မြန်မာနိုင်ငံနှင့် ကပ်လျက်တည်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ရာမူး ပန်းဝါဒေသတွင် ဘင်္ဂလားဒေ့ရှ် စစ် တပ်က စစ်အင်အား ဖြည့်တင်းလျက်ရှိပြီး စစ်လက်နက် ပစ္စည်းများနှင့်အတူ တပ်လှုပ်ရှားမှုများ တွေ့ ရကြောင်း မြန်မာဘက်မှ လုံခြုံရေး သတင်းရင်းမြစ်များက ပြောသည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်၍ မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ် တပ်မ ၁၀ သို့ စစ်အင်အား ဖြည့် တင်းမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၂ ရက်လောက်ကနေ စပြီးတော့ တပ် ၁၀ ကို ၁၅၅ မီလီမီတာ အမြောက်ကြီးတွေ ရယ်၊ နောက်ပြီးတော့ လေ ယာဉ်ပစ် ဒုန်းကျည်တွေ ပခုံးထမ်း ဒုံကျည်တွေ၊ လေယာဉ်ပစ် စက်သေနတ်တွေကို လွန်ခဲ့တဲ့ ၂ ရက်ကစပြီး ပို့နေတယ်။ အင်အားလည်း ထပ်ဖြည့်နေတယ်”ဟု နယ်စပ်ဒေသ လုံခြုံရေး စောင်ကြည့်နေသူတချို့က ပြောသည်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို မေးမြန်းကြည့်ရာ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ နယ်ခြားဒေသ လုံခြုံရေးအတွက် တပ်မတော်က လုံခြုံရေး သတိရှိရှိနှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ့တပ်မတော်ကြားတွင် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံဆောင်ရွက်မှုများကို ထိန်းသိမ်း ဆောင်ရွက် မည် ဖြစ်ကြောင်းလည်း ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် မြန်မာဘက်မှ တပ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက် နေ့က ဒါကာတွင် ရှိသည့် မြန်မာသံအမတ်ကြီးကို ခေါ်ယူပြီး သတိပေး ကန့်ကွက်ခဲ့သလို စက်တင်ဘာလ ၁၅ ရက်နေ့ တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌထံသို့ စာပေးပို့ တိုင်ကြားခဲ့သေးသည်။
ယင်းစာတွင် မြန်မာရေတပ်မှ စစ်သဘောင်္များ၏ လှုပ်ရှားမှုများက နယ်စပ်နှင့် အရမ်းနီးကပ်ခြင်း၊ မြန်မာဘက်မှ ပစ်ခတ်သံ များ ကြားရခြင်းနှင့် ယင်းလှုပ်ရှားမှုများကြောင့် ၎င်းတို့ဘက်သို့ ဒုက္ခသည်များ ထပ်မံ ဝင်ရောက် လာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ရက္ခိုင့် စစ်တပ်(AA)နှင့် ARSA အဖွဲ့တို့သည် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ပိုမိုလှုပ်ရှားလာ သဖြင့် မြန်မာ့တပ်မတော်က ယင်းနယ်စပ်ဒေသ လုံခြုံရေးအတွက် တိုးမြှင့် ကင်းလှည့်ခဲ့သော်လည်း စစ်အင်အား တိုးချဲ့ ခြင်းမျိုး မရှိကြောင်း တပ်မတော်မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောသည်။
“AA ၊ ARSA အနေနဲ့ ဘူးသီးတောင်မောင်တော နယ်စပ်တလျှောက်မှာ လှုပ်ရှားမှု များလာတယ်။ ကျနော်တို့ရဲ့ လုံခြုံရေး ဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပိုမိုဆောင်ရွက်နေတဲ့အခါမှာ တခြားနိုင်ငံတခုက အခုလို အတိအလင်း ကန့်ကွက်တယ်။ အဲဒီလို ကန့်ကွက်တာတင်မကဘဲ ကုလသမဂ္ဂအထိ တိုင်တယ်ဆိုတော့ ဒီရဲ့ နောက်ကွယ်မှာ ဒီပြင် Agenda(အစီအစဉ်) တွေများ ရှိနိုင်သလားဆိုတာကို ကျနော်တို့ သံသယဖြစ်မိတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာ အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ရခိုင်ပြည်နယ်ရှိ လက်ရှိ အခြေအနေများအရ တရားဥပဒေစိုးမိုးရေးနှင့် ရခိုင်ပြည်နယ်ရှိ ဒေသခံ အသိုက်အဝန်း အားလုံး၏ လူမှုဘ၀ လုံခြုံမှုရှိရေး ကာကွယ်နိုင်ရေး ပုံမှန်လှုပ်ရှားမှုသာ ဖြစ် ကြောင်း ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို စက်တင်ဘာလ ၁၃ ရက်နေ့က ခေါ်ယူပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ အပေါ် ခြိမ်းခြောက်မှု မဟုတ်ကြောင့် တုန့်ပြန်ခဲ့ပြီး ဒါကာမြို့ ရှိ မြန်မာသံအမတ်ကြီးကို ခေါ်ယူ သတိပေးခဲ့သည့်အပေါ် သတိထောက်လွှာ ပြန်ပေးခြင်းဖြင့် မြန်မာ အစိုးရက တုန့်ပြန်ထားသည်။
ရခိုင်ပြည်နယ်အရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ မြန်မာ အစိုးရတပ်များ၏ လှုပ်ရှားမှုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ် မျဉ်းနှင့် အရမ်းနီးကပ်သည့်အခါ ဘင်္ဂလားဒေ့ရှ်ဘက်မှ စိုးရိမ်ပုံရကြောင်း သုံးသပ်သည်။
“အစိုးရတပ်တွေ အရမ်းနီးကပ်တဲ့အခါမှာ သူတို့ စိုးရိမ်ပူပန်ပုံရတယ်။ မြစ်ထဲမှာ ရေယာဉ်လှုပ်ရှားတယ်ဆိုတာက မေယု မြစ်ထဲမှာ လှှုပ်ရှားတာဆိုရင်တော့ ပြဿနာ မရှိဘူး။ နတ်မြစ်ထဲမှာ လှုပ်ရှားလို့ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ နတ်မြစ် ဆိုတာက တခြမ်းစီ ပိုင်ကြတာကိုး။ တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကြောင်း မွတ်စလင် ဒုက္ခသည်တွေ ထပ်ထွက် ပြေးလာ တာကို စိုးရိမ်မှာပဲ ဖြစ်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။
သတင်းဌာနအသီးသီး၏ သတင်းဖော်ပြမှုများ အပါအဝင် သတင်းရင်းမြစ်မျိုးစုံနှင့် နယ်မြေ အခြေအနေများအရ AA အဖွဲ့ ၏ အခြေစိုက် စခန်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ရှိနေပုံရပြီး ယင်းစခန်းများက မြန်မာဘက်ရှိ AA တပ်ဖွဲ့ကို စီမံခန့်ခွဲမှုများ လုပ်နေနိုင်ကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။
ဒေါက်တာ မင်းဇော်ဦးက“ဘင်္ဂလားဒေ့ရှ်ထဲမှာ စခန်းအကြီးကြီးရှိတယ် ပြောတယ်။ လူရာနဲ့ ချီနေတဲ့ စခန်းပေါ့။ နောက်ပြီး Hospital (ဆေးရုံ) ပေါ့။ ဆန်စက်တွေ ဘာတွေ အဲဒီလို ရှိတယ်ပြောတယ်။ အဲဒါတွေ ကြည့်လိုက်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ် ထဲမှာ AA က တော်တော် အခိုင်အမာကို နေရာယူပြီး အဲဒီဘက်နေ Admin လုပ်တယ်ပေါ့နော်”ဟု ပြောသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာတပ်မတော်က လှုပ်ရှားလာသည့်အခါ ယင်းအဖွဲ့ များ ထိခိုက်မှု ရှိမည်ကို စိုးရိမ်ပြီး အကာအကွယ် ပေးလိုသဖြင့် မြန်မာကို တဖက်တွင် ဖိအားမျိုးစုံ ပေးလာခြင်း ဖြစ်ကြောင်း သုံးသပ်မှုများ ရှိသည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင် လှုပ်ရှားနေကြသည့် AA နှင့် ARSA တို့သည် ဆက်စပ်မှုများ ရှိသည်ဟု စွပ်စွဲမှုများ ရှိသော် လည်း ယနေ့အချန်အထိ အထောက်အထား မတွေ့ သေးသလို သူတို့ ၂ ဖွဲ့ ပူးတွဲ လှုပ်ရှားသည့် အထောက်အထားမျိုးလည်း မရှိသေးကြောင်း ရခိုင်အရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
ARSA အဖွဲ့ သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို ဝင်ရောက်တိုက်ခိုက်ပြီး စတင် ပေါ်ပေါက်လာတဲ့ အဖွဲ့ တခု ဖြစ်သည်။
AA မှာ ယခင်က KIA ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် အခြေစိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်ထဲသို့ စတင် ထိုး ဖောက် ဝင်ရောက်ခဲ့ရာမှ ချင်းပြည်နယ် ပလက်ဝဒေသတွင် စတင်ခြေကုတ်ယူခဲ့သည်။ ယခုအခါ ရခိုင်ပြည်နယ် တခုလုံးကို ဖြန့်ကျက်ထားပြီး တပ်မတော်နဲ့ တိုက်ပွဲများမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် စစ်အင်အား နှိုင်းယှဉ်ချက်တွင် Global Fire Power Index ညွှန်းကိန်းများအရ မြန်မာ့ တပ်မတော် သည် ကမာ္ဘပေါ်ရှိ အင်အားအတောင့်ဆုံး စစ်တပ် စာရင်း၌ အဆင့် ၃၁ နေရာတွင် ရှိနေပြီး ဘင်္ဂလားဒေ့ရှ် စစ်တပ်မှာ အဆင့် ၅၇ နေရာတွင် ရှိသည်။
မြန်မာ့တပ်မတော်တွင် အမြဲတမ်း တပ်ဖွဲ့ဝင် အင်အား ၆ သိန်းနီးပါး ရှိနေချိန် ဘင်္ဂလားဒေ့ရှ် စစ်တပ်တွင် တပ်ဖွဲ့ ဝင် ၃ သိန်း နီးပါသာ ရှိသည်။ တိုက်လေယာဉ် ပိုင်ဆိုင်မှု ဘင်္ဂလားဒေ့ရှ်က ပိုများသော်လည်း ရဟတ်ယာဉ် ပိုင်ဆိုင်မှုတွင် မြန်မာက ပိုများသည်။ ရေတပ်တွင်လည်း မြန်မာက သာလွန်သော်လည်း ရေငုတ်သဘောင်္ အရည်အတွက်တွင် ဘင်္ဂလားဒေ့ရှ်က တစီးပိုများသည်ဟု သိရသည်။
You may also like these stories:
မြန်မာပါဝင်သည့် Caucasus-2020 စစ်ရေးလေ့ကျင့်မှု စတင်
မြန်မာက ဘင်္ဂလားဒေရှ်သံအမတ်ကို ဆင့်ခေါ်ကာ သတိထောက်လွှာပေး
AA နှင့် ARSA တို့ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထား