မြန်မာနိုင်ငံ၏ အထင်ကရ ခရီးစဉ်နေရာတခု ဖြစ်သည့် ယူနက်စကို အသိအမှတ်ပြု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသရှိ ဟိုတယ် လုပ်ငန်းများမှာ လုပ်ငန်း ဆက်လက် ရပ်တည်ရန် အခက်အခဲ ရှိလာနေခြင်းကြောင့် ပြန်လည် ရောင်းချရန် စီစဉ်လာကြကြောင်း သိရ သည်။
ဟိုတယ် လုပ်ငန်းရှင်များ အသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က “လုပ်ငန်း လုပ်ဖို့အတွက် ဘဏ်တွေဆီက ပိုက်ဆံချေးငှား ပြီး လုပ်ကြရတာဆိုတော့ ဘဏ်အတိုးတွေ၊ ဝန်ထမ်းစရိတ်နဲ့ လျှပ်စစ်မီတာခလိုမျိုး စရိတ်တွေက ကိုယ့်ဆီမှာလည်း ဝင်ငွေ သုည ဖြစ်နေတယ်။ ဒါတွေက ပေးနေရသေးတော့ ၁ လ၊ ၃ လလောက်က ရသေးတယ်။ ၆ လ ၁ နှစ်ကျတော့ ဘယ်လိုမှ မတတ်နိုင်ကြတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင် ဖြစ်ပွားခဲ့သော COVID 19 ရောဂါ ကမ္ဘာ့နိုင်ငံအနှံ့၌ ကူးစက်ပျံ့နှံ့ခဲ့သည့်၂၀၁၉ ခုနှစ်မှ စတင်ကာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအပေါ် သက်ရောက်မှုရှိခဲ့ပြီး၊ မြန်မာနိုင်ငံတွင်လည်း ယခုတွင် ဒုတိယလှိုင်း အနေအထား ထပ်မံဖြစ်ပေါ်နေခြင်းကြောင့် လုပ်ငန်း အများအပြားသည် ဆက်လက် ရပ်တည်ရန် မဖြစ်နိုင်တော့ကြောင်း ၎င်းက ဆိုသည်။
ဦးဇော်ဝိတ်က “ကြိုက်တဲ့ ဟိုတယ်ကို လက်ညှိုးထိုးလိုက်ပါ အကုန်လုံး ရောင်းမယ့်သူကြီးပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ပုဂံဒေသတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ လိုင်စင်ယူကာ လုပ်ငန်း လုပ်ကိုင်နေသော ဟိုတယ်ပေါင်း ၁၅၀ မှ၂၀၀ ဝန်းကျင် အထိရှိပြီး ဝန်ကြီးဌာနထံမှ ဟိုတယ် ငှားရမ်း လုပ်ကိုင်နေသူများနှင့် ငွေကြေးအင်အား တောင့်တင်း သော ကုမ္ပဏီကြီးများ၏ ဟိုတယ် အနည်းငယ်သာ ဆက်လက် ရပ်တည်နိုင်မည် ဖြစ်ကာ ကျန် ဟိုတယ်လုပ်ငန်း အများ အပြားမှာ လုပ်ငန်း ရပ်ဆိုင်းရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စည်ပင် လိုင်စင်ဖြင့် ခရီးသွားအခြေပြု တည်းခိုခန်း လုပ်ငန်း အများအပြားလည်း ဆက်လက် ရပ်တည်ရန် အခက် အခဲများ ဖြစ်ပေါ်နေလျက် ရှိသည်။
မြန်မာ့ခရီးသွား လုပ်ငန်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကြောင့် အနောက်နိုင်ငံခရီးသွားများ ကျဆင်းစဉ်ကတည်း က ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းတချို့သည် ရပ်ဆိုင်းရန် ပြင်ဆင်ကြခဲ့ပြီး၊ အစိုးရက တရုတ်အပါအဝင် အရှေ့နိုင်ငံ တချို့ ကို ဗီဇာဖြေလျှော့ပေးခဲ့ပြီးနောက် တရုတ်ခရီးသွား အများအပြားဝင် ရောက်လာခြင်းကြောင့် အနည်းငယ် အသက်ရှူ ချောင်ခဲ့ရ သော်လည်း ယခုတွင် ကိုဗစ် ရိုက်ခတ်မှုကြောင့် ပြန်လည် ရောင်းချမည့် ဟိုတယ်လုပ်ငန်းများ ပိုများလာခြင်း ဖြစ် သည်။
Gracious Bagan ဟိုတယ်၏ မန်နေဂျာ ဦးမိုးဝေယံမြင့်က “ပုဂံက အရင်ကတည်းက အနောက်နိုင်ငံသားတွေ မလာလို့ တရုတ်ကို အားကိုးနေရတယ်။ ကိုဗစ်ကြောင့် တရုတ် နှစ်သစ်ကူး အချိန်မှာ အပြင်မထွက်ဖို့ ကန့်သတ်လိုက်တဲ့ ၂၀၁၉ ခုနှစ် ကုန်ပိုင်းလောက် ကတည်းက စခံနေရတာ။ မြန်မာမှာလည်း ပထမလှိုင်း၊ ဒုတိယလှိုင်းဆိုတော့ ဒီဟိုတယ် လုပ်ငန်း တွေက သုံးကျော့ပြန် ထိနေတာမျိုး ဖြစ်နေပြီ” ဟု ပြောဆိုသည်။
မြန်မာ့ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းသည် လာမည့် ၂၀၂၃-၂၄ ခုနှစ်ခန့်မှသာ ပုံမှန် အခြေအနေကဲ့သို့ အနေအထား ပြန် ရောက်မည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက ခန့်မှန်းထားကြသည့် အခြေ အနေများကလည်း ခရီးသွားအခြေပြု ဟိုတယ်လုပ်ငန်းများကို ပို၍ မြန်မြန်ဆန်ဆန် ရပ်ဆိုင်းရန် တွန်းအားပေးလျက် ရှိ ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ပုဂံဒေသရှိ လမင်းသာ စားသောက်ဆိုင် လုပ်ငန်းရှင် ဦးခင်မောင်ထွေး က “အခုချိန်မှာကတော့ ရောင်းချင်တဲ့သူတွေက အများကြီး ရှိတယ်။ ဒါပေမယ့် ဘယ်သူ့မှလည်း ဝယ်မယ့်သူ မရှိဘူး။ အရောင်းအဝယ် ဖြစ်တယ်လို့လည်း မကြားမိဘူး။ အကုန်လုံး တောင့်ခံနိုင်မယ် မထင်ဘူး။ လဲသွားမှာတွေ အများကြီးပဲ” ဟု ပြောသည်။
ကိုဗစ်ရောဂါ ကာကွယ်ဆေးနှင့် ကုသဆေးများကို ယခုနှစ်အတွင်း တွေ့ရှိသည့်တိုင် နိုင်ငံခြားသားခရီးသွားများ ပုံမှန် အ တိုင်း ပြန်လည်ဝင်ရောက်ရန်မှာ အနည်းဆုံး အချိန် ၁ နှစ်ကျော်မှ ၂ နှစ်အထိ ကြာနိုင်မည် ဖြစ်ခြင်းကြောင့် ပြည်တွင်း ခရီး သွားများကိုသာ အာရုံစိုက် လုပ်ဆောင်ကြရန် ပြင်ဆင်နေကြကြောင်း ၎င်းက ဆိုသည်။
“ပြည်တွင်း ခရီးသွားကိုပဲ အန်ကယ်တို့ မျှော်လို့ရမယ် ဆိုပေမယ့်လည်း အရမ်းကြီး မျှော်လင့်လို့ မရနိုင်ဘူး။ သူတို့ရဲ့ ငွေ ကြေး သုံးစွဲနိုင်စွမ်းက ဘယ်လောက်ထိ ရှိနိုင်တော့မှာလဲ။ ကိုဗစ်ကာလမှာက သူတို့လည်း စုဆောင်းထားတာတွေ ထုတ်ပြီး သုံးကြရတာ ဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်မယ့် အခြေအနေမျိုး ဖြစ်မှာ” ဟု ပုဂံဟိုတယ် လုပ်ငန်းရှင် တဦးလည်း ဖြစ်သူ ဦးဇော်ဝိတ်က ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ပါဝင်သော လေကြောင်းလိုင်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ဧည့်လမ်းညွှန်၊ ခရီး သွား ကုမ္ပဏီ အစရှိသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော (Direct Employment) လုပ်သား ဦးရေသည် ၈ သိန်း ဝန်းကျင်ရှိပြီး ခရီးသွား လုပ်ငန်းများနှင့် ဆက်စပ်နေသော မြင်းလှည်း၊ စက်လှေနှင့် ရက်ကန်း လုပ်ငန်းများမှ (Indirect Employment) လုပ်သားများကိုပါ တွက်ချက်ပါက လုပ်သားဦးရေသည် ၁၂ သိန်းမှ ၁၅ သိန်း ဝန်းကျင်အထိ ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း (UMTA) က သိရသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် ယင်းလုပ်သား ပမာဏ၏ ထက်ဝက်ကျော်သည် အလုပ်လက်မဲ့ ဖြစ်သွားနိုင်ခြေ ရှိကြောင်း လည်း UMTA က ခန့်မှန်းထားသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
You may also like these stories:
စားဝတ်နေရေးအတွက် ကပ်ဘေးအတွင်းက ဧည့်မျှော် ဒေသခံများ
ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ
အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊