COVID-19 ကူးစက်ရောဂါပိုး တွေ့ရှိထားသည့် အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်ကြီးတွင် ယနေ့နံနက် ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ လူနာသစ် ၂၇၉ ဦးရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သိရသည်။
ယမန်နေ့က စာသင်တိုက်ရှိ သံဃာတော် ၇၅ ပါးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု ထုတ်ပြန်ပြီးနောက် ကျန်သူများကို ထပ်မံစစ်ဆေးရာ သံဃာတော် ၂၇၅ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးတွင် ပိုးရှိကြောင်း ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့တွေ့တဲ့ ဆရာတော်တွေကို မင်းဓမ္မ သာသနာ့ ဗိမ္မာန်မှာဘဲ ကုပေးမယ်။ မနေ့က တွေ့ရှိတဲ့ ၇၅ ပါးကိုတော့ မှော်ဘီ မှာပဲ၊ အဲဒီမှာ ပါရဂူတွေ၊ ဆေးမှူးတွေပါတဲ့ ၁၅ ယောက်အဖွဲ့ ကျနော်တို့ စေလွှတ်ပြီးဖြစ်တယ်။ ဒီနေ့ စတင်ပြီးတော့မှ ကုသနေပြီ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
စာသင်တိုက်အတွင်း ရောဂါလက္ခဏာရှိရသူ သံဃာတော်များအား စစ်ဆေးရာမှ စက်တင်ဘာ ၂၃ ရက်က ၁၂ ပါး၌ ပိုးရှိကြောင်း အတည်ပြုခဲ့ပြီး ထိတွေ့မှုရှိသူများအား စက်တင်ဘာ ၂၄ ရက်တွင် ထပ်မံစစ်ဆေးရာ ၆၃ ပါး ပိုးတွေရှိကြောင်း ယနေ့အထိ ကိုဗစ်ပိုးတွေ့ သံဃာတော် အပါး ၃၅၀ နှင့် လူ ပုဂ္ဂိုလ် ၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
စာသင်တိုက်အတွင်း ပိုးတွေ့ရှိမှုအခြေအနေများနှင့် ပတ်သက်၍လည်း စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ကျောင်း တိုက်ဘက်မှ အတည်ပြု သတင်းထုတ်ပြန်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိ ကြောင်းလည်း ကြေညာခဲ့သည်။
“လောလောဆယ် ကိုယ့်အဆောင်လေးမှာပဲ ကိုယ်နေနေရတာ၊ ကိုယ့်နေရာနဲ့ကို သီးခြားနေခိုင်းထားတာပေါ့။ ကျန်းမာ ရေးဝန်ကြီးဌာနနဲ့ တပ်မတော်က ဆက်ပြီး ဆောင်ရွက်ပေးနေပါတယ်” ဟု စာသင်တိုက်မှ တာဝန်ရှိသူ စာချဆရာတော် တပါးက မိန့်ကြားသည်။
ယနေ့ စစ်ဆေးမှုရလဒ်များ အနေဖြင့် ရွာမစာသင်တိုက်မှ ဆရာတော် အရှင်ဘဒ္ဓမ္မာနန္ဒ(မြင်းခြံ)ကလည်း “ရွာမ စာသင် တိုက်မှာ လောကီအတန်း ပညာသင်ကြားရင်း ဝေယျာဝစ္စကုသိုလ်ယူနေသော ကျောင်းသားလေးများ COVID-19 ရောဂါ ဘေးမှ ကင်းဝေးကြောင်း မိဘများအား သိစေအပ်ပါသည်”ဟုလည်း လူမှုကွန်ရက်စာမျက်နှာက တဆင့် အသိပေး ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရွာမ ပရိယတ္တိ စာသင်တိုက်ကြီးအတွင်း သီတင်းသုံးနေထိုင်သည့် စာချ၊ စာသင် သံဃာတော် ၅၃၂ ပါးရှိပြီး လူ ပုဂ္ဂိုလ် အနေဖြင့် ၅၅ ဦးရှိကြောင်း သိရသည်။
လက်ရှိတွင် အင်းစိန်မြို့နယ်ရှိ ကျောက်တော်ကြီးဘုရားရှိ ၊ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်၌ COVID-19 ရောဂါ စောင့်ကြည့်လူနာ ၁၈၂ ဦး ထားရှိကုသနိုင်မည့် ဆေးရုံအဖြစ် ပြင်ဆင်ထားပြီး စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
ရွာမ ပရိယတ္တိစာသင်တိုက်ကြီးမှ ယနေ့ ရောဂါပိုးတွေ့ရှိမှု အခြေအနေနှင့် ပတ်သက်၍ ယနေ့ ညနေပိုင် ထုတ်ပြန်ရာတွင် စက်တင်ဘာ ၂၄ ရက် စစ်ဆေးချက်အရ ပိုးတွေ့လူနာ ၂၇၉ဦး ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် တပ်မတော်တို့ ပူးပေါင်းကာ ကုသပေးနေကြောင်း၊ မှော်ဘီတွင် ၉ ၁ဦး ကုသပေးမှာဖြစ်ပြီး၊ အင်းစိန်သာသနဗိမာန်တွင် ၁၈၈ပါးကို ကုသ ပေးနေကြောင်း၊ ဆရာတော်ကြီးနှင့် ကျန်သံဃာများမှာ ကျန်းမာစွာ ရှိကြောင်း၊ ပိုးတွေ့သံဃာများလည်း ကျန်းမာရေး ကောင်းမွန်းကြောင်း ထုတ်ပြန်သည်။
You may also like these stories:
ရန်ကုန် ၄၄ မြို့နယ်၌ ကိုယ်စားလှယ်များထား၍ စားနပ်ရိက္ခာ ဖြန့်ဖြူးပေးမည်
Quarantine Center များတွင် အဆင့်မြင့်ပညာ ကဏ္ဍမှ ဝန်ထမ်းများ ပါဝင်ကူညီနိုင် ဟုဆို
အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှ သံဃာအချို့ COVID-19 ပိုး ကူးစက်ခံရ