ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာအုပ်စု ဝါးဆူးရွာတွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့သော ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီ (KNDP)မှ ကိုယ်စားလှယ်လောင်း ၃ ဦးနှင့် ကျေးရွာဒေသခံ ၄၇ ဦးတို့ ဘားအံတက္ကသိုလ်တွင် Quarantine (အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှု) ဝင်နေရကြောင်း သိရသည်။
စက်တင်ဘာ ၁၉ ရက်က ဝါးဆူးရွာတွင် KNDP ပါတီဝင်များသည် ဒေသခံများနှင့် စည်းရုံးဟောပြောပွဲ ပြုလုပ်စဉ် ကိုဗစ်-၁၉ သံသယလူနာ ကော့ဒန်းမယ်ရွာသားတဦး လာရောက် နားထောင်ခဲ့သည်ဆိုကာ ယင်းပွဲ၌ ပါဝင်သူအားလုံး Quarantine ဝင်ရခြင်းဖြစ်ကြောင်း KNDP ပါတီ ကိုယ်စားပြု ဘားအံမြို့နယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းလှယဉ်မေက ဧရာဝတီကို ပြောသည်။
၎င်းနှင့်အတူ ပါတီမှ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦး၊ ကျေးရွာဒေသခံ ၄၇ ဦး စုစု ပေါင်း ၅၀ ဦးတို့အား Quarantine ဝင်ရန် မြို့နယ်ကျန်းမာရေး ဦးစီးမှူးက စက်တင်ဘာ၂၂ ရက်တွင် အကြောင်းကြားခဲ့ ပြီးနောက် စက်တင်ဘာ၂၃ တွင် ဘားအံတက္ကသိုလ် Quarantine စင်တာသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
နန်းလှယဉ်မေက “ဘာဖြစ်လို့လဲ မေးတဲ့အခါ သံသယရှိတဲ့လူနာက ကျမတို့ထဲမှာ လာရောက် နားထောင်တယ်ပေါ့လေ။ ဓာတ်ပုံ ပြန်ကြည့်တော့ အဲဒီလူက ကျမနဲ့ဆို စက်ရုံနောက်ဘက် ထောင့်စွန်းမှာ ဆိုတော့ ပေ ၃၀ လောက် ဝေးပါတယ်။ အဲ ဒီတုန်းက ခုံတွေကို ၆ ၊ ၇ ပေ ခြားပြီး လုပ်ခဲ့တာ။ အဲဒီ သံသယလူနာက ကျမတို့နဲ့ ထိတွေ့ခဲ့တာ မဟုတ်ဘူး။ ရွာသားတွေနဲ့ လည်း ထိတွေ့ခဲ့တာ မဟုတ်ဘူး” ဟု ပြောပြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီက ဘားအံမြို့နယ် ကျန်းမာရေးဦစီးမှူးကို ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် ပြော၍ မရကြောင်းသာ ပြန်လည်ပြောဆိုခဲ့ပြီး ကိုဗစ်-၁၉ သံသယလူနာ ကော့ဒန်းမယ် ကျေးရွာသား၌ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ (Positive) အဖြေ ထွက်ရှိကြောင်းကိုတော့ မြို့နယ် ကိုဗစ်ကော်မတီက အတည်ပြုပေးသည်။
စက်တင်ဘာ ၂၄ ရက်တွင် Quarantine ဝင်နေသည့် ကိုယ်စားလှယ်လောင်း ၃ ဦး၏ အာခေါင်၊ နှာခေါင်းတို့ပတ် ယူပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရောဂါပိုးမရှိ (Negative) အဖြေထွက်သောကြောင့် အိမ်ပြန်ပြီး Home Quarantine နေနိုင်ကြောင်း သိရသည်။
နန်းလှယဉ်မေက “ကျမတို့ အိမ်ပြန်လို့ရပေမယ့် မပြန်သေးပါဘူး။ ရွာသားတွေကိုလည်း အမြန်စစ်ပေးပါ။ သူတို့တွေ အကုန်လုံးစစ်ပြီးမှ ရွာသားတွေနဲ့ အတူတူ ပြန်မယ်။ ကျမတို့ချည်းပဲ ပြန်မယ်ဆို ရွာသားတွေကို လျစ်လျူရှုရာ ကျတယ်။ နောက်ပြီး ဒီခရီးစဉ်သွားလို့ ဒီလိုဖြစ်တယ်ဆိုတော့ ကျမတို့က တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်လေ” ဟု ပြောသည်။
လက်ရှိတွင် Quarantine ဝင်နေသည့် KNDP ပါတီ ကိုယ်စားလှယ်လောင်း ၃ ဦး အပါအဝင် ဒေသခံ ၄၇ ဦးတို့၏ စားသောက်ရေးအတွက် KNDP ပါတီမှ ထောက်ပံ့ပေးထားကြောင်း သိရသည်။
Quarantine ဝင်နေသူ ဝါးဆူးရွာသား ခွန်ဆန်းဝင်းက “ရွာသားတွေအားလုံး ကျန်းမာရေး ကောင်းပါတယ်။ ရောဂါပိုး တယောက် တွေ့တယ်ဆိုပြီး အစည်းဝေးထိုင်သူ အားလုံးကို ခေါ်သွားတာ။ ဘယ်နှရက် နေရမယ်လည်း ဘာမှမပြောဘူး။ ဘာမှလည်း မစစ်သေးဘူး။ စစ်ဆေးလို့ ပိုးမတွေ့လည်း ပြန်ချင်တာပေါ့။ ရွာမှာလည်း လယ်တွေ ဘာတွေ စိုက်ရဦးမယ်” ဟု ပြောပြသည်။
ထိုနေ့က ပြုလုပ်ခဲ့သည့် စည်းရုံးရေး ဟောပြောပွဲတွင် ထိုင်ခုံများကို ၆/၇ ပေ ခြားသကဲ့သို့ တက်ရောက်လာသူများ အနေ ဖြင့်လည်း ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ထားပါသည် ဟုလည်း ၎င်းက ဆိုသည်။
ကိုဗစ်-၁၉ သံသယရှိ လူနာသည် ကော့ဒန်းမယ်ရွာကဖြစ်ပြီး ထိုရွာသို့ တခြားပါတီခုကလည်း စက်တင်ဘာ ၁၁ ရက်က သွားရောက်ကာ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ကျေးရွာသားမှ ပါတီအဖွဲ့ဝင်များကို ဧည့်ခံကျွေးမွေးမှုများ ပြု လုပ်ခဲ့သလို အစည်းအဝေး၌လည်း ခုံသုံးတန်းမြောက်တွင် ထိုင်ခဲ့သည်ဟု သိရှိရကြောင်း နန်းလှယဉ်မေက ပြောသည်။
“ဒါပေမယ့် အဲဒီ သွားခဲ့တဲ့ ပါတီကတော့ ဘာမှမဖြစ်သလိုပဲ။ Quarantine လည်း မဝင်ရဘူး။ ၁၁ ရက်ကနေ ၁၉ ဆိုတော့ တပတ်ပဲ ခြားတယ်လေ။ ကျမတို့ကတော့ Quarantine ဝင်ရတယ်။ စိတ်ပူပါတယ် အဲဒီလူတွေအတွက်လည်း” ဟု ၎င်းက ဆိုသည်။
မဲဆွယ်စည်းရုံးရေး ကာလအတွင်း ယခုလို ဖြစ်သွားသည့်အတွက် ပါတီအပေါ် ပြည်သူလူထုမှ အထင်မြင်လွဲသွားနိုင်သကဲ့ သို့ KNDP ၏ စည်းရုံးရေးပွဲ သွားပါက Quarantine ဝင်ရနိုင်သည်ဟူသော သတင်းစကား ပေးလိုက်သလိုလည်း ဖြစ်သွား နိုင်ရာ ပါတီနှင့် ဝန်းရံသူများကြား အဟန့်အတား ဖြစ်သွားစေနိုင်သည်ဟု KNDP ပါတီ ဗဟို တွဲဖက် အတွင်းရေးမှူး နော် သဇင်တုတ်က မှတ်ချက်ပြုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၃ ရက်၊ နံနက် ၇ နာရီ အချိန်ထိ ထုတ်ပြန်ချက်အရ ကရင်ပြည် နယ်တွင် ပိုးတွေ့လူနာ ဦးရေ ၃၉ ဦး (ဘားအံ ၂၇၊ မြဝတီ ၃ ၊ ကြာအင်းဆိပ်ကြီး ၂၊ ကော့ကရိတ် ၁ ၊ သံတောင်ကြီး ၂၊ လှိုင်း ဘွဲ့ ၃၊ ဖာပွန် ၁) ရှိပြီး စက်တင်ဘာ၂၄ ရက် ညနေ ၆ နာရီခွဲ ထုတ်ပြန်ချက်၌ ကြာအင်းဆိပ်ကြီး ၁၊ ဘားအံ ၁ ဦး ထပ်တိုးလာကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်အတွက် ကျပ် ဘီလီယံ ၁ ထောင်ကျော်သုံးမည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော