ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံထားရသည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ခေါ် နှင်းဆီပါတီ (UDP) ၏ ဥက္ကဋ္ဌ ဦးကျော်မြင့် နှင့် ပတ်သက်ခြင်း မရှိသည့်အပြင် နှင်းဆီပါတီနှင့်လည်း ကင်းကင်းရှင်းရှင်း နေလိုသည်ဟု ဒီမိုကရေစီပါတီသစ်(ကချင်) (NDP-K) ၏ နာယက ဦးဇခုန်တိန့်ယိန်းက ပြောသည်။
ဦးဇခုန်တိန့်ယိန်းသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ် တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဒီမိုကရေစီပါတီသစ် (ကချင်) ၏ နာယကတဦး ဖြစ်ပြီး ၁၉၈၉ ခုနှစ်က စစ်အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်)၏ ခေါင်းဆောင်တဦးလည်း ဖြစ်သည်။
ဦးကျော်မြင့်သည် ဖမ်းဆီး မခံရခင် စက်တင်ဘာလအတွင်းက ဒီမိုကရေစီ ပါတီသစ် (ကချင်)၊ ဥက္ကဋ္ဌ ဦးတိန့်ဆောင်ထံသို့ လိပ်မူပြီး မိတ်ဆက်စာ တစောင် ပို့ခဲ့သည်။
ထို မိတ်ဆက်စာနှင့် ပတ်သက်၍ ပါတီတွင်း မေးမြန်းရာ ဦးဇခုန်တိန့်ယိန်းက ၎င်းသိသည့် ဦးကျော်မြင့်၏ နောက်ကြောင်း များ ရေးသားထားသည့် စာတစောင်ကို စက်တင်ဘာလ ၂၄ ရက်တွင် ပါတီတွင်း ပေးပို့ခဲ့ပြီး နှင်းဆီပါတီနှင့် ကင်းကင်း ရှင်းရှင်း နေလိုကြောင်းလည်း ထည့်သွင်း ရေးသားကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“UDP ကိစ္စ အရှုပ်ထုပ်ကို ရွေးကောက်ပွဲ ကော်မရှင်ကသာ ရှင်းလင်းရမည် ဖြစ်ပါသည်။ ယခုအခါ ပေါ်ပေါက်နေသော ပါတီ များ၏ အသုံးစရိတ် ပြဿနာ၊ UDP ပါတီ၏ ရာဇဝင်သမိုင်းဆိုင်ရာ ရှင်းလင်းရေးသည် ရွေးကောက်ပွဲ ကော်မရှင်မှာသာ တာဝန်ရှိသည့် ပြဿနာ ဖြစ်၍ နိုင်ငံရေး ပါတီများအနေဖြင့် ကော်မရှင် တာဝန်ရှိသူများကို တင်ပြမေးမြန်းသင့်သည်” ဟု ၎င်း၏စာတွင် ရေးသားထားသည်။
ဦးဇခုန်တိန့်ယိန်းက ၎င်းနာယကအဖြစ် ဦးဆောင်နေသည့် ဒီမိုကရေစီပါတီသစ် (ကချင်) က ပါတီအချင်းချင်း ညီညွတ်မှုကို လိုအပ်သော်လည်း ဦးကျော်မြင့်၏ နှင်းဆီပါတီနှင့် ကင်းကင်းရှင်းရှင်းသာ ရှိလိုပါသည်ဟုလည်း စာထဲတွင် ထည့်သွင်း ရေးသားထားခြင်း ဖြစ်သည်။
ဦးကျော်မြင့်၏ နောက်ကြောင်းနှင့် ပတ်သက်၍ ဗကပ တပ်တွင်းသို့ ၁၉၇၃-၇၄ ခုနှစ်တွင် စတင်ဝင်ရောက်လာစဉ်က မစ္စ တာ ဟူဟွာ ဟုသာ သိခဲ့ပြီး မစ္စတာ ဟူဟွာသည် ဗကပ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇော်မိုင်၏ သမီးနှင့် လက်ထပ်ခဲ့သည်ဟု ဦးဇခုန်တိန့်ယိန်းက ရေးသားထားသည်။
ထိုစဉ်က ဦးဇခုန်တိန့်ယိန်းသည် ဗကပ ၊ ၁၀၁ စစ်ဒေသ၏ တပ်မှူး တဦး ဖြစ်သည်။
ဗကပ ပြိုကွဲပြီးနောက် ဦးဇခုန်တိန့်ယိန်းက NDA-K ကို တည်ထောင်ကာ ဗိုလ်ချုပ် ဇော်မိုင်ကလည်း ဝ ပြည် သွေးစည်း ညီ ညွတ်ရေး တပ်မတော် (UWSA) ၏ ဗဟို ကော်မတီဝင် ဖြစ်လာခဲ့သည်ဟု သိရသည်။
မစ္စတာ ဟူဟွာသည်လည်း ဝ တပ်ဖွဲ့အတွင်း ရောက်ပြီးနောက် ဝ ကျော်မြင့် ဟူ၍ အမည်တွင်လာသည်ဟု ဦးဇခုန်တိန့် ယိန်းက ရေးသားထားသည်။
ဦးဇခုန်တိန့်ယိန်းက “ဝ တပ်ဖွဲ့များ အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်သည့်နောက် ကျိုင်းတုံမြို့ဘက် သွားရောက် တာ ဝန်ထမ်းဆောင်ချိန်တွင် အရှေ့ပိုင်းတိုင်း၏ တိုင်းမှူး ဖြစ်သည့် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဆက်ဆံမှု ရခဲ့သည်” ဟု လည်း ဆိုသည်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ကိုယ်စားလှယ်များ ဝင်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော်ထဲ ရောက်လာရာ မြန်မာအစိုးရကို အမေရိကန် အစိုးရမှ ပိတ်ဆို့ ဒဏ်ခတ်ထားသည်များ ဖြေလျှော့ ပေးသဖြင့် သမ္မတ ဦးသိန်းစိန်သည် အမေရိကန်၊ ဥရောပနိုင်ငံတို့နှင့် ဆက်ဆံခွင့် ရရှိခဲ့သည်ဟုလည်း ဦးဇခုန်တိန့်ယိန်းက ရေးသားထားသည်။
“သမ္မတ ဦးသိန်းစိန် အမေရိကန် ရောက်သည့်အခါ သူနှင့်ကျိုင်းတုံတွင် သိကျွမ်း ဆက်ဆံခဲ့ဖူးသော မစ္စတာ ဟူဟွာ(ခ) ဝ ကျော်မြင့်(ခ) မိုက်ကယ် ကျော်မြင့်နှင့် တွေ့ဆုံ၍ ဝရမ်းပြေး ဖြစ်နေသည့် မစ္စတာ ဟူဟွာကို မြန်မာပြည် ပြန်လာရန် ဖြေ လျှော့ပေးခံရ၍ မြန်မာပြည် ပြန်ရောက်လာသည်” ဟု ဦးဇခုန်တိန့်ယိန်းက ဆိုသည်။
ဦးကျော်မြင့်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်ပါဝင်ခဲ့သူ ဟုလည်း ၎င်းကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရာတွင် ပြောဆိုလေ့ ရှိသည်။
သို့သော် မိုက်ကယ် ကျော်မြင့်သည် ကချင် တိုင်းရင်းသား မဟုတ်ဘဲ တရုတ်-မြန်မာ စီးပွားရေးသမား တယောက်သာ ဖြစ်ကြောင်း၊ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) တပ်တွင်လည်း မည်သည့်အခါမှ တပ်ဖွဲ့ဝင် မဟုတ်ခဲ့သလို ၁၉၈၉ ခုနှစ် ဗကပ တပ်တွင်း ပုန်ကန်မှုနှင့် အစိုးရနှင့် နောက်ဆက်တွဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း မိုက်ကယ်ကျော်မြင့် ပါဝင်မှု မရှိခဲ့ကြောင်း မြန်မာ့အရေး လေ့လာသူ ဆွီဒင် သတင်းစာဆရာ ဘာတေးလင့်တနာ က ပြောသည်။
ဘာတေးလင့်တနာ က “ဒါပေမယ့် ဗကပ တပ်တွင်း ပုန်ကန်မှုမှာ ပါခဲ့တဲ့ ဗကပ အရာရှိတဦးဖြစ်တဲ့ ကချင်အမျိုးသား ဇော် မိုင်ရဲ့သမီးအငယ်ဆုံးနဲ့ လက်ထပ်ခဲ့ရာက တဆင့် သူက UWSA မှာ ပါဝင် ပတ်သက်လာတယ်။ ဒါပေမယ့် ကျနော် နား လည်တာကတော့ မိုက်ကယ် ကျော်မြင့်က ဝ တွေနဲ့ မတည့် ဖြစ်ပြီးတော့ သူထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ငွေ ရေးကြေးရေး ကိစ္စကြောင့် ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “မိုက်ကယ်ကျော်မြင့် အဖမ်းခံရတာကို ကျနော် သိပ်မအံ့သြဘူး။ သူမြန်မာပြည်ကို ပြန်လာခွင့်ရခဲ့တာကိုပဲ အရမ်း အံ့သြမိတယ်။ ဒါပေမယ့် သူက ၁၉၉၀ ခုနှစ် နှောင်းပိုင်း ကာလတွေမှာ ရွှေတြိဂံ တိုင်းမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သိန်း စိန်နဲ့ နီးစပ်မှု ရှိခဲ့တယ်။ အဲဒါကြောင့်မို့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ သူမြန်မာပြည်ကို ပြန်လာခွင့် ရခဲ့တာ ဖြစ်နိုင် တယ်” ဟု ဆိုသည်။
လက်ရှိတွင် ဦးကျော်မြင့်သည် ကချင်လူမျိုး၊ လချိတ် မျိုးနွယ်မှဟု ပြောဆိုထားပြီး ၎င်း၏ ကချင်အမည်မှာ ဦးဇခုန်ဇုန်း ဆောင် ဖြစ်သည်။
ဦးကျော်မြင့်၏ ကချင်မျိုးရိုးအမည် ဇခုန် ဖြစ်နေခြင်းနှင့် ပတ်သက်၍လည်း ဦးဇခုန်တိန့်ယိန်းက ၎င်းနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားသည်။
ဒီမိုကရေစီပါတီသစ် (ကချင်)၏ ဥက္ကဋ္ဌ ဦးတိန့်ဆောင်က “ဦးဇခုန်တိန့်ယိန်းတို့နဲ့ ပတ်သက်မှု မရှိခဲ့ဘူး။ ဇခုန်နာမည် က တော့ ဘယ်က ဘယ်သူ ဘယ်အချိန်က ဘယ်သူနဲ့ နွယ်ပြီး ယူခဲ့လဲတော့ မသိဘူး။ ဦးဇခုန်တိန့်ယိန်းတို့ မိသားစု၊ ဆွေမျိုး တွေ နားကတော့ မသိဘူး။ မရှိဘူး။ ဘယ်က ဇခုန်ကို ယူခဲ့လဲတော့ မသိကြဘူးပေါ့။ အရင်တုန်းက ငြိမ်းချမ်းရေး မယူခင် ဗကပ လက်ထက်မှာလည်း ဦးကျော်မြင့်တို့နဲ့ ပတ်သက်ခဲ့တာ မရှိခဲ့ဘူးလို့ သိရပါတယ်” ဟုလည်း ပြောသည်။
စစ်အစိုးရနှင့် ဦးဇခုန်တိန့်ယိန်း၏ တပ်ဖွဲ့ကြား ငြိမ်းချမ်းရေး ယူစဉ်က NDA-K ၏ စီးပွားရေး တာဝန်ခံ အမည်မှာ ဦးလင် ကျော်မြင့် ဖြစ်ပြီး မစ္စတာဟူဟွာ ခေါ် ဝကျော်မြင့်နှင့် သက်ဆိုင်ခြင်း မရှိပါဟု ဦးဇခုန်တိန့်ယိန်းက ငြင်းဆိုထားသည်။
ဦးကျော်မြင့်သည် ၁၉၉၈ ခုနှစ်က ဖမ်းဆီးခံရပြီး မန္တလေးမြို့အိုးဘိုထောင်တွင် အကျဉ်းကျနေစဉ် ထောင်မှ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ထောင်ဒဏ်ချမှတ်ခံရခြင်းမှာ ငွေစုငွေချေးလုပ်ငန်း လုပ်ဆောင်ရာမှာ ငွေစုထားသူများအား အရင်းအနှီးများ ပြန် မပေးနိုင်သဖြင့် ငွေကြေး အရှုပ်တော်ပုံကြောင့် ထောင်ကျခြင်း ဖြစ်သည်ဟု ဦးကျော်မြင့်ကို သိသူများက ပြောဆိုကြသော် လည်း ဦးကျော်မြင့်က ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အာဏာလွှဲ ပေးရန် အကြံပြုသဖြင့် စစ်အစိုးရက ပုဒ်မ ၅ (ည) ဖြင့် ထောင်ချခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
ဦးကျော်မြင့်နှင့် ပတ်သက်၍၂၀၀၉ ခုနှစ် ဝန်းကျင်က မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများနှင့် ပတ်သက်သူ၊ မြန်မာနိုင်ငံမှ ထောင်ပြေးအဖြစ် နောက်ခံဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားဝင် စီးပွားရေး လုပ်ငန်းများ ပြန်ထူထောင်ကာ ရွေးကောက်ပွဲ တွင်လည်း ပါဝင်လာသည်တို့ကို Myanmar Now သတင်းဌာနက စုံစမ်းဖော်ထုတ် ရေးသားခဲ့သည်။
အထွေထွေ ရွေးကောက်ပွဲတွင် ဦးကျော်မြင့်၏ UDP ပါတီသည်၂၀၂၀ မြန်မာတနိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁၁၃၁ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီပြီးလျှင် ဒုတိယ ကိုယ်စားလှယ် အများဆုံး ဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး၊ ဦးဇခုန်တိန့်ယိန်း၏ နယ်မြေများဖြစ်သည့် ကချင်ပြည်နယ်၊ အထူးဒေသ(၁)၏ ဝိုင်း မော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်များတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ဦးကျော်မြင့်၏ အတိတ်ကာလ အရှုပ်တော်ပုံ ဇာတ်လမ်းများ ပေါ်ပေါက်လာသည့် နောက်တွင် UDP ပါတီသည်လည်း ဝေဖန်ခံလာရသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဂဲနက်စ် ကလည်း ၎င်း၏ နိုင်ငံရေး ပုံရိပ် ထိခိုက်မည်ဟု ဆိုကာ စက်တင်ဘာလအတွင်း၌ UDP မှ နုတ်ထွက်ခဲ့သည်။
ဦးဂဲနက်စ်က “ပုံရိပ်က အရေးကြီးဆုံး ကိစ္စတခုပါ။ ကျနော်တို့က နှစ်ပေါင်းများစွာ မြစ်ဆုံစီမံကိန်းမှာ ကန့်ကွက်တာ၊ လယ် ယာမြေတွေ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေမှာ ပြည်သူနဲ့ တသားတည်း ကန့်ကွက်တယ်။ လုပ်လာခဲ့တယ်။ ပါတီ ဥက္ကဋ္ဌ ဖြစ်သူက ဒီလို ဖြစ်နေတယ်။ ကျနော့် ပုံရိပ်က သူ့ထက်တောင် အများကြီး ကောင်းပါတယ်။ အဲဒါကြောင့် သီးသန့် နေ လိုက်တာပါ” ဟု ပြောသည်။
ထို့နောက် နိုင်ငံတော် သမ္မတရုံးက ဦးကျော်မြင့် ကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း ပြောဆိုပြီး စက်တင်ဘာ၂၉ ရက် ည ပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဦးကျော်မြင့်ကို နေအိမ်၌ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးရဲထွဋ်က “ကျနော် ဒုဝန်ကြီး၊ ဝန်ကြီး တာဝန်ယူနေချိန်မှာ ဦးကျော်မြင့် မြန်မာနိုင်ငံ ပြန်လာခွင့်နဲ့ ဆွေးနွေးတာ မကြားခဲ့ဘူး။ ပြန်ကြားရေးဝန်ကြီး ဌာန ကလည်း UDP ပါတီနဲ့ပတ်သက်ပြီး သီးခြားလေ့လာတာလည်း မရှိတဲ့အတွက် ဦးကျော်မြင့် ဥက္ကဋ္ဌ ဖြစ်တာလည်း မသိဘူး” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ အမည်ပျက် စာရင်းသွင်းထားသူများကို ပြန်လာခွင့်ပြုရာတွင် ဦးကျော်မြင့် ပြန် ဝင်လာခြင်းလည်း ဖြစ်နိုင်သည်ဟု ဦးရဲထွဋ်က ကောက်ချက်ချသည့်အပြင် ပြည်ပမှ ပြန်ဝင်လာသူများ၏ နောက်ကြောင်း၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူမည့် သူ၏ ကိုယ်ရေးရာဇဝင်များကို စည်းကမ်းများနှင့်အညီ စိစစ်ရမည် သာ ဖြစ်သည် ဟုလည်း ဆိုသည်။
ဦးရဲထွဋ်က “အခုတော့ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေပြီဆိုတော့ ရွှေသမင် ဘယ်က ထွက်လဲ ဆိုတာ ပေါ်လာမှာပါ” ဟုလည်း ရေးသားထားသည်။
ထောင်ပြေး၊ ဝရမ်းပြေး ဖြစ်သည့် ဦးကျော်မြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာပြီး ကုမ္ပဏီလုပ်ငန်းများ တရားဝင် ထူထောင်ခြင်း၊ နိုင်ငံရေးပါတီ ထူထောင်ခြင်း တို့၏ နောက်ခံ အကြောင်းအရာများနှင့် ပတ်သက်၍ ယနေ့ထိ အစိုးရ အာ ဏာပိုင်များဘက်မှလည်း ထုတ်ဖော် ရှင်းလင်းခြင်း မရှိသေးပါ။
You may also like these stories:
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဆက်စပ်မှုများ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲဘက်ပြေးမှုနဲ့ ဖမ်းဆီး