သတင်း

အဆိုတော် ယုန်လေး လွှင့်တင်သည့် ဖိနပ်ကြော်ငြာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုဖြင့် ဝေဖန်ခံနေရ

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ယုန်လေး၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားသည့် Mi Star အမည်ရှိ ဖိနပ်ကြော်ငြာသည် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ထိပါးစော် ကားသော ရိုက်ကူးမှုများ ပါဝင်သည်ဟုဆိုကာ ပြင်းထန်စွာ ဝေဖန် ခံနေရသည်။

အဆိုပါ ဖိနပ်ကြော်ငြာတွင် ကုန်ပစ္စည်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ အမျိုးသမီး၏ ခန္ဓာကိုယ်ကို အလွန်အကျူး ကြည့်ရှူ သည့် ရိုက်ချက်များကို သာမက အမျိုးသမီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို ရည်ညွှန်းသော ပြောဆိုချက်များကိုပါ ထည့်သွင်း ရိုက်ကူးထားခြင်းဖြစ်သည်။

ထိုရုပ်သံကြော်ငြာကို လွှင့်တင်သူမှာ အဆိုတော်ယုန်လေး ဖြစ်ပြီး မည်သူ ရိုက်ကူးတင်ဆက်သည်ကိုမူ ရှင်းလင်း စွာ ဖော်ပြထားခြင်းမရှိပေ။ လက်ရှိတွင် အဆိုပါ ဖိနပ်ကြော်ငြာကို ဖိနပ်ဆိုင်၏ ဖေ့စ်ဘုတ်ပေ့ချ်က ဖြုတ်ချထားသည်ကို လည်း တွေ့ရသည်။

မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်း Myanmar Cultural Research Society မှ ကိုရဲဟိန်းအောင်က “စီးပွားရေး ကြော်ငြာတွေမှာ အမျိုးသမီးတွေကို ဒီလိုပုံစံမျိုးနဲ့ အသုံးချတဲ့ ပုံစံကို ကျနော်တို့ အားမပေးဘူး။ လူတယောက်ရဲ့ ဖြစ်တည်မှု နဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ်လို့ ကျနော်တို့ ယူဆတယ်။ နောက် တခုက ဒါက ရယ်မောစရာ ဟာသ လို့လည်း မမြောက်တဲ့အပြင် ကြော်ငြာရဲ့ ကုန်ပစ္စည်း ရဲ့ Content နဲ့လည်း မဆိုင်ဘူး”ဟု မှတ်ချက်ပြုသည်။

Myanmar Cultural Research Society သည် ဒါရိုက်တာများ၊ ဇာတ်ညွှန်း ရေးသူများ၊ သရုပ်ဆောင်များ၊ ဆင်ဆာ အဖွဲ့၊ ထုတ်ဝေသူစသည့် ရုပ်ရှင်ဖန်တီး ထုတ်လုပ်သူ များ၊ မသန်စွမ်းနှင့် LGBT အဖွဲ့အစည်းများစသည်တို့ကို တွေ့ဆုံ မေးမြန်း ရေးသားပြုစုထားသည့် တုန်ခြင်း၊ မှုန်ခြင်း သည်းခံပါ (မြန်မာ့ရုပ်ရှင်များအတွင်း လွဲမှားစွာ ပုံဖော်ခံနေရသော လူ့အဖွဲ့အစည်း) ဆိုသည့် အစီရင်ခံစာကို စက်တင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့သည်။

ကိုရဲဟိန်းအောင် က “ဒီကြော်ငြာကို လူကြည့်များစေဖို့ လူတွေ Taste လုပ်စေဖို့အတွက်ကို တမင်တကာ ရည်ရွယ် အသုံးချပြီး လုပ်တဲ့ ကြော်ငြာပေါ့နော်။ ကျနော်ကတော့ လူသားဆန်တဲ့ကျင့်ဝတ်နဲ့ မညီဘူးလို့ သုံးသပ်ပါတယ်” ဟု ဆက်ပြောသည်။

အဆိုပါ ကြော်ငြာရုပ်သံ မျှဝေထားသည်မှာ တရက်တာခန့်သာ ရှိသေးသော်လည်း ယင်းကြော်ငြာအောက်တွင် လိင် ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ပြုလုပ်သည်ဟုဆိုကာ ကြည့်ရှုထားသူများစွာက ဝေဖန်ထားသည့် မှတ်ချက်ပေါင်း ၁၀၀၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။

အမျိုးသမီးများ၏ ခန္ဓာကိုယ်ကို အသုံးချပြီး ဟာသ လုပ်နေခြင်းမှာ မြန်မာ့လူမှု အသိုင်းအဝိုင်းအတွက် ရှက်စရာ ဖြစ်ကြောင်း အမျိုးသမီး အရေးလှုပ်ရှားသူ မဇင်မာဖြိုးက ဆိုသည်။

မဇင်မာဖြိုး က“တခြားနိုင်ငံတကာတွေမှာ ပန်းကန်ဆေးရည် ကြော်ငြာတာကအစ အမျိုးသမီး အလုပ် တခုမဟုတ်ဘူး အမျိုးသား တွေရဲ့ အလုပ်ပါ ဖြစ်တယ်ဆိုပြီး အမျိုးသား တွေကိုပါ ဆပ်ပြာတို့ ပန်းကန်ဆေးရည်တို့ ကြော်ငြာတဲ့ အထိ တိုးတက် လာနေတဲ့ အချိန်မှာ ကျမတို့ လူမှုအသိုင်းအဝိုင်းမှာကျတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး အခုထိ ဟာသတခုလို လုပ်လို့ကောင်းနေဆဲ ဖြစ်တာက မြန်မာနိုင်ငံလူမှု အသိုင်းအဝိုင်း အတွက် ရှက်စရာ တခုဖြစ်တယ်” ဟု သုံးသပ်သည်။

၎င်းကဆက်၍ “ဗစ်တိုးရီးယားအတွက် တရားမျှတမှုတို့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံလိုက်ရတဲ့ အမျိုး သမီးတွေရဲ့ တရားမျှတမှု ဆိုပြီးတော့ ကျမတို့က ပြောနေကြတယ်၊ ဒီရုပ်သံတွေက ပြလိုက်တာတွေရော၊ နှုတ်ကနေ ပြောလိုက်တာတွေရောက ကျမတို့ အသိုင်းအဝိုင်းမှာ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး နှောက်ယှက်လိုက်တဲ့ အပြု အမူတွေက ဖြစ်စေတဲ့ အကြောင်းအရင်း ထဲမှာ ပါတယ်ဆိုတာ နားလည်ဖို့ လိုတယ်” ဟု ပြောသည်။

အဆိုပါ ရုပ်သံကြော်ငြာတွင် အမျိုးသမီးများကို လိင်ပါးဆိုင်ရာ ထိပါး စော်ကားမှုသာမက အမျိုးသားများ၏ အကျင့် စရိုက်ကိုပါ လွဲမှားစွာ ပုံဖော် ထားသည်ကိုလည်း မြင်တွေ့ရကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

အသံအဖွဲ့၏ အုပ်ချုပ်မှု ဒါရိုက်တာ ကိုဆောင်းခက “တဖက်က Gender နဲ့ Harassment အပေါ်မှာ Sensitivity ရှိတဲ့ အမျိုးသားတွေအတွက်လည်း ဒါကြီးကို ကြည့်ရတာ ဘယ်လိုမှ စိတ်ချမ်းသာစရာ မကောင်းဘူး။ တော်တော်လေးကို စပ်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စ တခုအနေနဲ့ မြင်ပါတယ်” ပြောသည်။

အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများနှင့် ပတ်သက်ပြီး အသိအမြင်နည်းပါး နေသည့်အတွက် ပညာပေးမှုများ ပြုလုပ်ရာတွင် အနုပညာရှင်များပါ ပါဝင်လာအောင် ပြုလုပ်သင့်ကြောင်း ပညာအလင်းပွင့် မြန်မာ သုတေသနဖောင်ဒေးရှင်းမှ အကြီးတန်းပရိုဂရမ်မန်နေဂျာ မအေးလဲ့ထွန်းက သုံးသပ်သည်။

 

မအေးလဲ့ထွန်း က“သူ့စိတ်ထဲမှာကိုက ဒါမျိုးလုပ်တာသည် အပျော်ပဲဆိုတာမျိုးသည် သူတို့မှာ Gender နဲ့ ပတ်သက်တဲ့ Awareness နည်းနေတာမျိုးတွေ့ရတယ်။ ဟိုးကတည်း ကလည်း ရုပ်ရှင်တွေမှာ ကြည့်ရတယ်။ အမျိုးသမီးတွေကို နောက်ပိုင်းတွေ ရိုက်ပြတာ၊ ရင်သားတွေအပေါ်မှာ ဟာသလုပ်တာ၊ LGBT တွေကိုရောပေါ့ စသ ဖြင့် Gender တခုကနေ တခုကို Harassment လုပ်တဲ့ Message မျိုးတွေ မပေးရဘူး။ မလုပ်သင့်ဘူး ဒါလူ့အခွင့်အရေးနဲ့လည်း ထိခိုက်စေတာမျိုး သူတို့မှာ အမြင်နည်းနေတာမျိုးကို တွေ့ရတယ်” ဟု ပြောသည်။

ထိုသို့သော မှတ်ချက်များကြောင့် Mi Star ဖိနပ်၏ ဖေ့စ်ဘုတ်ပေ့ချ်တွင် တင်ထားသည့် ဖုန်းနံပတ်သို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

အဆိုတော် ယုန်လေးသည် ၎င်း ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူး ပုံဖော်ထားသည့် “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကို ဩဂုတ် ၄ ရက် မနက်ပိုင်းက “Original Gangster” Page တွင် တင်ခဲ့စဉ်ကလည်း လူထု က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အဆိုတော် ယုန်လေးကို ရိုက်ကူးခွင့် ၁ နှစ်ရပ်ဆိုင်းခဲ့သည်။

ကိုဆောင်းခက “ပြီးခဲ့တဲ့ ယုန်လေးဖြစ်ခဲ့တဲ့ ပြဿနာမှာဆိုရင် ယုန်လေးဘက်က ရပ်တည် ခဲ့ကြတယ်။ သူ့ရဲ့ဖန်တီးက ကောင်းတာ မကောင်းတာ အပထား သူ့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ရုပ်ရှင်အစည်းအရုံးက အရေးမယူသင့်ဘူးလို့ ပြောခဲ့တယ်။ သို့သော်လည်းပဲ ဒီလို Harassment မြောက်တဲ့ ကိစ္စမျိုးကို Harassment Normalize လုပ်တဲ့ ကိစ္စမျိုး ပေါ်ထင်ထင် လူထုကြားထဲမှာ အပျော်ပေါ့ ဆိုတာမျိုးနဲ့ သူဖန်တီးတာမျိုးက လုံးဝလက်သင့်ခံ နိုင်စရာ ကိစ္စ မဟုတ်ပါဘူး” ဟု ပြောသည်။

အဆိုပါ “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာ ပြည်)” MTV ထုတ် လွှင့်ခဲ့ပြီး နောက်တနေ့ဖြစ်သည့် သြဂုတ်လ ၅ ရက်မှာပင် ယုန်လေးသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် Live လွှင့်ကာ တောင်းပန် ခဲ့သေးသည်။

You may also like these stories:

အဆိုတော် ယုန်လေးအား ရိုက်ကူးခွင့် ၁ နှစ် ပိတ်သည့်အပေါ် ဝေဖန်ပြောဆိုမှုများရှိနေ

လူ့ဂုဏ်သိက္ခာကိုပါ ယုတ်လျော့အောင် ရိုက်ကူးထုတ်လုပ်နေတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading