နှင်းဆီပါတီ (ခေါ်) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်မြင့်(ခ) မိုက်ကယ် ကျော်မြင့် ဟွာဟူမှာ ရဲဘက်ပြေးမှုနှင့် စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်းတွင် အဖမ်းခံရပြီးနောက် ပါတီ အနေဖြင့် မည်ကဲ့သို့ ဆက် လက် ရပ်တည်မလဲဆိုသည့် မေးခွန်း ရှိလာသည်။
မြန်မာနိုင်ငံတွင် တနိုင်ငံလုံးကို ကိုယ်စားပြုပြီး ဒုတိယ ကိုယ်စားလှယ် အများဆုံး ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် နှင်းဆီပါတီ ၏ ခေါင်းဆောင်တဦး ယခုလို အဖမ်းခံရခြင်းက ပါတီနှင့် ကိုယ်စားလှယ်လောင်းများအပေါ်တွင် သက်ရောက်မှု ရှိမည်မှာ ငြင်းမရသည့် အချက်တခု ဖြစ်သည်။
ယခုအခါ ဦးကျော်မြင့်ကို မန္တလေး အိုးဘိုထောင်တွင် ချုပ်နှောင်ထားသည်ဟု သိရှိရပြီး မနက်ဖြန်တွင် ချမ်းအေးသာဇံမြို့ နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးရန် ရှိသည်ဟုလည်း ဆိုသည်။
ဦးကျော်မြင့်သည် ရဲဘက်ပြေးမှုနှင့် အဖမ်းခံရသော်လည်း သတင်းဌာန အသီးသီးနှင့် သတင်းရင်းမြစ်မျိုးစုံ၏ ဖော်ပြချက် များအရ နောက်ပိုင်းတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့်ပါ ညှိစွန်းနိုင်သဖြင့် ယခုကိစ္စကို ကော်မရှင်က စုံစမ်း စစ်ဆေးသင့်သည်ဟု ပြောဆိုမှုများလည်း ရှိသည်။
နေပြည်တော်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က“သူ(ဦးကျော်မြင့်)က ပါတီကို ဗမာပြည်မှာထောင်တာ မဟုတ် ဘဲနဲ့ ကနေဒါကနေ သယ်လာတယ်။ အဲဒီ သမိုင်းကြောင်းတခုလုံးကို ပြန်စုံစမ်းရင် ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ မှတ်ပုံ တင်ပယ်ဖျက်ဖို့အတွက် ဆုံးဖြတ်မယ်ဆိုရင်လည်း ဒါကတော့ မမှားဘူးပေါ့ဗျာ”ဟု ပြောသည်။
ယခု အဖမ်းခံရသည့် ပုဒ်မမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ သာ ဖြစ်၍ ယခုပုဒ်မနှင့်သာ အရေးယူမည် ဆိုပါက ပါတီနှင့် မသက်ဆိုင်၍ မှတ်ပုံတင် ရပ်ခိုင်း၍ မရကြောင်း၊ သို့သော် ၎င်းနှင့် ဆက်စပ်သည့် အခြားကိစ္စရပ်များကိုပါ ဖော်ထုတ်နိုင်မည် ဆိုပါက ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရပါ အရေးယူနိုင်မည် ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။
ယခုလို နောက်ကြောင်း မရှင်းသည့် ပုဂ္ဂိုလ်တဦးကို ပါတီတည်ထောင် ခွင့်ပြုခဲ့ခြင်းသည် ဒီမိုကရေစီကို ရုပ်ပျက်စေကြောင်း၊
ဦးကျော်မြင့်သည် ပိုက်ဆံ သုံးနိုင်သဖြင့် ကိုယ်တိုင် ပါတီမထောင်မီက နိုင်ငံရေးပါတီ တချို့တွင် နာယက လုပ်ဖူးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)မှ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
“သူက ပိုက်ဆံသုံးနိုင်တယ်ဆိုတာ နိုင်ငံတကာလှည့်ပြီး လိမ့်ခဲ့တာကိုး။ ကျနော်တို့လည်း မသိလိုက်ဘူး။ ကော်မရှင်က လည်း သိဟန်မတူဘူး။ ရွေးကောက်ပွဲ ဝင်မယ့်စာရင်းတွေ ကြည့်လိုက်တော့မှ တခါတည်း မျက်လုံးပြူး မျက်စံပြူး ဖြစ် သွားတယ်။ အဲဒီဟာက သူ့ကိုယ်သူ ဒုက္ခပေးသွားတာပဲ။ ပြောချင်တာက ဒီလိုဟာမျိုးကတော့ နဂိုကတည်းက ရှင်းလင်း ထားဖို့ လိုတယ်”ဟု မုံရွာအောင်ရှင်က ပြောသည်။
၎င်းက ဆက်၍ “သူစဝင်လာတာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဝင်လာတာပဲ။ နိုင်ငံရေးပါတီထောင်တယ်။ အဲဒီက တည်းက သတိထား ရမှာ။ ကျနော် အဲဒီကတည်းက သတိထားမိတယ်။ သူဟိုပါတီ၊ ဒီပါတီတွေမှာ ပိုက်ဆံပေးပြီးတော့ နာယက လုပ်သေးတာ။ ဒီလိုမျိုးတွေက မဖြစ်သင့်ဘူး။ ဒါက ဒီမိုကရေစီကို ရုပ်ပျက်စေတယ်”ဟု ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီက ရွေးကောက်ပွဲ ဝင်ရန် အားထုတ်ခဲ့သည့် မုံရွာ အခြေစိုက် အမြဲစိမ်းပါတီ၊ မန်းလေး အ ခြေစိုက် အမျိုးသား နိုင်ငံရေး တပ်ပေါင်းစုနှင့် အခြားပါတီတို့မှာ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ် ရှိသည်ဟု ဆိုကာ ထိုစဉ်က ကော်မရှင်က ပါတီ တည်ထောင်ခွင့် မပြုခဲ့ပေ။
“အခုက လူတော်တော်များများက ကော်မရှင်ကို အပြစ်တင်နေကြတာပေါ့လေ။ သို့သော်လည်း ကော်မရှင်တင် မကဘူး။ အခု ကိစ္စမှာ တာဝန်ရှိတဲ့သူတွေ ရှိတယ်။ အများကြီးပဲ။ အဲဒါတွေ သတိတော့ ထားရလိမ့်မယ်ထင်တယ်”
ထိုစဉ်က ထောက်လှမ်းရေးစနစ်က ယခုထက် ကောင်းမွန်ပြီး နိုင်ငံရေးအရ အစဉ်အလာ ရှိသူများ ဦးဆောင်သည့် ပါတီများ ပင် ရွေးကောက်ပွဲ ဝင်၍ မရခဲ့ကြောင်း ယခုအခြေအနေနှင့် ခိုင်းနှုန်း ပြောဆိုကြသည်။
“အခုက လူတော်တော်များများက ကော်မရှင်ကို အပြစ်တင်နေကြတာပေါ့လေ။ သို့သော်လည်း ကော်မရှင်တင် မကဘူး။ အခု ကိစ္စမှာ တာဝန်ရှိတဲ့သူတွေ ရှိတယ်။ အများကြီးပဲ။ အဲဒါတွေ သတိတော့ ထားရလိမ့်မယ်ထင်တယ်”ဟု မုံရွာ အောင်ရှင်က ပြောသည်။
ယခု နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ကမူ တာဝန်ရှိသူအားလုံး ယနေ့တွင် မည်သူမျှ ဖုန်းမကိုင်ကြပေ။ ပုံမှန် သတင်းစာ ရှင်းလင်းပွဲလည်း ယခုနောက်ပိုင်းတွင် မလုပ်တော့ပေ။
ဦးကျော်မြင့်သည် နိုင်ငံရေးလောကသို့ ဝင်ရောက်နိုင်ရန် ၎င်း၏ ဘဝကိုလည်း လိမ်ညာပြောဆိုခဲ့သူတဦး ဖြစ်ကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီတွင် ပါဝင်ခဲ့သည်ဆိုသည့် အချက်နှင့် သူ့မျိုးနွယ်ကိုပါ လိမ်လည်ခဲ့ကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
ဦးရဲထွန်းက “အခုကျတော့ ဒုတိယ အများဆုံး ပြိုင်မယ့်ပါတီဆိုတော့ ဘာလဲဆိုပြီး ဖြစ်ကြတာပေါ့။ ဒီငွေတွေ ဘယ်က ရတာတုန်း။ သိပ်မသေချာတဲ့ ဒီလိုဟာမျိုးကို စီးပွားရေးသမား လောင်းကစားလုပ်တယ်ဆိုရင်လည်း လုံးဝရှုံးမှာ သေချာတဲ့ ဥစ္စာလေ။ လုံးဝ ပလုံမယ့် ငွေလေဗျာ”ဟု ပြောသည်။
၎င်းက ဆက်၍ “အခု အစိုးရပါလာရတဲ့ အဆင့်ရောက်သွားတာပေါ့။ သူ့ငွေတွေ ဘယ်ကရလဲဆိုတာ မလုပ်သေးဘူး ထင် တယ်။ သူထောင်ထားတဲ့ ကုမ္ပဏီတွေကို စစ်လိုက်ရင် ပေါ်လာမှာ။ သူ့ကုမ္ပဏီတွေကလည်း ဘာလုပ်ငန်းမှ မယ်မယ်ရရ လုပ်တာ မဟုတ်ဘူး။ ဒါဆိုရင် ဒီငွေတွေက ဘယ်ကလာလဲဆိုတဲ့ မေးခွန်းရှိတယ်”ဟု ပြောသည်။
ယခု ငွေရလမ်းကြောင်းကို သက်ဆိုင်ရာက ဖော်ထုတ်ရန် တာဝန်ရှိကြောင်း၊ ကနေဒါ သို့မဟုတ် တရုတ်ပြည်နှင့် မည်မျှ ပတ်သက်သည်၊ အခွန်ဆောင်၊ မဆောင်နှင့် ဆက်စပ် အကြောင်းအရာ အားလုံးကို ဖော်ထုတ်သင့်ကြောင်း ဦးရဲထွန်းက ပြောသည်။
ဦးကျော်မြင့်သည် မြန်မာကျုံယွမ်းကုမ္ပဏီအား ထူထောင်လုပ်ကိုင်ခဲ့ရာမှ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလတွင် အမည်ပျက် စာရင်း သွင်းခံရကာ ငွေကြေး အရှုပ်အရှင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရသော်လည်း အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်သည်။
ယင်းမန္တလေး အကျဉ်းထောင်၏ မှတ်တမ်းများအရ ဦးကျော်မြင့် လွတ်မြောက်ခဲ့မှုအတွက် ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် “ထိရောက်စွာ ဆောင်ရွက်ရန်၊ အဆင့်ဆင့် တာဝန်ရှိသူ ထောင်ပိုင်၊ ညွှန်ကြားရေးမှူးများတွင် တာဝန်မကင်းပါ။ အရေးကြီး အကျဉ်းသားအား လက်လွှတ်စပယ် လက်အောက်ဖြင့် လွှတ်ထားခြင်းမှာ ယုံကြည်နိုင်ဖွယ် မရှိပါ”ဟု မှတ်ချက် ချခဲ့ကြောင်း သိရသည်။
ဦးကျော်မြင့်သည် ထောင်ပြင်ပသို့ သွားရောက်ပြီး ဆေးကုသမှု ခံယူရန် မလိုအပ်သော်လည်း အကျဉ်းထောင် ဆရာဝန်က မလိုအပ်ဘဲ တင်ပို့ကုသခဲ့သည်ဟု ၁၉၉၉ ခုနှစ်၊ ဇူလိုင်လက ထုတ်ပြန်သည့် ညွှန်ကြားချက်တစောင်တွင် ဖော်ပြထား
သည်။
ယခုအခါ ဦးကျော်မြင့်နှင့် ပတ်သက်ပြီး ရဲလုပ်ငန်း ကုန်စင်အောင် ဆက်လက် ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ပြောခွင့်ရသူ ရဲမှူးကြီး ကျော်သီဟက ပြောသည်။
ထိုစဉ်က ထောင်ဒဏ်ချမှတ်ခံရမှုနှင့် ပတ်သက်ပြီး ဦးကျော်မြင့်အနေဖြင့် နိုင်ငံပုဒ်မ-၅(ည)ဖြင့်သာ အရေးယူခံရ ခြင်းဖြစ်ပြီး ငွေကြေးအရှုပ်အရှင်းများကြောင့် မဟုတ်ကြောင်း UDP ပါတီ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထက်ဦးက ဧရာဝတီသို့ ရှင်းလင်း ပြောထားသည်။
ထိုစဉ်က ငွေကြေး အလိမ်ခံရသူများထဲတွင် တပ်မတော်အရာရှိများ၊ မိသားစုများ ပါဝင်ခဲ့ပြီး ထိုစဉ်က မြန်မာကျုံယွမ် ကုမ္ပ ဏီက ကျပ်ငွေ ၂ သိန်းခန့် လိမ်သွားခဲ့ကြောင်း၊ ငွေကြေး အနည်းငယ် စိုက်ထုတ်ရုံဖြင့် အတိုးများများ ရမည်ကို မက်ခဲ့ သဖြင့် အလိမ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ယခု နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရ အရာရှိတဦးက ပြော သည်။
ထိုအမှုဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် နေထိုင်နေစဉ် ကုမ္ပဏီ ရှယ်ယာများနှင့် ပတ်သက်ပြီး ပြဿနာ များဖြစ်ပေါ်ခဲ့ကြောင်းနှင့် တရားရုံးမှလည်း ၎င်းအား ဒဏ်ငွေချမှတ် အရေးယူခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်ရွေးကောက်ပွဲတွင် ပါတီအသုံးစရိတ်များနှင့် ပတ်သက်၍ ဦးကျော်မြင့်၏ ကုမ္ပဏီတခုဖြစ်သည့် Myanmar Kyaw ကုမ္ပဏီကတဆင့် စိုက်ထုတ်အကုန်အကျခံကာ ပါတီစည်းရုံးရေးအတွက် ငွေကြေးများ သုံးစွဲနေခြင်းနှင့် ပတ်သက်၍လည်း မေးခွန်းထုတ်မှုများရှိနေသည်။
“ကျနော်တို့ပါတီက အာဏာ မမက်ဘဲနဲ့ ပြည်သူဆီမှာ အမှန်တကယ်အာဏာလိုချင်တယ်ဆိုရင် မိမိကိုယ်တိုင်ပဲ ထူးထူး ချွန်ချွန်လုပ်ကြပါ။ အဲလိုမျိုး ပါတီဥက္ကဌက ညွှန်ကြားလို့ လုပ်တယ်။ ပြည်သူကနေပြီးမှ ခိုင်းစေတဲ့ဟာကို လုပ်ပါဆိုတော့ ကျနော်တို့ကတော့ ဘာမှတော့ စောဒက တက်စရာတော့ မရှိဘူး”
ယင်းသို့ မေးခွန်းထုတ်မှုများအပေါ် Myanmar Kyaw ကုမ္ပဏီနှင့် ပတ်သက်၍ သိလိုပါကလည်း သက်ဆိုင်ရာ အခွန်ရုံးတွင် စုံးစမ်းနိုင်ကြောင်း ဦးကျော်မြင့်က ပါတီ၏ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောထားသည်။
နေပြည်တော် ဇေယျသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲဝင်မည့် ဦးမိုးဝင်းက ပါတီ ဥက္ကဌ အ ဖမ်းခံရသော်လည်း ၎င်းတို့အနေဖြင့် လုပ်စရာရှိသည့် အလုပ်များကို ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ပြော
သည်။
“ကျနော်တို့ပါတီက အာဏာ မမက်ဘဲနဲ့ ပြည်သူဆီမှာ အမှန်တကယ်အာဏာလိုချင်တယ်ဆိုရင် မိမိကိုယ်တိုင်ပဲ ထူးထူး ချွန်ချွန်လုပ်ကြပါ။ အဲလိုမျိုး ပါတီဥက္ကဌက ညွှန်ကြားလို့ လုပ်တယ်။ ပြည်သူကနေပြီးမှ ခိုင်းစေတဲ့ဟာကို လုပ်ပါဆိုတော့ ကျနော်တို့ကတော့ ဘာမှတော့ စောဒက တက်စရာတော့ မရှိဘူး”ဟု ဦးမိုးဝင်းက ပြောသည်။
ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီထက် ကိုယ်စားလှယ်လောင်း ပိုများသဖြင့် အာဏာရပါတီ၏ အာရုစိုက်မှု ခံရပြီး စုံစမ်းမှု များ ရှိလာသည်ဟု ထင်ကြောင်း၊ ၎င်းတို့မှာ နှင်းဆီပါတီသည် ပရဟိတကို အခြေခံခြင်း၊ ပါတီ၏ မူဝါဒ ရည်မှန်းချက် ၁၂ ချက်ကို သဘောကျခြင်းတို့ကြောင့် ယခုလို ပါဝင်ရခြင်း ဖြစ်ကြောင်း နှင်းဆီပါတီ၏ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်မင်းထိုက်က ပြောသည်။
“သူ (ဦးကျော်မြင့်) မရှိလည်း ပါတီကတော့ ရှိနေမှာပဲလေ။ ဟုတ်တယ်မလား။ သူမရှိလည်း ဒီပါတီက ပြည်သူ့ပါတီ သူ့ ပါတီ မဟုတ်ဘူး။ သူကိုယ်တိုင် ပြောထားပြီးသား။ ဒါဥက္ကဌကြီး ဦးကျော်မြင့်ရဲ့ ပါတီမဟုတ်ဘူး။ အခုနှင်းဆီပါတီ နှင်းဆီ ပြည်သူများရဲ့ ပါတီပဲ။ အဲလိုသူလည်း လိုက်လွှင့်ထားပြီး ဖြစ်တယ်”ဟု ပါတီ၏ တိုင်းလူငယ်တာဝန်ခံလည်း ဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။
အထက်ပါ နှင်းဆီပါတီ ကိုယ်စားလှယ် ၂ ဦး စလုံးသည် ပါတီ ဥက္ကဌ ဦးကျော်မြင့်ကို အပြင်တွင် မမြင်ဘူးကြောင်း၊ ၎င်းတို့ ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပါတီ၏ ထောက်ပံ့ကြေး ရရှိခြင်းမျိုး မရှိဘဲ ရပ်ကျေး၊ မြို့နယ် ပါတီဝင် စည်းရုံး ရေးမှူး များကသာ ပါတီထောက်ပံ့ကြေး ရရှိခြင်း ဖြစ်ကြောင်း သိရသည်။
နှင်းဆီပါတီကမူ ယနေ့ ရက်စွဲဖြင့် ကြေညာချက်တခု ထုတ်ပြန်ရာ ပါတီ ဥက္ကဌ ဦးကျော်မြင့်၏ ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် ပတ်သက်၍ မစိုးရိမ်ကြရန်နှင့် ပါတီသည် တဦးတယောက်ပိုင် မဟုတ်သဖြင့် ပါတီ၏ ရည်မှန်းချက်များ ဆက်လက် အ ကောင်အထည် ဖော်ကြရန် တိုက်တွန်း နှိုးဆော်ထားသည်။
နှင်းဆီပါတီ၏ တာဝန်ရှိသူတချို့ ထံ ယနေ့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
UDP ပါတီအား၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ စတင် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဇွန်လတွင် ရွေးကောက်ပွဲ ကော်မ ရှင် (UEC)ထံတွင် အမှတ်စဉ် ၁၆ ဖြင့် ပါတီ မှတ်ပုံတင် ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဦးကျော်မြင့်သည် နှင်းဆီပါတီ၏ ဥက္ကဌ ဖြစ်လာကြောင်း စုံစမ်း သိရှိရသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နှင်းဆီပါတီမှ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီပြီးလျှင် ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံး ဝင်ပြိုင် သည့် ပါတီတခု ဖြစ်သည်။
ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲနှင့်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် UDP ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။
You may also like these stories:
တရုတ်တွင် စစ်မှန်သော မဟာမိတ်မရှိဟု အမေရိကန် နိုင်ငံခြားရေး အကြံပေးက ပြော
AAနှင့် ARSAတို့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို အသုံးချနေဟု မြန်မာအစိုးရပြော
ဦးခွန်ထွန်းဦး ဘာကြောင့် ပါတီ ဥက္ကဋ္ဌ ရာထူးက နှုတ်ထွက်သလဲ