိုအပ်တဲ့ ပါရဂူ၊ ဆေးမှူးတွေ စေလွှတ်ထားတယ်။ ကုန်ကျစရိတ် အားလုံးကို တပ်မတော် က ကုန်ကျခံသွားမှာ ဖြစ်ပါတယ်။ ပိုးတွေ့ အရပ်သား လူနာတွေထားတာ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်”ဟု ပြောသည်။
ယင်းသင်တန်းကျောင်းတွင် အခန်းပေါင်း ၂၇၂ ခန်း အသင့် ပြင်ထားပြီး ထပ်မံ၍ အခန်း ၁၀၀ တိုးချဲ့ နိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း၊ ထို့ပြင် ရန်ကုန်မြို့ အထွက် ရဲမွန်တပ်မြို့ ရှိ သင်တန်းကျောင်းတွင် အခန်း ၂၀၀ ကျော် ပြင်ဆင် ထားပြီး လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးတွင်လည်း အရပ်သား ၁၀၀၀ ကျော် ထားရှိပြီး ကုသနိုင်ရေး ပြင်ဆင် လျက်ရှိ ကြောင်း သိရသည်။
ကျန်းမာရေး စောင့်ရှောက်မှုအတွက် တပ်မတော်တွင် အသုံးပြုလျက်ရှိသည့် Mobile ဓါတ်ခွဲရေးနှင့် Mobile ဓါတ်မှန်ယာဉ် များ ပို့ဆောင်ပေးလျက်ရှိပြီး တနိုင်ငံလုံးရှိ ကိုဗစ် – ၁၉ ကုသမှု ပေးနိုင်သည့် နေရာများတွင် လူ ၁၅ ဦးခန့် ပါသည့် တပ်မ တော် ဆေးအဖွဲ့ များ ပြင်ဆင်ထားကြောင်း သိရသည်။
ကိုဗစ်ပိုး တွေ့ရှိရသည့် လူနာများမှာ နေ့စဉ် တိုးလျက်ရှိပြီး ကိုဗစ်ရောဂါပိုး မရှိတော့၍ ဆေးရုံဆင်းသူနှင့် ဆေးရုံသို့ ထပ်မံ ရောက်ရှိသူ မညီမျှဘဲ ဖြစ်နေချိန် တပ်မတော်ကလည်း ကုသပေးရန် အဆင့်သင့်ရှိနေသဖြင့် ယခုလို ပူးပေါင်း ဆောင်ရွက် ခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင် ကြီးက ပြောသည်။
“အဲဒီမှာ တပ်မတော်ဘက်က သူတို့တွေ အနေနဲ့ ကုသပေးဖို့လည်း အဆင့်သင့် ရှိတယ်။ Quarantine ဝင်ဖို့လည်း ကမ်း လှမ်းတာတွေ ရှိပါတယ်။ ကြားပါတယ်။ အသေးစိတ်တော့ မသိပါဘူး။ သို့သော် သက်ဆိုင်ရာ အစိုးရအနေနဲ့က အကောင်း ဆုံး ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားတယ်လို့ပဲ မြင်ပါတယ်”ဟု ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
ဧရာဝတီ သတင်းဌာနက အရပ်ဘက်နှင့် စစ်ဘက် ပူးပေါင်းဆောင်ရွက်သည့် အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်မြို့ မှ တိုင်းကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ထွန်းမြင့်၊ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်
လည်း ဆက်သွယ်၍ မရခဲ့ပါ။
တပ်မတော်က ယခုအခါ အရပ်သားများအပြင် ကိုဗစ်ရောဂါပိုး တွေ့ရှိထားသည့် ရွာမကျောင်းတိုက်မှ ဆရာတော် ၂၇၅ ပါး ကိုလည်း ယနေ့တွင် အင်းစိန်မြို့ ကျောက်တော်ကြီးဘုရားရှိ မင်းဓမ္မ သာသနာ့ဗိမ္မာန်တွင် ကုသပေးလျက် ရှိကြောင်း သိရသည်။
လက်ရှိ တပ်မတော်တွင်လည်း ကိုဗစ် – ၁၉ အတည်ပြုလူနာ ၇၀ ရှိပြီး ၁၇ ဦးမှာ ပထမ ကိုဗစ်လှိုင်း ထိစဉ်က ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း၊ ကျန်သူများတွင် ၂ ဦး သေဆုံးခဲ့သော်လည်း ကျန်ရှိသူအားလုံးမှာ ကျန်းမာရေး ကောင်းမွန် ကြောင်း သိရ သည်။
“သေဆုံးသူ ၂ ယောက် ရှိတယ်။ အငြိမ်းစား ဆရာမကြီး တယောက်ရယ်၊ ဒုအရာခံ ဗိုလ်တယောက်ရယ်။ ဒုအရာခံဗိုလ်က ကင်ဆာ ရောဂါအခံ ရှိတယ်လို့ သိရတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံးတွင် အစိုးရ၏ Quarantine စင်တာပေါင်း ၃ဝ၄ ခုရှိနေပြီး ရန်ကုန်တွင် ၅၃ ခုရှိရာ မနေ့က အထိ စောင့်ကြည့်ခံရသူ ၅၆၈၁ ဦး ရှိကြောင်း တိုင်းအစိုးရ အဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။
တပ်မတော်ကမူ တနိုင်ငံလုံးတွင် Quarantine စင်တာပေါင်း ၁၆ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၉ ထောင်ခန့် လက်ခံနိုင်သည့် အခြေအနေတွင် ရှိနေသည်။
ယခု စက်တင်ဘာလထဲသို့ အရောက် တကျော့ပြန် ကူးစက်မှု ပြန်လည် မြင့်တက်သည့်အခါ COVID – 19 ကပ်ရောဂါ ကာ ကွယ်ကုသရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေနိုင်ရန် ကုတင် ၅၀၀ ကျော်ဆံ့ ကိုဗစ်ကုသရေးယာယီဆေးရုံတခုကို ဧရာဝတီဖောင်ဒေးရှင်းက ရန်ကုန်မြို့ တွင် တည်ဆောက်ပေးခဲ့သည်။
ယနေ့ ညနေ ၃ နာရီခွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စောင့်ကြည့်လူနာ ၁၁၀၀၀ ကျော်၊ ပိုးတွေ့ ရှိသူ ၈၅၁၅ ဦး၊ သေဆုံးသူ ၁၅၅ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ရန်ကုန် ၄၄ မြို့နယ်၌ ကိုယ်စားလှယ်များထား၍ စားနပ်ရိက္ခာ ဖြန့်ဖြူးပေးမည်
Quarantine Center များတွင် အဆင့်မြင့်ပညာ ကဏ္ဍမှ ဝန်ထမ်းများ ပါဝင်ကူညီနိုင် ဟုဆို
ကိုဗစ်ကြောင့် ဧရာဝတီတိုင်းမှ အထည်ချုပ်စက်ရုံ အားလုံး ယာယီပိတ်မည်