မလေးရှားနိုင်ငံတွင် အကြောင်းကြောင်းကြောင့် အထောက်အထားမဲ့ ဖြစ်သွားသည့် မြန်မာနိုင်ငံသား (Overstay) အလုပ် သမား ၁၁၉ ဦးကို ဒဏ်ကြေး ကင်းလွတ်ခွင့်ပြုကာ သံရုံး၏ အစီအစဉ်ဖြင့် အစိုးရက ခေါ်ယူမည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
မြန်မာသံရုံးအနေဖြင့် အကြောင်းကြောင်းကြောင့် အထောက်အထားမဲ့ ဖြစ်သွားသည့် မြန်မာနိုင်ငံသား (Overstay) ၁၁၉ ဦးကို အောက်တိုဘာလ ၁၅ ရက်တွင် ပျံသန်းမည့် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပို့ဆောင်နိုင်ရေး စီစဉ် ဆောင်ရွက်နေ ကြောင်း မကြာမီက သတင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက “အခုကတော့ သံရုံးက စုစည်းပြီးလုပ်ပေးတာ ပထမဆုံး တခေါက်ပေါ့။
၁၀ လပိုင်း ၁၅ ရက်နေ့လို့တော့ ယာယီခွင့်ပြုမိန့် ရထားပါတယ်။ ကျနော်တို့ သံရုံးက စီစဉ်ပေးတာကတော့ ဒါပထမသုတ်ပေါ့။ အခု သံရုံး စီစဉ်လိုက်တာက တရားမဝင် ထဲမှာမှ အရမ်း အခက်အခဲဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်တွေ၊ လေဖြတ်တာတို့ ကျန်းမာရေးမကောင်းတဲ့သူတွေ ဦးစားပေးပြီး ပြန်ပို့နိုင်အောင် လုပ်လိုက်တာပါ” ဟု ပြော သည်။
အစိုးရက ကယ်ဆယ်ရေး လေယာဉ်များ လွှတ်၍ မလေးရှားရောက် မြန်မာနိုင်ငံသားများကို ပြန်လည် ခေါ်ယူနေသည့်တိုင် Overstay အလုပ်သမား သောင်းနှင့်ချီပြီး မလေးရှားနိုင်ငံတွင် အခက်အခဲများကြုံနေရကာ နေရပ်ပြန်ရေးကို စောင့်ဆိုင်း နေကြဆဲ ဖြစ်သည်။
မြန်မာနိုင်ငံသို့ ပြန်နိုင်ရန်အတွက် သံရုံးသို့ လျှောက်ထားသော်လည်း ယခုအချိန်အထိ ပြန်ခွင့်မရသေးကြောင်း မလေးရှား အခြေစိုက် ချင်းလူမှုအဖွဲ့အစည်း လူနာစောင့်ရှောက်ရေးအဖွဲ့တွင် ရောက်ရှိနေသည့် ကျောက်ကပ်ဝေဒနာရှင် မဟုန်း ထုန်က ပြောသည်။
၎င်းက “ကျောက်ကပ်ရောဂါနဲ့ပဲ သေရတော့မလား။ စိတ်ဖိစီးမှုနဲ့ပဲ သေရတော့မလား မပြောတတ်တော့ဘူး။ မြန်မာပြည်မှာလည်း အမေက အရမ်းအသက်ကြီးပြီ။ အောက်ပိုင်းကလည်း သိပ်မကောင်းဘူး။ အရမ်းကို ပြန်ချင်တာ ပြန်ခွင့်မရလို့ သည်းခံပြီး စောင့်နေရတာ”ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် ၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သော မဟုန်းထုန်မှာ ၂၀၂၀ မတ်လကတည်းက အလုပ်လက်မဲ့ ဖြစ်နေ ခြင်းကြောင့် ဆေးကုသရန်နှင့် စားသောက်နေထိုင်ရန် အခက်အခဲတွေ့နေသဖြင့် မလေးရှားအခြေစိုက် ချင်းလူမှု အဖွဲ့ အစည်း လူနာစောင့်ရှောက်ရေးအဖွဲ့တွင် သွားရောက်နေထိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက် တရားမဝင် အလုပ်သမားများအနေဖြင့် အလုပ်လက်မဲ့ ပြဿနာအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရမှုကြောင့် ပြီးခဲ့သည့် မေလမှ စတင်ကာ သေကြောင်းကြံစည်သည့် အလုပ်သမားများ ရှိကြောင်း မလေးရှား အခြေစိုက် နာရေးကူညီမှု အသင်းများနှင့် မလေးရှားရောက် မြန်မာအလုပ်သမားများထံက သိရသည်။
မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားများ နိုင်ငံသား စိစစ်မှု ပြုလုပ်နိုင် ရန်နှင့် ပြန်လည်ခေါ်ယူရန်အတွက် လျှောက်ထားနိုင်ကြောင်း ဇွန်လ ၂၃ ရက်နေ့ကတည်းက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် လျှောက်လွှာတင်ထားသူဦးရေမှာ ၁၁,၀၀၀ ခန့်ရှိနေပြီး ဆက်လက်လျှောက်လွှာ တင်နေသူများလည်း ရှိကာ အထောက်အထားပြည့်စုံသူများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity – CI) ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထိန်းသိမ်းရေးစခန်းများ (Camp) များ၌ စောင့်ဆိုင်းနေသူများကိုလည်း စက်တင်ဘာလ ၃၀ ရက်မှစတင်၍ ကယ်ဆယ်ရေး လေယာဉ်များဖြင့် လိုက်ပါနိုင်ရေး ဆောင်ရွက်နေပြီး စက်ရုံများမှ အလုပ်သမားများကို အလုပ်ရှင်၏ စင်းလုံးငှား လေယာဉ်အစီအစဉ်ဖြင့် ပို့ဆောင်နိုင်ရေးကိုလည်း ညှိနှိုင်း ဆောင်ရွက်ပေးနေကြောင်း မြန်မာသံရုံးမှ သိရသည်။
ကပ်ဘေးကာလအတွင်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသားများကို ခေါ်ဆောင်ရန်အတွက် ကယ်ဆယ်ရေးလေယာဉ် ၁၆ ကြိမ်အထိ စီစဉ်ပေးခဲ့ပြီး ၁ ကြိမ်လျှင် နိုင်ငံသား ၁၀၀ ဝန်းကျင်ခန့် ပြန်လည်ခေါ်ဆောင်နေခြင်း ဖြစ်ရာ လာမည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ၁၇ ကြိမ်မြောက်အဖြစ် နိုင်ငံသား ၁၅၅ ဦး လိုက်ပါခွင့်ရှိမည်ဟု မလေးရှား သံရုံးက ထုတ်ပြန်ချက် အရ သိရသည်။
You may also like these stories:
မလေးရှားမှ တရားမဝင်လုပ်သား ၁၅၀၀ ကျော် နေရပ်ပြန်ရန် သံရုံး၌ စာရင်းပေးထား
မလေးရှားမှ မြန်မာလုပ်သားအချို့ စားဝတ်နေရေး ခက်ခဲ၍ အဆုံးစီရင်မှုများ ရှိလာ
ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ