ကိုဗစ် လူနာများ ထားရှိရန်အတွက် ရန်ကုန်မြို့တွင် ယာယီဆေးရုံများ ထပ်မံ တည်ဆောက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သိရသည်။
မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Center (YCC) တွင် လူနာ ၈၀၀ ခန့်နှင့် သာကေတမြို့နယ်ရှိ Fortune Plaza တွင် လူနာ ၁,၀၀၀ ဝန်းကျင် ထားရှိနိုင်ရန်အတွက် ယာယီဆေးရုံများ ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။
ထို့ပြင် သုဝဏ္ဏ အားကစားကွင်းရှိ ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်လျက်ရှိသော ယာယီဆေးရုံတွင် လူနာ ၄၅၀ လက်ခံထားပြီး ဖြစ်ကာ လူနာ ၁,၀၀၀ အထိ လက်ခံနိုင်ရန် တိုးချဲ့နေပြီး၊ တောင်ဒဂုံမြို့နယ် အောင်မြင့်မိုရ် အိမ်ရာတွင် လည်း လူနာ ၅၀၀ ထားရှိနိုင်မည်ဖြစ်ကာ ဒဂုံဆိပ်ကမ်းရှိ ရိုးမရိပ်သာကိုလည်း အပိုင်း ၁၊ အပိုင်း၂ စသည်ဖြင့် အပိုင်း လိုက်ခွဲကာ တိုးချဲ့လျက် ရှိကြောင်း သိရသည်။
ဒေါ်မိုးမိုးစုကြည်က “လက်ရှိ အနေအထားအရ များများစစ်ရင် များများပေါ်ပေါက်လာပြီး ကိုယ့်ပြည်သူတွေကို စောင့် ရှောက်မှု ပေးနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရရယ်၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရယ်က ဆက်ပြီးတော့ အရ နိုင်ဆုံး သော အသင့်တော်ဆုံးသော နေရာတွေကို ဆက်လက်ရှာဖွေစုဆောင်းပြီးတော့ ဆောင်ရွက်ဖို့ စီစဉ်ထားတာတွေ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် သာကေတ ရှိ Fortune Plaza ကို ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး လာမည့် အပတ်အတွင်း ကိုဗစ်လူနာများ ထားနိုင်ရန် စီစဉ်နေကာ Volunteer များလည်း လိုအပ်လျက် ရှိကြောင်း ယင်းစင်တာကို ကူညီဆောင်ရွက်ပေးနေသည့် သာကေတမြို့ခံများက ဆိုသည်။
အဆိုပါ ယာယီဆေးရုံများ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများကို အချိန်တိုအတွင်း ပြီးစီးနိုင်ရန်အတွက် ဆောက်လုပ် ရေး လုပ်ငန်းရှင်များ၊ အလှူရှင်များ၊ Volunteer အဖွဲ့များ ပေါင်းစပ် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က သိရသည်။
ထို့ပြင် ရန်ကင်း ပညာရေးကောလိပ်၊ ယဉ်ကျေးမှု တက္ကသိုလ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနလက်အောက်ရှိ သင်တန်း ကျောင်း တို့တွင် ယာယီဆေးရုံများ ထပ်မံပြင်ဆင်ရန်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာ ကွယ် ထိန်းချုပ် ကုသရေး၊ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီက သိရသည်။
အဆိုပါ ကော်မတီ ဒု ဥက္ကဋ္ဌ၊ ရန်ကုန် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက “Antigen Test နဲ့ စစ် လိုက်မယ်ဆိုရင် အများကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါကိုထိန်းပြီးတော့ လူနာတွေကို ဆေးရုံမှာ စောင့်ရှောက် ကုသနိုင်ဖို့ အ တွက် ကြိုတင် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနကလည်း လူအင်အား အလုံးအရင်းနဲ့ ပြင်ဆင် ထားပါတယ်။ ဒါတွေက နောက်ဆုံး အင်နဲ့အားနဲ့ အစွမ်းကုန် ဖြည့်ဆည်းပြီးတော့ Containment တိုက်ပွဲကို တိုက်ဖို့ အတွက် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းပြင် တောင်ကိုရီးယားနိုင်ငံမှ အစိုးရ ဝယ်ယူထားသည့် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိကို အမြန်စစ်ဆေးပေးနိုင်သည့် Antigen Test Kit ၂ သိန်းကို ယနေ့မှ စတင်ကာ မြို့နယ်၊ ခရိုင် ဆေးရုံများတွင် စတင် စမ်းသပ်စစ်ဆေးမည်ဖြစ်ပြီး တောင်ကိုရီး ယားအစိုးရ လှူဒါန်းသည့် Test Kit ၅ ထောင် ရောက်ရှိရန်လည်း ရှိသေးကြောင်း သိရသည်။
“မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ Test Kit တွေကို သုံးပြီဆိုရင် ရောဂါပိုးရှိတာတွေကို ပိုပြီးတော့ တွေ့ လာမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မြန်စစ်လိုက်တဲ့ အခါကျတော့ မြန်မြန်သိရတယ်။ အဲဒါကြောင့်လည်း စိတ် ဓာတ်မကျပါနဲ့။ ဒီလိုမြန်မြန် သိရတဲ့ အခါကျတော့ စောစောစီးစီး ကုသမှုပေးနိုင်တယ်။ ပျောက်နှုန်းက ပိုပြီးတော့ ကောင်း လာမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ၂၈ ရက်၌ ကိုဗစ်ရောဂါ ဖြစ်ပွားမှု နောက် ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မတ်လ၂၃ ရက်မှ စက်တင်ဘာလ ၂၈ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၁,၆၃၁ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၂၅၆ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၃,၀၇၃ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ရိုးမရိပ်သာစင်တာ လိုအပ်ချက်များ အမြန် ဖြေရှင်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ကတိပေး
ကုတင် ၅၀၀ ကျော်ဆံ့ ကိုဗစ်ကုသရေး ယာယီဆေးရုံကို ဧရာဝတီဖောင်ဒေးရှင်း တည်ဆောက်