ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင် နိုင်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် ပြည်နယ်အတွင်းရှိ ခရီးသွားလာမှု၊ လည်ပတ်မှုများသည့် အထင်ကရ နေရာများအား ယာယီ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် သတင်း ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ လွိုင်ကော် ထီးစဲခါးရေတံခွန်နှင့် ကြတ်ဂူ၊ ဒီးမော့ဆို ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနစ်ဆင့်၊ ပန် ပက်ကျေးရွာ၊ တနီးလာလဲ၊ ကွိုင်ငံနှင့် ရေပြာအိုင်(နန်းမယ်ခုံ)၊ ဖရူဆို ထီးပရူနူဂူနှင့် ဆင်ဖြူတောင်များသို့ လာရောက် လည် ပတ်ခွင့်အား အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်ထိ ပိတ်ထားမည် ဖြစ်သည်ဟု သိရသည်။
အဆိုပါ အထင်ကရ နေရာများသည် အထူးသဖြင့် ပြည်နယ်ပြင်ပမှ လာရောက်ကြသူတိုင်း သွားရောက် လည်ပတ်လေ့ရှိ သည့် နေရာများ ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်းက “ကျနော်တို့ ပြည်နယ်အတွင်းမှာ ဒီနေ့ထိ ရောဂါပိုး လုံးဝ မတွေ့ရှိသေးတာကြောင့် ဒါကို ဆက်ထိန်းတဲ့ အနေနဲ့ရော၊ လုံးဝ ဖြစ်ပွားမှုမရှိအောင် ကာကွယ်တဲ့အနေနဲ့ပါ ခဏပိတ်လိုက် တာပါ” ဟု ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
ထိုနေရာများသို့ သွားလာမှုများသဖြင့် ရောဂါဖြစ်ပွားမည်စိုး၍ ပထမလှိုင်းကာလ ကလည်း ပိတ်ထားခဲ့ကြောင်း၊ မြန်မာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါများ လျော့ပါးသွားချိန် ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကြားကာလတွင် ဖြေလျော့ကာ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း၊ ယခုအခါ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာသလို သေဆုံးမှုလည်း များလာသည့်အတွက် ယာယီ ပြန်ပိတ်လိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ကယားပြည်နယ်သည် ယနေ့အချိန်ထိ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်များအနက် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ မတွေ့ရှိသေးသည့် တခုတည်းသော ပြည်နယ် ဖြစ်သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၁ လလုံး ကယားပြည်နယ်ရှိ ခရီးသည် သယ်ယူပို့ဆောင်ရေး အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခြင်းကို ရပ်ဆိုင်းထားပြီး ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသော ယဉ်လိုင်းများကိုမူ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကယားပြည်နယ်အတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ အားလုံးနှင့် နိုင်ငံတွင်း မည်သည့် ဒေသမှမဆို ဝင် ရောက်လာသူအားလုံး Community Based Facility Quarantine (၁၄) ရက် နေထိုင်စေပြီး ဓာတ်ခွဲနမူနာ (၁) ကြိမ် ရယူ စစ်ဆေးသွားမည်ဖြစ်ကာ Home Quarantine (၇) ရက် ထားရှိဆောင်ရွက်မည်ဟုလည်း သိရသည်။
ထိုသို့ Quarantine ဝင်ရောက်ရာတွင် ပြည်ပနိုင်ငံမှ ဝင်ရောက်လာသူများမှလွဲ၍ ပြည်တွင်းမှ ဝင်ရောက်လာသူ နိုင်ငံ့ဝန် ထမ်း အပါအဝင် အားလုံး နေ့စဉ် ကျွေးမွေးမှုနှင့် ပတ်သက်၍ မိမိအစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး Quarantine Center တွင် စားသောက်မည်ဆိုပါက ယင်းကာလအတွင်း တနေ့ စားသောက်စရိတ် ငွေကျပ် ၂၈၀၀ နှုန်းဖြင့် (၁၄) ရက် စာ ငွေကျပ် ၃၉၂၀၀ ကျပ်အား Quarantine စတင်ဝင်ရောက်သည့်နေ့တွင် ကျခံပေးသွင်းရမည်ဟုလည်း ဆိုသည်။
အဆိုပါ ၂၈၀၀ ကျပ်သည် တနေ့ စားသောက်စရိတ်သာဖြစ်ပြီး တခြားလိုအပ်သည့် ရေသန့်၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်နယ်အစိုးရက ဖြည့်ဆည်းပေးကြောင်း၊ ၂၈၀၀ ကျပ် ပေးရန် မတတ်နိုင်သည့် Quarantine ဝင်သူများအတွက် ပြည်နယ်အစိုးရ ကျခံပေးမည်ဖြစ်ကြောင်း ဦးကျော်သန်းလင်းက ရှင်းပြသည်။
ဒုတိယလှိုင်း စတင်ခဲ့သည့် သြဂုတ် လလယ်ခန့်မှစ၍ ယနေ့အချိန်ထိ ရောဂါပိုး ကူးစက်နှုန်း နေ့စဉ် မြင့်တက်လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၉ ရက်၊ ည ၈ နာရီ အချိန်ထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၂,၄၂၅ ဦး ရှိပြီး သေဆုံးလူနာ ၂၈၄ ဦး ရှိပြီ ဖြစ်သည်။
ကိုဗစ် အတည်ပြုလူနာ မရှိသေးသည့် ကယားပြည်နယ်တွင် ယနေ့ (စက်တင်ဘာ ၃၀ ရက်၊ နံနက် ၉ နာရီ)ထိ ဆေး စစ်ဆေးချက်အဖြေ စောင့်ဆိုင်းဆဲလူနာ ၇ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
ရန်ကုန်မြို့တွင် ကိုဗစ်လူနာထားရန် ယာယီ ဆေးရုံများ ထပ်မံ တည်ဆောက်
ကိုဗစ်-၁၉ ကူးစက်မှု ၁ သောင်းကျော်လာပြီး ကျန်းမာရေးဝန်ထမ်းများ မဲဆွယ်ပွဲများကို သတိပေး
ဥရောပမှာ ကိုဗစ် ကူးစက်မှု များလာတာကြောင့် စည်းမျဉ်းသစ် ထုတ်ပြန်