ကိုဗစ်ရောဂါ ပြင်းထန်လူနာများကို သွေးရည်ကြည်ကုထုံးဖြင့် ကုသ ပျောက်ကင်းနေသော်လည်း သွေးရည်ကြည်ကို ခက်ခက်ခဲခဲ ရှာဖွေနေရကြောင်း သွေးရည် ကြည်ကုထုံး ကော်မတီဥက္ကဋ္ဌ၊ သွေးရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာရဲမြက ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ မကြာမီက ပူးပေါင်းတင်ဆက်ထားသည့် “COVID-19 ရောဂါအကြောင်းသိကောင်းစရာ အမေးအဖြေအစီအစဉ်” တွင် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်ရောဂါ ပျောက်ကင်းသူများထံမှ သွေးရည်ကြည်ရယူပြီး သွေးရည်ကြည်ကုထုံးဖြင့် ကိုဗစ်ရောဂါ ကူးစက်ပြီး ပြင်းထန်ဝေဒနာခံစားရသူ ၄၂ ဦးကို ကုသရာ ၃၁ ဦး (၇၃ ရာခိုင်နှုန်း)မှာ အခြေအနေ ပြန်လည် သက်သာနေပြီဖြစ်ကြောင်း သိရသည်။
ပါမောက္ခဒေါက်တာရဲမြက “လောလောဆယ်တော့ ခက်ခက်ခဲခဲ ရှာရပါတယ်။ ဧပြီလ၊ မေလတုန်းက ဖြစ်တဲ့သူတွေဆီ ဖုန်းဆက်တယ်၊ မေတ္တာရပ်ခံတယ်၊ သူတို့ဆီက အလှူခံနေပါတယ်။ ထပ်လိုနေပါတယ်။ အထူးသဖြင့် A /AB အုပ်စုတိ့ု ဆိုရင် တော်တော်ရှားတဲ့အတွက် ကျနော်တို့ တော်တော် ခက်ခက်ခဲခဲလေး ရှာနေရတယ်”ဟု ပြောသည်။
“အဲဒီတော့ သွေးရည်ကြည်လှူချင်တဲ့သူတွေ ပြန်ကောင်းသွားတဲ့လူတွေက လှူကြပါ။ ကျနော်တို့ အခုကယ်ထားတာ ၄၀ ကျော်ပါပြီ။ အခုဖြစ်နေတဲ့သူလည်း နောက်ကို လှူကြပါ။ ဘာလို့လဲဆိုတော့ ဒါကြီးက နေ့ချင်းရက်ချင်း ပျောက်သွားမှာ မဟုတ်တဲ့ အတွက် ဆက်ပြီးလှူနေကြပါ”ဟု ဒေါက်တာရဲမြက ဆိုသည်။
ရောဂါပြင်းထန်ခဲ့ပြီး အသက်အန္တရာယ်ရှိနိုင်သည့် COVID-19 လူနာ ၈ ဦးကို သွေးရည်ကြည်ကုထုံးဖြင့် အောင်မြင်စွာ ကုသမှု ပေးနိုင်ခဲ့ကာ အဆိုပါလူနာ ၈ ဦးတွင် အသက်အရွယ်ကြီးသူများ၊ သွေးတိုး၊ ဆီးချိုရောဂါအခံရှိသူများ၊ ကိုယ်အင်္ဂါ အစားထိုးထားသူများ၊ ကိုယ်အင်္ဂါ လှူဒါန်းထားသူများနှင့် လမစေ့သေးသည့် ကိုယ်ဝန်ဆောင်တို့ပါဝင်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သွေးရည်ကြည်ကို အလှူခံရာတွင် မြန်မာနိုင်ငံတွင် ပထမအကြိမ် ကိုဗစ်ဖြစ်ပွားရာမှ သက်သာပျောက်ကင်းသွားသူများ ထံမှ အလှူခံခြင်းဖြစ်ပြီး အမျိုးသား သွေးလှူဘဏ်သို့ လာရောက် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အမျိုးသား သွေးဌာန (ရန်ကုန်)မှ တာဝန်ခံ ဒေါက်တာ သီတာအောင်က ပြောသည်။
“Second Wave က စေတနာရှင်တွေ ပြန်လှူချင်တယ်ဆိုရင် လက်ခံလို့ရတဲ့ အခြေအနေ မဟုတ်သေးဘူး။ Antibody အကောင်းဆုံးဖြစ်တဲ့ အချိန်ကျမှ ကျမတို့က ထုတ်တာ။ ရက် ၉၀ ဆိုရင်တော့ Antibody အတက်ဆုံးပေါ့။ စပြီး Symptom ရကတည်းက ၃ လလောက်ဆိုရင် အတက်ဆုံးပေါ့။ အဲဒီအချိန်မှာ ပေးရင် ဟိုဘက် လူနာအတွက်က တော်တော် ထိရောက်တယ်”ဟု ၎င်းက ရှင်းပြသည်။
ကိုဗစ်ရောဂါ ပျောက်ကင်း သက်သာသူများ၏ ခန္ဓာကိုယ်တွင် ရောဂါတိုက်ဖျက်ပေးနိုင်သည့် ပဋိပစ္စည်း Antibody များ ထွက်လာသဖြင့် အဆိုပါ ပဋိပစ္စည်းကို အသုံးပြုနိုင်ရန် ကိုဗစ်ပျောက်ကင်းသူများထံမှ သွေးရည်ကြည်ကို ရယူခြင်း ဖြစ်သည်။
“သွေးရည်ကြည်က လူတိုင်းကို ပေးတာမဟုတ်ဘူး။ ၈၀ ရာခိုင်နှုန်းက သူ့ဟာသူ ကောင်းသွားမယ့်သူ၊ သွေးရည်ပေးဖို့ မလိုဘူး။ သွေးရည်ကြည်ဆိုတာ ရောဂါဖြစ်ပြီး ပြန်ကောင်းတဲ့လူတွေ၊ ချက်ချင်းလည်း မယူဘူး။ များသောအားဖြင့် သူတို့ ကိုယ်ခန္ဓာထဲမှာ ပဋိပစ္စည်းဆိုပြီးတော့ ရောဂါတိုက်ဖျက်တဲ့ ပဋိပစ္စည်း Antibody ဆိုတာ ပါပါတယ်။ အဲဒီဟာကိုမှ ကျနော် တို့က ပြန်သုံးချင်လို့ သွေးရည်ကြည်ကို ယူတာပေါ့”ဟု ပါမောက္ခ ဒေါက်တာရဲမြက ဆိုသည်။
သွေးရည်ကြည် လှူဒါန်းလိုသူများ အနေဖြင့် Hotline 09-5402098/09-5130418 သို့ ဆက်သွယ်လှူဒါန်းနိုင်ပြီး
သွေးရည်ကြည် အလှူခံရာတွင် သွေးလှူသူက အမှန်တကယ်ကျန်းမာခြင်းရှိ၊ မရှိ၊ လှူဒါန်းသည့် သွေးရည်ကြည်သည် ထိရောက်နိုင်မှုရှိ၊ မရှိနှင့် အသက် ၁၈ နှစ်ပြည့်ပြီး ၅၅နှစ်ထက် မကျော်သူများကိုသာ အမျိုးသားသွေးလှူဘဏ်က စနစ်တကျ စစ်ဆေးပြီး အလှူခံခြင်းဖြစ်ကြောင်း အမျိုးသား သွေးဌာနက သိရသည်။
ဒေါက်တာသီတာအောင်က “သွေးလှူရှင်က မကျန်းမာပြီးမှ လှူရတာဖြစ်တဲ့အတွက် သူ့ကိုလည်း မထိခိုက်အောင် သူ့ဆီက ရတဲ့ သွေးရည်ကြည်ကလည်း တကယ်ပဲ အကျိုးရှိအောင် အဲဒီ နှစ်ခုအတွက်ကို သွေးဘဏ်က တာဝန်ခံ လိုက်တယ်ပေါ့” ဟု ပြောသည်။
မတ်လ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိအတွင်း လာရောက်လှူဒါန်းသူ ၅၁ ဦးရှိနေပြီဖြစ်ပြီး ပျောက်ကင်း သက်သာပြီးသူများအနေဖြင့် နှစ်ပတ်လျှင် ၁ ကြိမ် လှူဒါန်းနိုင်ကာ ၁ ဦးလှူဒါန်းလျှင် လူနာ၂ ဦးစာကို ကုသပေး နိုင်ကြောင်း အမျိုးသားသွေးလှူဘဏ်မှ သိရသည်။
ကိုဗစ်ရောဂါ ပြန်လည် သက်သာကောင်းမွန်သွားသည့် COVID-19 လူနာများ၏ သွေးရည်ကြည်ဖြင့် COVID-19 ပိုးတွေ့လူနာများအား စမ်းသပ်ကုသနိုင်ရေးအတွက် သွေးရောဂါ ပါမောက္ခ ဒေါက်တာရဲမြ ဦးဆောင်ပြီး ပါမောက္ခများ ပါဝင်သော အဖွဲ့ (Ad hoc အကြံပေးအဖွဲ့) ကို ဧပြီလ ၁၆ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖွဲ့စည်းခဲ့သည်။
မတ်လ၂၃ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃,၃၇၃ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၃၁၀ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၃,၇၅၅ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
Quarantine ရက်ကို ၁၄ ရက် ပြောင်းလဲသတ်မှတ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်
ကိုဗစ်ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများကို သီးခြားကုသမည်