သတင်း

Music Zone ဆိုင်ရှင်နှင့် မန်နေဂျာကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းပေါ်ရှိ KTV နှင့် စားသောက်ဆိုင် တွဲဖွင့်ထားသော Music Zone ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) ဖြင့် အမှုဖွင့် အရေးယူ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူများစွာ ရောဂါပိုး ကူးစက်ခံခဲ့ရသည့် Music Zone ပိုင်ရှင် ဦးဇော်မင်းနှင့် မန်နေဂျာတို့အား ကိုဗစ်ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက တရားလို ပြုလုပ်ကာ စက်တင်ဘာ ၂၉ ရက်၌ သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက် က ဧရာဝတီကို အတည်ပြုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က လူနာအမှတ် ၇၄၁ နှင့် ထိတွေ့ခဲ့သည့် Music Zone မှ ဝန်ထမ်းအမျိုးသမီး ၂ ဦးတွင် ကို ဗစ်ပိုး တွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာ ၉ ရက်အထိ ယင်းပိုးတွေ့လူနာမှတဆင့် ကူးစက်ခံရသူ ၉၂ ဦးထိ ရှိလာခဲ့ပြီး ယခုအ ခါ အဆိုပါ အယောက် ၉၀ ကျော်လုံး ဆေးရုံဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

Music Zone မှ ဆိုင်ပိုင်ရှင်သည် ကိုဗစ်ကာလအတွင်း ယခင် စားပွဲဝိုင်း ၁၀၀ ရှိရာမှ ၃၀ ဝိုင်းသာ ထားပြီး ကိုဗစ် စည်းကမ်း ချက်များကိုလည်း လိုက်နာပါမည်ဟု ပြောဆိုထားသော်လည်း ဆိုင်ကို သွားရောက် စစ်ဆေးရာတွင် စားပွဲဝိုင်း ၃၀ အတွက် ဝန်ထမ်း ၁၁၉ ဦး ခန့်ထားခြင်းကို တွေ့ရှိခဲ့ရကြောင်း မြို့နယ် ကိုဗစ်ကော်မတီ နာယက ၁ ဦး ဖြစ်သည့် သင်္ယန်းကျွန်းမြို့နယ်၊ တိုင်း (၂) လွှတ်တော်အမတ် ဦးမောင်မောင်ဦးက ဧရာဝတီကို စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြောဆိုထားသည်။

အဆိုပါ ဆိုင်ပိုင်ရှင်သည် ကိုဗစ်ကော်မတီက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို မလိုက်နာခြင်း၊ ဆိုင်ဝန်ထမ်း ၁၁၉ ယောက်အနက် ၉၂ ယောက်တွင် ကိုဗစ်ပိုး တွေ့ရှိခြင်းတို့အပေါ် အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဝန်ထမ်း ကျား ၇၅ ဦး နှင့် မ ၄၄ ဦးရှိသည့် အဆိုပါ Music Zone ဆိုင်ပိုင်ရှင်သည် အငြိမ်းစားအရာရှိ ၁ ဦး၏ ဆိုင်ဖြစ်သည် ဟူသော စွပ်စွဲပြောဆိုမှုများ ရှိသော်လည်း သက်ဆိုင်ရာက တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

ကိုဗစ်ရောဂါကူးစက်ရန် လွယ်သည့် တိုင်းနှင့် ပြည်နယ်များရှိ KTV၊ Bar ၊ Club များကို ဖွင့်ခွင့်မပြုသေးကြောင်း COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက သြဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်ထား သကဲ့သို့ ချိုးဖောက်သူများကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အရ ပြစ်မှုထင်ရှားပါက ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၃၀ ရက်၊ ည ၈ နာရီ အချိန်ထိ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဓာတ် ခွဲအတည်ပြု လူနာပေါင်း ၁၃,၃၇၃ ဦးရှိပြီး သေဆုံးလူနာ ၃၁၀ ဦး ရှိပြီ ဖြစ်သည်။

You may also like these stories:

Hotel Mandalay မှ အမျိုးသမီးဝန်ထမ်း ၂၃ ဦး ကိုဗစ်ပိုးကူးစက်ခံရ

Music Zone ဆိုင်ရှင်ကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်ရန် စီစဉ်

Loading