ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ် မြို့သစ်ရပ်ကွက်မှ စစ်ကြောရေးတွင် သေဆုံးသွားသူ အသက် ၃၈ နှစ်အရွယ် ဦးအေးကျော် မှာ ရက္ခိုင့် စစ်တပ်( AA ) တပ်ဖွဲ့ဝင်ဖြစ်ကြောင်း တပ်မတော် သတင်းပြန်ကြား ရေးဌာနမှ ယနေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၇ ရက်က လုံခြုံရေးဆိုင်ရာ ရှောင်တခင် စစ်ဆေးနေစဉ် မြောက်ဦးမှ ဘောင်းဒွတ်ရွာဘက်သို့ သုံးဘီး ဆိုင်ကယ် မောင်းလာသော ဦးအေးကျော်ကို စစ်ဆေးရာ လက်ကိုင်ဖုန်း အတွင်းမှ AA ၏ အချက်အလက်များနှင့် ဆက် သွယ်ထားမှုများကို တွေ့ရကြောင်း၊ ၎င်းသည် AA အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ဖြစ်ပြီး ၂၀၁၉ ဒီဇင်ဘာလ အတွင်း မြောက်ဦးမြို့နယ်၌ ဈေးဝယ်နေသော စစ်သည် ၁ ဦးနှင့် ၂၀၂၀ ဇူလိုင်လအတွင်း တပ်မိသားစု အရပ်သား လူငယ် ၂ ဦး အား ဖမ်းဆီးစဉ် ဦးဆောင် ပါဝင်သည်ဟု ဝန်ခံကြောင်း၊ စက်တင်ဘာလ ၂၈ ရက်တွင် နံနက်စာကျွေးရန် ဆောင်ရွက်စဉ် စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတိုသေနတ်ကို လု၍ မိမိကိုယ်ကို ပစ်သတ်ကာ သေဆုံးခဲ့ကြောင်း တပ်မတော် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
သေဆုံးသွားသူ ဦးအေးကျော်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်က မြောက်ဦးမြို့မှ နဒင်ကျေးရွာရှိ တိုင်းရင်း ဆေးဆရာထံသို့ လက်ကျိုးနေသည့်လူနာ အသက် ၇၆ နှစ်အရွယ် ဒေါ်ခိုင်စံနု အား ဆေးကုသရန် ပို့ဆောင်စဉ် ခမရ ၃၇၇ တပ်ရင်းရှေ့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူ ဦးအေးကျော်၏ ယောက္ခထီးဖြစ်သူ ဦးမောင်နုက “ကျနော်သားမက်က သုံးဘီးမောင်းပြီး ရိုးရိုးသား ရှာဖွေ စား သောက်နေတာပါ။ သူ့ကို ၃၇၇ တပ်ရင်းက ဖမ်း ထားတယ်ဆိုတာ သုံးဘီး ဆိုင်ကယ် ငှားသွားတဲ့ အမျိုးသမီးက ပြောပြ လို့ အဲဒီနေ့ကလည်းက ကျနော်တို့ တပ်ရင်းကို လိုက်သွားပါတယ်။ သူတို့က ဖမ်းထားတာလည်း မရှိဘူး။ ဖမ်းလည်း မဖမ်း ဘူး။ ဆိုပြီး ကျနော်တို့ ပြန်ခိုင်းလိုက်ပါပြီးတော့ နောက်တနေ့မှာ အဲဒီ တပ်ထဲကပဲ အလောင်း ထွက်လာပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က စစ်ကြောရေးကာလအတွင်း တရားဥပဒေ လက်လွတ် သေဆုံးရခြင်းမှာ မဖြစ်သင့်ကြောင်း၊ အပြစ်ရှိသည်ဆိုလျှင်လည်း ပြစ်မှုနှင့် ပြစ်ဒဏ် ညီမျှမှု ရှိအောင် အမှုဖွင့် အရေးယူပြီး ပြစ်ဒဏ်ပေးသင့်ကြောင်း ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ဒီလို စစ်ကြောရေးမှာ တရားလက်လွတ် သေဆုံးရခြင်းအပေါ် ဥပဒေ ဘက်တော်သား တယောက်အနေနဲ့တော့ အလိုမရှိဘူး။ အကယ်၍ သူမှာအပြစ်တစုံတရာ ရှိတယ်ဆိုရင်လည်းပဲ အမှုဖွင့် တရားရုံးမှ တရားစွဲပြီးတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် ညီမျှတဲ့ ပြစ်ဒဏ်ပေးပြီး စီရင်သင့်တယ်လို့ ကျနော် အနေနဲ့ မြင်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုကဲ့သို့ ဦးအေးကျော်သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ( ANP )မှ ယနေ့ ရက်စွဲဖြင့် သဘောထား ကြေငြာချက် ထုတ်ပြန်ပြီး မြောက်ဦးမြို့အခြေစိုက် ခမရ (၃၇၇) တပ်ရင်းမှ ကျူးလွန်ခဲ့သော ရာဇဝတ်မှုအား တည်ဆဲ ဥပဒေအရ အမြန်ဆုံး အရေးယူပေးရန် တိုက်တွန်းတောင်းဆိုထားသည်။
အဆိုပါ ရခိုင်အမျိုးသားပါတီမှ ထုတ်ပြန်ချက်တွင် သုံးဘီးဆိုင်ကယ် မောင်းနှင်၍ လုပ်ကိုင်စားသောက်နေသော ဦးအေးကျော်အား မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်းမှ သုံးဘီးဆိုင်ကယ်နှင့်တကွ ဖမ်းဆီး သွားပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု များကြောင့် ဒဏ်ရာများစွာ ရရှိကာ သေဆုံးသွားသည်ကို သိရှိရကြောင်း ဖော်ပြပါရှိသည်။
ဦးအေးကျော်ဆိုသူမှာ လက်ကျိုးနေသည့် ဒေါ်ခိုင်စံနု အား တိုင်းရင်းဆေးဝါးဖြင့် ကုသရန်အတွက် ၃ ရက်လျှင် ၁ ကြိမ် မြောက်ဦးမြို့မှ နဒင်ရွာသို့ ၎င်း၏ သုံးဘီးဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ စက်တင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးခံရပြီး စက်တင်ဘာလ ၂၈ ရက်နေ့ တွင် နှိပ်စက် ညှင်းပမ်းထားသော ဒဏ်ရာများဖြင့် သေဆုံးသွားသည့် ရုပ်အလောင်းအဖြစ် မြောက်ဦးမြို့ဆေးရုံသို့ ပို့ဆောင်ရောက်ရှိလာသည်ဟု သိရှိရကြောင်း ANP ပါတီ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့သော အပြစ်မဲ့ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှုကျူးလွန်သော ကိစ္စရပ်များအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လိပ်မူ၍ ရခိုင်အမျိုးသားပါတီမှ အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း ယနေ့အချိန်အထိ တစုံတရာ တုံ့ပြန်မှုမရ ခဲ့သည့်အပြင် အလားတူ ဖမ်းဆီးညှင်းပမ်းသေဆုံးရသော ဖြစ်ရပ်များသာ ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း စသည်ဖြင့် ရခိုင်အမျိုးသားပါတီက သဘောထား ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
တပ်မတော်သတင်းပြန်ကြားရေးဌာနမှ ထုတ်ပြန်ချက်တွင် ဦးအေးကျော်၏ အလောင်းအား မြောက်ဦးမြို့နယ် ရဲစခန်းသို့ အပ်နှံပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်လျှက် ရှိကြောင်း ဖော်ပြထားသည်။
သေဆုံးသွားသူ ဦးအေးကျော်၏ ရုပ်အလောင်းအား ယနေ့ မြောက်ဦးသုဿန်တွင် သဂြိုဟ်မည် ဖြစ်သည်
သြဂုတ်လ ၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ပုဇွန်ဖေ ကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ဦးစံရွှေလှိုင်ဖြစ်မှာ မြောက်ဦးမြို့မှ ရွာသို့ အပြန်လမ်းတွင် တပ်မတော်သား များထံ ဖမ်ဆီးခံရပြီး သြဂုတ် ၁၀ ရက်နေ့တွင် ဆေးရုံသို့ အလောင်းသာ ရောက်ရှိလာခဲ့သည်။
ပြီးခဲ့သော ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်း ကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဦးစိုးမြင့်ထွန်းမှာ တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးကာလတွင် သေဆုံးခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်နေသောကာလ၌ တပ်မတော် က ထိန်းသိမ်း စစ်ဆေးခဲ့စဉ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ရမ်းဗြဲမြို့နယ်များမှ စစ်ကြောရေး ကာလအတွင်း သေဆုံးသူ ၃၀ ကျော်ထိရှိလာပြီ ဖြစ်သည်။
You may also like these stories:
နေပြည်တော်ရှိ အစိုးရ အရာရှိတဦး၏ ဇနီးအသတ်ခံရမှု ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေ
USDP ယာဉ်တန်းနှင့် လူငယ်တချို့ ရန်ပွဲ နှစ်ဖက်သက်သေများ စတင် စစ်
တာချီလိတ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဖမ်းမိ