ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်း တခုဖြစ်သည့် တာချီလိတ်- မယ်ဆိုင် ကုန်သွယ်ရေး အကန့်အသတ်များကို ပြန်လည် ဖြေလျှော့ရန် ၂ နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံမှ ကုန်သွယ်ရေးနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူတို့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်တွင် အလွတ်သဘော တွေ့ ဆုံ ညှိနှိုင်းပြီးနောက် စက်တင်ဘာလ ၂၈ (ယနေ့) တွင် ထပ်မံ ဆွေးနွေးကာ သဘောတူညီချက်များ ရရှိခဲ့ကြောင်း တာချီ လိတ် ကုန်သွယ်ရေး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက ဧရာဝတီသို့ ပြောသည်။
“အကန့်အသတ်တွေ လုပ်တာမှာ နှစ်ဖက် နားလည်မှု လွဲနေတဲ့ ကိစ္စတွေ ပြန်လည်သွားတယ်။ ဒီဘက်က လျှော့ချ ပေးဖို့ တောင်းဆိုတဲ့ တချို့အခွန်တွေက ထိုင်းအစိုးရက ကိုဗစ် စဖြစ်ကတည်းက လျှော့ချပေးထားပြီးပေါ့။ ဒါပေမယ့် အောက်ခြေ မှာက ဒီအတိုင်း ကောက်နေတာမျိုး ဖြစ်တာကို သူတို့ စိစစ်ပေးမယ်လို့ ပြောသွားတယ်” ဟု ဆိုသည်။
ယင်းကြောင့် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ခွင့်ပြုထားသော ကုန်တင်မော်တော်ယာဉ်အရေအတွက် ၁၆၈ စီး(၁ရက် ဝင် ရောက်ခွင့်ပြုသော အရေအတွက်) တွင် မြန်မာမှတ်ပုံတင် မော်တော်ယာဉ်သည်လည်း ပြန်လည် အကျုံးဝင်ပြီး ဖြတ်သန်း ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။
ထို နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ဆွေးနွေးခဲ့ကြသော သဘောတူညီချက်များကို ရှမ်းပြည်နယ် အစိုးရ သို့ တင်ပြပြီး ခွင့်ပြုညွှန်ကြားပါက စက်တင်ဘာလ ၂၉ ရက် သို့မဟုတ် စက်တင်ဘာလကုန်ပိုင်း၌ ပုံမှန်ကုန်သွယ်ရေး အခြေအနေနီးပါး ပြန်လည် ဖြစ်နိုင်မည် ဟု ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက ပြောသည်။
အကန့်အသတ်များနှင့် နှစ်နိုင်ငံကြား ဖြစ်ပေါ်နေသော အခက်အခဲများကို သဘောတူညီမှု ရရှိခဲ့သော်လည်း ကိုဗစ် ၁၉ ရောဂါ အခြေအနေများကြောင့် နယ်စပ် ကုန်သွယ်ရေးတွင် ယာဉ်မောင်းလဲလှယ်သည့် စနစ်ဖြင့်သာ နှစ်နိုင်ငံကုန်သွယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက “ကားတွေကို မကန့်သတ်တော့ဘဲ ပုံမှန်အတိုင်း သွားမယ်ပေါ့။ နောက် ဖြတ်သန်းခွင့် စလစ် ရက်လွန်ဒဏ်ကြေးတွေ မကောက်ဘဲနဲ့ ဒီအတိုင်း ပြန်လုပ်ပေးသွားမယ်။ နောက်တံတား ဖြတ်သန်းခွင့် စလစ်အတွက် ဘတ်သုံးလေးသောင်းကိုလည်း ဘတ်တသောင်းခွဲအထိ လျှော့ချပေးသွားမယ်ဆိုပြီး သဘောတူညီမှုတွေ ရခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းပြင် အသီးအရွက်၊ သားငါးတင်ပို့မှုများအပေါ် ကောက်ခံနေသော အခွန်နှုန်းထားများကို လျှော့ချပေးသွားမည် ဖြစ်သ လို အခွန်ဆောင်သည့် လုပ်ငန်းစဉ်များကိုလည်း ပိုပြီး အဆင်ပြေစွာ လုပ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံဘက်က ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စက်တင်ဘာ ၁၅ ရက်က စတင်ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်နေခြင်းကြောင့် ထိုင်းနိုင်ငံက ကုန်တင်ယာဉ် ဝင်ထွက်ခွင့်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လိုင်စင်ဖြင့် မော်တော်ယာဉ် ၆ စီးသာ ဝင် ရောက်ခွင့်ပြုမည်ဟု နှစ်နိုင်ငံသဘော တူညီမှု မရှိသေးဘဲ တဖက်သတ် ကန့်သတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက် ကလည်း ထိုင်းမော်တော်ယာဉ် ၆ စီးကိုသာ ပေးဝင်မည် ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ယင်းအခြေအနေများကြောင့် စက်တင်ဘာ ၁၅ ရက်မှ ယနေ့ (စက်တင်ဘာ ၂၈ ) အထိ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပြီး ကုန်တင်ယာဉ်များသာ သွားလာခွင့်ပြုသည့် မယ်ဆိုင်- တာချီလိတ် အမှတ်၂ တံတားတွင် ထိုင်းနိုင်ငံမှ မြန်မာသို့ တင်ပို့မည့် စက်သုံးဆီတင် မော်တော်ယာဉ်များ အပါအဝင် ကုန်တင်ယာဉ်အများအပြား ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။
တာချီလိတ်-မယ်ဆိုင်ကြား ပုံမှန်အချိန်ကာလတွင် ကုန်စည်ယာဉ်များ ဖြတ်သန်းမှုမှာ နေ့စဉ် အစီးရေ ၂၀၀ ခန့်ရှိပြီး ယခု တွင် ကုန်စည်ယာဉ်ဖြတ်သန်းမှုသည် အစီးရေ ၅၀ ခန့်သာ ရှိတော့ပြီး ကုန်သွယ်မှုပမာဏမှာ သုံးပုံတပုံခန့် လျော့ကျ သွားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
You may also like these stories:
တာချီလိတ်-မယ်ဆိုင် ပုံမှန်ကုန်သွယ်ရေး ပြန်ဖြစ်ရန် ထိုင်းနိုင်ငံက ပြန်လည်ညှိနှိုင်း
တာချီလိတ်-မယ်ဆိုင် ကြား ယာဉ်ဖြတ်သန်းခွင့် အပြန်အလှန်ကန့်သတ်