အနောက်နိုင်ငံများမှ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံနှင့် အခြားအရှေ့တောင်အာရှ နိုင်ငံများမှ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ (NGOs) တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများမြှင့်တင်ရန်နှင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မြှင့်တင်သည့်ပုံစံဖြင့် တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းများကို ဆန့်ကျင်ရန် အားပေးနေကြောင်း တရုတ်အစိုးရ မီဒီယာက စွပ်စွဲလိုက်သည်။
အရှေ့တောင်အာရှမှ အချို့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs) အနက် အချို့သည် အနောက်နိုင်ငံများမှ ဝါဒဖြန့်ချိမှုတွင် အသုံးချခံများဖြစ်နေပြီး တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်ပါဝင်နေသည်ဟု တရုတ်ကွန်မြူနစ်ပါတီ အာဘော် ပြည်သူ့နေ့စဉ် သတင်းစာက ထုတ်ဝေသည် ဂလိုဘယ်တိုင်းမ် Global Times သတင်းစာက အင်္ဂါနေ့တွင် စွပ်စွဲပြီး ထိုကဲ့သို့သောလုပ်ရပ်များသည် အများပြည်သူအကျိုးဆောင်ရွက်သည့် နယ်ပယ်ထက် ကျော်လွန်နေကြောင်းပြောကြားလိုက်သည်။
အရှေ့တောင်အာရှ နိုင်ငံများအကြားတွင် မြန်မာနိုင်ငံမှ မငြိမ်သက်သော နိုင်ငံရေး အခြေအနေသည် အနောက်နိုင်ငံ NGOs များအတွက် လွန်စွာကောင်းမွန်သည့် အနေအထားကို နှစ်ပေါင်းများစွာ ဖန်တီးပေးခဲ့ကြောင်း ထိုသတင်းစာက ဆိုသည်။ တရုတ်နိုင်ငံအကူအညီဖြင့် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဖြင့် ပြုလုပ်သည့် အခြေခံအဆောက်အအုံ စီမံကိန်းများကို ဝေဖန်သည့် အစီရင်ခံစာများ ထုတ်ပြန်ခြင်းဖြင့် တရုတ်စီမံကိန်းများကို အယုံအကြည်ကင်းမဲ့အောင် လုပ်ဆောင်ရာတွင် NGOs ဝန်ထမ်းများသည် အခန်းကဏ္ဍတခုမှ ပါဝင်နေကြာင်း မြန်မာနိုင်ငံမြို့တော် နေပြည်တော်မှ “ကျောင်” အမည်ရှိ တရုတ်တဦးကို ကိုးကားပြီးနောက် ဂလိုဘယ်တိုင်းသတင်းစာရေးသားသည်။
အနောက်နိုင်ငံများမှ NGOs များသည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပူပန်မှုများကြောင့် တရုတ်နိုင်ငံဦးဆောင်သည့် စီမံကိန်းများကို ဆန့်ကျင်ရန် ဒေသခံပြည်သူများအကြား ဒေါသမီးမွေးပေးခြင်း အပါအဝင် တရုတ်နိုင်ငံကို ဝေဖန်သည့် နည်းမျိုးစုံ အသုံးပြုနေကြောင်း ယူနန်လူမှု သိပ္ပံ အကယ်ဒမီမှ ပါမောက္ခ ကျူရှန်မင် ပြောသည်ဟု ဂလိုဘယ်တိုင်းမ်က ကိုးကားသည်။
လွတ်လပ်ပြီး အကျိုးအမြတ်မယူသည့် အမေရိကန် အဖွဲ့အစည်းတခုဖြစ်သော National Endowment for Democracy (NED) သည် တရုတ်နိုင်ငံ၏ စီမံကိန်းများကို ဆန့်ကျင်ရန် မြန်မာ NGOs များကို ငွေကြေးထောက်ပံ့နေသည်ဟု ထိုသတင်းစာက စွပ်စွဲသည်။
ရခိုင်ပြည်နယ်က ပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးမှု အပါအဝင် ဒီစီမံကိန်းရဲ့ အကျိုးဆက်တွေကို ခံစားနေရလို့ ကျနော်တို့က အစီရင်ခံစာတွေ ထုတ်ပြန်တာဖြစ်တယ်။
ရခိုင်ပြည်နယ်အခြေစိုက် ရွှေဓါတ်ငွေ့လှုပ်ရှားမှု (SGM) သည် NED ၏ ငွေကြေးထောက်ပံ့မှုဖြင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပါအဝင် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများကို တိုက်ခိုက်ရာတွင် အထူးတက်ကြွသည်ဟုလည်း ဂလိုဘယ်တိုင်းမ်က ရေးသားသည်။
ရွှေဓါတ်ငွေ့လှုပ်ရှားမှုသည် ရွှေဓါတ်ငွေ့ စီမံကိန်းနှင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံကိုဖြတ်ကျော်သည့် ပိုက်လိုင်းကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံမှ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုနှင့် ရေနံနှင့်ဓါတ်ငွေ့ကဏ္ဍမှ ရရှိသော ဝင်ငွေများနှင့်ပတ်သက်သည့် ပွင့်လင်းမြင်သာမှုရှိရေး တို့ကို ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်မှ လူမှုအသိုင်းအဝန်းအခြေပြု အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့သည် ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသပြည်သူများ ခံစားရသည့် ဆိုးရွားသော ဒုက္ခများအထူးသဖြင့် မြေယာသိမ်းယူမှု၊ လုပ်အားအမြတ်ထုတ်မှု၊ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးမှုနှင့် သဘာဝပတ်ဝန်းကျင် အဆင့်လျှော့ကျမှုများ နှင့်ပတ်သက်သည့် အစီရင်ခံစာ အများအပြားကို ထုတ်ပြန်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။
ဂလိုဘယ်တိုင်းမ်၏ ဖေါ်ပြမှုများသည် လုံးဝမှားယွင်းကြောင်းနှင့် ၎င်းတို့အဖွဲ့သည် NED ထံမှ ဘဏ္ဍာရေး အကူအညီ မည်သည့်အခါကမျှ မရခဲ့ကြောင်း ရွှေဓါတ်ငွေ့လှုပ်ရှားမှုကို ပူးတွဲတည်ထောင်သူ ဦးဝင်းအောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ရခိုင်ပြည်နယ်က ပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးမှု အပါအဝင် ဒီစီမံကိန်းရဲ့ အကျိုးဆက်တွေကို ခံစားနေရလို့ ကျနော်တို့က အစီရင်ခံစာတွေ ထုတ်ပြန်တာဖြစ်တယ်။
ဒီစီမံကိန်းကနေ ရခိုင်ပြည်သူတွေ ဘာအကျိုးမှ မခံစားရလို့ ကျနော်တို့က ကြားခံပေါင်းကူးအနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်” ဟု သူပြောသည်။
“ရခိုင်ပြည်နယ်တိုးတက်ရေးအတွက် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု အဓိကကျတယ်ဆိုတာကို ကျနော်တို့နားလည်ကြောင်း တရုတ်အစိုးရကိုရော တရုတ်ကော်ပိုရေးရှင်း (နိုင်ငံပိုင် တရုတ်အမျိုးသာ ရေနံကော်ပိုရေးရှင်း – CNPC) ကိုပါပြောချင်ပါတယ်။ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကို ကျနော်တို့ မဆန့်ကျင်ဘူး” ဟုလည်း သူပြောသည်။
“ကျနော်တို့က ရုပ်သေးတွေ မဟုတ်ဘူး။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေအတွက် ရပ်တည်တာဖြစ်တယ်”
တရုတ်နိုင်ငံ၏ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းနှစ်ခုသည် မြန်မာနိုင်ငံတွင်စတင်တည်ဆောက်စဉ်ကပင် အငြင်းပွားစရာဖြစ်နေပြီး ဒေသခံလူမှုအသိုင်းအဝန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၏ ဆန့်ကျင်မှုကို ဖြစ်စေသည်။ ထိုစဉ်က အာဏာရှိ မြန်မာစစ်အစိုးရသည် ထိုပိုက်လိုင်းစီမံကိန်းတွင် အဓိကပိုင်ရှင်ဖြစ်သော CNPC နှင့် သဘောတူစာချုပ်တခုကို ၂၀၀၈ ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့သည်။
ထိုရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းများသည် ဘင်္ဂလားပင်လယ်အော်မှ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ စတင်ကာ မကွေး၊ မန္တလေးတိုင်းများနှင့် ရှမ်းပြည်နယ်ကိုဖြတ်သန်းကာ တရုတ်နိုင်ငံသို့ဝင်ရောက်ပြီး ၇၇၁ ကီလိုမီတာ ရှည်လျားသည်။ ထိုပိုက်လိုင်းများသည် လယ်ယာမြေများနှင့် နေအိမ်များအနီးမှ ဖြတ်သန်းသွားသောကြောင့် ဘေးအန္တရာယ်ဆိုင်ရာ စိုးရိမ်မှုများ ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းတို့မှ ပိုက်လိုင်းဖြတ်သန်းသောနေရာများတွင် ဆန့်ကျင်ကန့်ကွက်မှု အများအပြားဖြစ်ပေါ်ခဲ့သည်။ ထိုဆန့်ကျင်ကန့်ကွက်မှုများအတွင်း မြေနှင့် အသက်မွေးဝမ်းကြောင်းဆုံးရှုံးမှုများအတွက် မျှတသော လျှော်ကြေးကို တောင်းဆိုကြသည်။
NGOs များသည် ၎င်းတို့၏ လုပ်ငန်းသဘောသဘာဝအရ ပြည်ပအကူအညီနှင့် အခြားအလှူရှင်များကို မှီခိုရကြောင်း Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက တရုတ်မီဒီယာ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ဧရာဝတီသို့ပြောသည်။ သို့သော် “ကျနော်တို့က ရုပ်သေးတွေ မဟုတ်ဘူး။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေအတွက် ရပ်တည်တာဖြစ်တယ်”ဟု သူပြောသည်။
မြန်မာနိုင်ငံမှ သဘာဝသယံဇာတ ထုတ်ယူခြင်းနှင့် သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှု အများစုကိုကြည့်လျှင် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော စီမံက်ိန်းများ ကြောင့် အများဆုံးဖြစ်ပြီး အနောက်နိုင်ငံလုပ်ငန်းများက ထိုသို့ပြဿနာများ မဖြစ်စေကြောင်းလည်း သူပြောသည်။
“ဒါကြောင့်မို့ပဲ တရုတ်တွေဟာ ဒေသခံ NGOs တွေရဲ့ ဝေဖန်မှု အများစုကို ခံနေရတာပဲ။ တရုတ်န်ိုင်ငံနဲ့တော့ မဆိုင်ပါဘူး” ဟု သူပြောသည်။
“ကျနော်တို့ရဲ့ NGOs သဘောထားက လူ့အခွင့်အရေးမြှင့်တင်ပြီး ဖိနှိပ်ခံပြည်သူတွေရဲ့အသံကိုနားထောင်ခြင်းဖြင့် အမှန်တရားအတွက် ရပ်တည်ခြင်းဖြစ်တယ်” ဟု သူပြောသည်။
(Nan Lwin ၏ Chinese Media Say Western Groups Paying Myanmar NGOs to Oppose Investment Projects ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရွေးကောက်ပွဲတွင် တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်စေချင်သည့် အကြောင်း
ရွေးကောက်ပွဲမတိုင်မီ တရုတ်နဂါး၏ ခြေလှမ်း
တရုတ်က လိုလားသော်လည်း ကရာတူးမြောင်းစီမံကိန်း အလှမ်းဝေးနေဆဲ
တရုတ်အရေးကျွမ်းကျင်သူ အလိုရှိသည်