ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်၌ နှစ်ဘက် စစ်အင်အား တိုးမြှင်ချထားမှုများ ဖြစ်ပေါ်နေစဉ်မှာ အကြမ်းဖက်အဖွဲ့ ARSA နှင့် ရခိုင်စစ်တပ် (AA)တို့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ကို အသုံးချ၍ အစိုးရဆန့်ကျင်ရေး လုပ်ငန်းများကို နှစ်ပေါင်းများစွာ ကတည်း က လုပ်ဆောင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေ ညီလာခံတွင် ယမန်နေ့က အွန်လိုင်းမှ တဆင့် ပြောကြားလိုက်သည်။
အဆိုပါလက်နက်ကိုင်အဖွဲ့များသည် တဖက်နိုင်ငံသို့ ရောက်ရှိနေသော မွတ်စလင် ဒုက္ခသည်များ နေရပ်ပြန် လာရေးကို ဘင်္ဂလားဒေ့ရှ် ပိုင်နက်အား အသုံးချကာ ဟန့်တားနေပြီး၊ ARSA အကြမ်းဖက် အဖွဲ့ဝင်များနှင့် ထောက်ခံသူများအား တားဆီးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက် အဖွဲ့များ၏ လှုပ်ရှားမှုများသည်၂ နိုင်ငံလုံးအတွက် အန္တရာယ်ရှိကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
ထို့အပြင် မွတ်စလင် ဒုက္ခသည်များ ပြန်လာရေး ဘင်္ဂလားဒေ့ရှ်က မြန်မာအပေါ် ဖိအားပေးနေမှုကိုလည်း လုံးဝလက်မခံ ကြောင်း မြန်မာ ကိုယ်စားလှယ် ဦးကျော်တင့်ဆွေက ပြောကြားသည်။
စက်တင်ဘာ၁၃ရက် မြန်မာတပ်များ နယ်စပ်တွင် လှုပ်ရှားနေသည်ဟု ဆိုကာ ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာ သံအမတ် ကို ခေါ်ယူသတိပေး ကန့်ကွက်ပြီး စက်တင်ဘာလ ၁၅ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံသို့ စာပေးပို့ တိုင်ကြားခဲ့သည်။
ယင်းစာတွင် မြန်မာရေတပ်မှ စစ်သင်္ဘောများ၏ လှုပ်ရှားမှုများက နယ်စပ်နှင့် အရမ်း နီးကပ်ခြင်း၊ မြန်မာဘက်မှ ပစ်ခတ်သံ များ ကြားရခြင်းနှင့် ယင်းလှုပ်ရှားမှုများကြောင့် ၎င်းတို့ဘက်သို့ ဒုက္ခသည်များ ထပ်မံ ဝင်ရောက် လာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာအစိုးရကလည်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ခေါ်ယူကာ သတိပေးခဲ့သလို၊ မြန်မာတပ်မတော်၏ လှုပ်ရှားမှုများမှာ မိမိနယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ အကြမ်းဖက်သမား များ၏ သတင်းရရှိသဖြင့် လုံခြုံရေး ဆောင်ရွက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စရာမလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ယခုကဲ့သို့ ပြောကြားမှုမှာ ဘင်္ဂလားဒေ့ရှ်မှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံ တိုင်ကြားခြင်းနှင့် ပတ်သက်၍ မြန်မာဘက်သို့ ဖိအားပေးသည်ဟု ယူဆ၍ တုံ့ပြန်ခြင်း ဖြစ်ကြောင်း လုံခြုံရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
“မြန်မာဘက်ကလည်း လက်နက်ကိုင် အဖွဲ့တွေ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ကို သုံးနေတယ် ဆိုတာကို တရားဝင် ဖွင့်ချလိုက်ပုံ ရပါတယ်။ အရင်ကတော့ မြန်မာက တရားဝင် ပြောတာမဟုတ်ဘဲ တိုးတိုးတိတ်တိတ်ပဲ ပြောတာပေါ့။ အခုကတော့ ဘင်္ဂလားဒေ့ရှ် ဘက်က မြန်မာဘက်က တပ်လှုပ်ရှားမှုတွေကို လုံခြုံရေးကောင်စီအထိ တက်တိုင်တယ် ဆိုတော့ အပြန် အလှန် လုပ်ကြတဲ့သဘောလို့ ပြောလို့ရပါတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက သုံးသပ်သည်။
ဝန်ကြီးဦးကျော်တင့်ဆွေ ပြောဆိုသည့် AA နှင့် အာဆာတို့၏ အခြေစိုက်စခန်းများ ဘင်္ဂလားဒေ့ရှ်ဘက်တွင် အခြေချနေ သည်ဆိုသည့် အချက်သည် ဖြစ်နိုင်စရာ ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူရာနဲ့ ချီတဲ့ စခန်းတွေ ရှိနေတာဆိုတော့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအဖွဲ့တွေ မသိ ဘဲနဲ့တော့ သူတို့တွေ နေလို့မဖြစ်ဘူးပေါ့။ စခန်းတွေ ရှိနေတာကတော့ ကျနော်တို့လည်း သိတယ်။ AA နဲ့ အာဆာ တိုက်ပွဲ မဖြစ်တဲ့ ကိစ္စကတော့ ဘာကြောင့်လဲတော့ ကျနော်တို့လည်း မသိဘူး။ သူတို့တွေနေတဲ့ နေရာတွေကလည်း အတူတူ လောက်ရှိတယ် လှုပ်ရှားတဲ့နေရာကလည်း ထပ်နေတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
ဆက်လက်၍ ၎င်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များ နေရပ်သို့ မပြန်ကြရန် တားမြစ်သည့် လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုနှင့် သတ်ဖြတ်မှုများ ရှိနေသည်ဟု သိထားသော်လည်း အဆိုပါ အလုပ်များကို AA နှင့် ARSA တို့က ဆောင်ရွက်နေခြင်း ဟုတ်မဟုတ် ဆိုသည့် အချက်မှာ သီးခြား အတည်ပြု၍ မရသေးကြောင်း ပြောဆိုသည်။
You may also like these stories:
မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလားဒေ့ရှ်က စစ်အင်အား ထပ်ဖြည့်နေ
AA နှင့် ARSA တို့ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထား
မြန်မာက ဘင်္ဂလားဒေရှ်သံအမတ်ကို ဆင့်ခေါ်ကာ သတိထောက်လွှာပေး