မြန်မာနိုင်ငံတွင် လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁၀၀၀၀ ကျော်လာချိန်တွင် ကိုဗစ်-၁၉ ရောဂါကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ရွေးကောက်ပွဲမဲဆွယ်ပွဲများထက် ပိုမိုအရေးပါကြောင်း ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန အရာရှိတဦးက သတိပေးသည်။
ကျန်းမာရေးသည် နိုင်ငံရေးမဲဆွယ်ခြင်းထက် ပိုမိုအရေးပါကြောင်း ကူးစက်ရောဂါကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက ပြောသည်။ “သေမင်းက လက်တကမ်းကို ရောက်နေပြီ၊ ပေါ့ဆလို့ မရဘူး” ဟု သူပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုသစ် ၈၀၀ ခန့် နေ့စဉ်တွေ့နေရသည်။
အင်္ဂါနေ့ နံနက်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု စုစုပေါင်း ၁၁၆၃၁ မှုရှိပြီး လူ ၂၅၆ ဦးသေဆုံးကာ ပြန်လည်ကောင်းမွန်လာသူ ၃၀၇၆ ဦးရှိပြီဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်းသည် ပထမလှိုင်းဖြစ်ပွားစဉ် ကူးစက်မှုထက် အဆ ၁၀၀ ပိုမိုမြင့်မားနေသည်။
သြဂုတ် ၁၆ ရက်နေ့မတိုင်မီကာလ တပတ်လျှင် ကူးစက်ခံရကြောင်းတွေ့ရှိသူ ၁၆ ဦးသာရှိပြီး ယခုအခါ တပတ်လျှင် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူ ၁၆၀၃ ဦး ရှိကြောင်း ဒေါက်တာဒေါ်ခင်ခင်ကြီးက ပြောသည်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၉ ရာခိုင်နှုန်းသည် အသက် ၆၀ အထက်များဖြစ်ပြီး ထိုသူများ၏ ဆွေမျိုးများသည် နေအိမ်တွင်ပင် နေထိုင်စဉ် ကူးစက်ခံရကြောင်းလည်း သူပြောသည်။
အခြား သေဆုံးသူအများအပြားမှာ သက်ကြီးရွယ်အို မဟုတ်သူများ သို့မဟုတ် ရောဂါအခံမရှိသူများလည်း ဖြစ်ကြောင်း ဒေါက်တာဒေါ်ခင်ခင်ကြီးပြောသည်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တားဆီးရန် နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲ မတိုင်မီအပါအဝင် လူစုလူဝေးအားလုံး ရှောင်ရှားသင့်ကြောင်း သူပြောသည်။
ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် စည်းမျဉ်းများကို အတိအလင်း ချိုးဖေါက်ပြီး အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူများက အင်အားလှည့်လည်ပြပွဲများကို မန္တလေးနှင့် အခြားမြို့ကြီးတချို့တွင် ပြုလုပ်ခဲ့၍ ဝေဖန်ခံနေရသည်။
ပါတီ ထောက်ခံသူများကို အရေးယူရန် မဖြစ်ကြောင်းနှင့် မျက်နှာဖုံးနှာခေါင်းစည်းများ ဝတ်ဆင်ရန်နှင့် လူချင်းခွဲနေရန်ပြောထားကြောင်း NLD ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာအောင်ရှင်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ရောဂါပိုးကူးစက်မှုမှာ ရန်ကုန်တိုင်းတွင် အဆိုးရွားဆုံး ဖြစ်ပြီး သြဂုတ်လမှ စတင်သည့် ကူးစက်မှု ၇၇၀၀ ရှိကာ ရခိုင်ပြည်နယ်က ကူးစက်မှု ၁၃၀၀ ကျော်ဖြင့် ကူးစက်မှု ဒုတိယအများဆုံးဖြစ်နေသည်။
တနင်္ဂနွေနေ့တွင် ရန်ကုန်မှ အာဏာပိုင်များသည် လမ်းများတွင် မြို့နယ်ကျော်ကူးသန်းသွားလာသူများကို စစ်ဆေးပြီး စစ်ဆင်ရေး ဆောင်ရွက်နေသည်။
ယာယီစစ်ဆေးရေးစခန်းများက ကားသမားများ၏ ခရီးသွားလာခွင့်ကို စစ်ဆေးကြသည်။ အရေးပါသော ဝန်ထမ်းများကိုသာ မြို့နယ်ကျော်သွားလာခွင့်ပေးသည်။
အထည်ချုပ်စက်ရုံများအားလုံး အောက်တိုဘာလ ၇ ရက်အထိ ပိတ်ထားရန် ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားထားပြီး စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအနေဖြင့် အိမ်မှသာ အလုပ်လုပ်ရန် ညွှန်ကြားထားသည်။
ကိုးကိုးကျွန်းမြို့နယ်မှ အပ ရန်ကုန်တွင် နေထိုင်သူအားလုံးကို အိမ်တွင်သာနေထိုင်ရန် ညွှန်ကြားထားသည်။
ရန်ကုန်တိုင်း ကိုဗစ်-၁၉ တားဆီး၊ ထိန်းချုပ်၊ ကုသရေး ညှိနှိုင်းမှုကော်မတီ ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက မြို့တော်တွင် ကျန်းမာရေးလုပ်သားများ ပိုမိုလိုအပ်နေကြောင်း တနင်္ဂနွေနေ့တွင်ပြောသည်။
ရန်ကုန်တွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများကို တောင်းဆိုထားကြောင်း သူပြောသည်။
ပြည်နယ်နှင့် တိုင်းအားလုံးမှ မြို့နယ်ပေါင်း ၂၀၅ ခုတွင် ကိုဗစ်-၁၉ ကူးစက်မှုတွေ့ရပြီး ကယားပြည်နယ်တခုတည်းတွင်သာ ကူးစက်မှုမရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုသည် ကူးစက်မှု ၁၁၀၃၄ ရှိသော မလေးရှားနိုင်ငံကို ကျော်သွားပြီဖြစ်ပြီး ဖိလစ်ပိုင်တွင် ကူးစက်မှု ၃၀၉၃၀၃ မှု၊ အင်ဒိုနီးရှားတွင် ကူးစက်မှု ၂၈၂၇၂၄ နှင့် စင်္ကာပူတွင် ကူးစက်မှု ၅၇၇၄၂ ရှိသည်။
(Zaw Zaw Htwe ၏ Myanmar Health Official Warns of Political Campaign as COVID-19 Cases Exceed 10,000 ကို ဘာသာပြန်သည်။)
You may also like these stories:
ကမ္ဘာတဝှမ်း COVID-19 ကြောင့် သေဆုံးသူ ၁ သန်းကျော်ပြီ
ကိုဗစ် အတည်ပြု အရပ်သား လူနာများကို ကုသမှု စပေးနေပြီဟု တပ်မတော် ပြော
မန္တလေးတိုင်းရင်းဆေးရုံနှင့် ဘောလုံးအကယ်ဒမီတို့ကို ကိုဗစ်ယာယီဆေးရုံအဖြစ် ပြင်ဆင်