ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင်း ပျောက်ဆုံးနေသည့် အရပ်သားများကို ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိဟု ရက္ခိုင်စစ်တပ် (AA) က ထုတ်ပြန်ချက်ထုတ်ကာ ငြင်းဆိုလိုက်သည်။
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့၏ လက်နက်ကိုင်ပဋိပက္ခကြား၂၀၁၈ ခုနှစ်မှ ယနေ့ထိ ပျောက်ဆုံးနေသည့် ချင်းအမျိုးသား ၁၇ ဦးရှိပြီး ပျောက်ဆုံးနေသူ အချို့၏ မိသားစုဝင်များမှာ AA က ဖမ်းဆီးသွားသည်ဟု ပြောဆိုနေကြသည်။
AA သည် စက်တင်ဘာ ၃၀ ရက် ညပိုင်းက “ပလက်ဝဒေသနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်နှင့် အခြေအနေမှန်များကို ရှင်းလင်း ချက်” ဟု ခေါင်းစဉ် တပ်ထားသည့် ထုတ်ပြန်ချက် တစောင်ထုတ်ခဲ့ပြီး ထိုထဲတွင် ပလက်ဝမှ ပျောက်ဆုံးနေသူများ ၎င်းတို့ လက်ထဲတွင် မရှိကြောင်း ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “အဲဒီလူတွေကို ကျနော်တို့ ဘယ်တုန်းကမှ ဖမ်းထားတာလည်း မရှိ ဘူး။ ထိန်းသိမ်းထားတာလည်း မရှိဘူး။ ကျနော်တို့ ခေါ်ယူစစ်ဆေးခဲ့တာလည်း မရှိဘူး။ သူတို့ပြောတဲ့ ပျောက်နေတယ်ဆို တဲ့ လူတွေက ကျနော်တို့နဲ့ လုံးဝပတ်သက်မှု မရှိဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေချင်လို့ ထုတ်ပြန်တာ ဖြစ်တယ်” ဟု ပြောသည်။
ထုတ်ပြန်ချက်ထဲတွင် ၎င်းတို့ မဖမ်းကြောင်း ငြင်းသည့်အပြင် အဆိုပါ ပျောက်ဆုံးနေသူများ၏ အသက်ရှင်သန်မှုနှင့် ကံကြမ္မာကို မိမိတို့ အဖွ့ဲအစည်းမှ အထူး စိုးရိမ်မကင်း ဖြစ်မိပါသည် ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
Chin IDP Support Committee ၏ သြဂုတ်လအတွင်း ထုတ်ပြန်ထားချက်အရ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်ထိ ပျောက်ဆုံးနေသည့် အရပ်သားဦးရေ ၂၀ ရှိပြီး ထိုထဲမှ ၅ ဦးမှာ AA က ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
AA ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ထားသည့် ၅ ဦးအနက် တဦး၏အမည်မှာ ဦးမြင့်မောင်ဖြစ်ပြီး ဧပြီ ၁၂ ရက်က ပလက်ဝမြို့၊ မြို့မ ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။
ကျန် ၄ ဦးမှာ ဆလိုင်းအောင်စိုး၊ ဆလိုင်းဘင်ဂျမင်၊ ဆလိုင်းအောင်ထွန်းကို၊ ဆလိုင်းခင်မောင်ထွန်းတို့ ဖြစ်ပြီး ဇူလိုင်၂၉ ရက်တွင် ဖမ်းခံခဲ့ကြရသည်။
သြဂုတ်၂၅ ရက်တွင် ဆလိုင်းဘင်ဂျမင်၊ ဆလိုင်းအောင်ထွန်းကိုနှင့် ဆလိုင်းခင်မောင်ထွန်းတို့ကို ပြန်လွှတ်ပေးခဲ့ပြီး လွတ်လာသူများက ၎င်းတို့ကို AA က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဆလိုင်းအောင်စိုးကို AA က မလွှတ်ပေးဘဲ ဆက်ဖမ်း ထားပါသည်ဟု ချင်းအရပ်ဘက် အဖွဲ့အစည်းများကို ပြောဆိုခဲ့ကြသည်။
ထို့ကြောင့် စာရင်းအရ လက်ရှိတွင် AA ဖမ်းဆီးထားသည် ဟုဆိုသည့် ဦးမြင့်မောင်နှင့် ဆလိုင်းအောင်စိုး အပါအဝင် ပျောက်ဆုံးနေသူမှာ ၁၇ ဦး ဖြစ်သည်။
ဦးခိုင်သုခက “အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေပါ။ လူကို အထင်နဲ့သွား စွပ်စွဲနေလု့ိ မရဘူးလေ။ ကျနော်တို့ ဖမ်းသွား တယ် ဆိုပြီးတော့မှ သူတို့ ထင်ရာမြင်ရာ သွားစွပ်စွဲနေလို့ မရဘူး။ သူတို့မှာ ကျနော်တို့ ဖမ်းသွားတဲ့ အထောက်အထားရှိရင် ပြပါ” ဟု ပြောသည်။
ပျောက်ဆုံးနေသည့် အရပ်သားများမှာ တပ်မတော်ဘက်မှ ဖမ်းဆီးပြီး လက်စဖျောက်ပစ်ခြင်းသာ ဖြစ်ပြီး ၎င်းတို့အပေါ် အပြစ်ပုံချနေခြင်း ဖြစ်သည်ဟုလည်း ဦးခိုင်သုခက စွပ်စွဲပြောဆိုသည်။
သို့သော် AAသည် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးခဲ့ဖူးသည်သာမက
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်း ဖမ်းဆီးခဲ့ပြီး၊ ဦးရဲသိန်းမှာ ဖမ်းဆီးခံထားရစဉ် ကွယ်လွန်ခဲ့ရခြင်းတို့မှာ ထင်ရှားသည့် ဖြစ်စဉ်များဖြစ်သည်။
အလားတူ ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ တရားဟောဆရာ ဦးထွန်းနုကိုလည်း တနှစ်ကျော်ကြာ ဖမ်းဆီးပြီးမှ ပြန်လွှတ်သည့် ဖြစ်စဉ်များလည်း ဖြစ်ဖူးသည်။
ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ (KACC)မှ ပြောရေးဆိုခွင့်ရှိသူ မမိုင်နန်းဝေက “AA ဖမ်းတယ် ဆိုတာက ကျမတို့ ပြောတာ မဟုတ်ဘူးနော်။ ဖမ်းခံရတဲ့သူတွေ မြင်တဲ့သူတွေက AA ဖမ်းတာလို့ ပြောတာကို သူတို့က မဖမ်းဘူး ဆိုတော့ ကျမတို့လည်း ပဟေဠိ အရမ်းဆန်ပြီးတော့ ဘယ်လိုမှ နားမလည်နိုင်ဘူး” ဟု ပြောသည်။
ပျောက်ဆုံးသွားသည့် အရပ်သားများမှာ တပ်မတော်နှင့် AA တို့၏ လက်နက်ကိုင် ပဋိပက္ခကြားတွင် ပျောက်သွားကြခြင်း ဖြစ်သဖြင့် AA အနေဖြင့် ထုတ်ပြန်ချက်ထုတ်ကာ ငြင်းဆိုခြင်း မပြုဘဲ အောက်ခြေတွင် ပြန်လည် စိစစ်ပေးရန်လိုအပ်သည် ဟုလည်း မမိုင်နန်းဝေက ပြောဆိုသည်။
ဆက်လက်ပြီး မမိုင်နန်းဝေက “အစိုးရမှာလည်း တာဝန်ရှိတယ်။ အစိုးရဘက်က အရပ်သားတွေ ဖမ်းဆီးခံရတဲ့ အခြေအနေ မျိုးမှာ လက်ပိုက်ကြည့်သလို ဖြစ်နေတယ်။ ဦးဝှေ့တင်း ဖမ်းခံရတော့ လွှတ်တော်ထိ အသံရောက်တယ်။ ကျမတို့ ပြောချင် တာ အမတ်မှာပဲ အသက်ရှိတာ မဟုတ်ဘူး။ သာမန် အရပ်သားတွေမှာလည်း မိသားစုရှိတယ်။ တချို့မိသားစုဆိုရင် အိမ် ထောင်ဦးစီး ပါသွားတာ၊ မိသားစု၊ မိန်းမ၊ သားသမီးတွေ ကျန်ခဲ့တာ” ဟု ဆိုသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်က ၎င်းတို့ စောင့်ကြည့် မှတ်တမ်းယူနေသည့် ကာလတ လျှောက်တွင် ပလက်ဝမြို့နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ AA က အမြဲ ငြင်းဆိုပြီး နိုင်ငံတကာ အမြင်ကောင်းအောင် လုပ်နေသည်ဟု ဝေဖန်သည်။
“ပလက်ဝနေ ပြည်သူတွေ ပျောက်နေတာ တိုက်ပွဲ ရှိလို့ ပျောက်နေတာ။ ဒီပဋိပက္ခမှာ ပါနေတဲ့ တပ်မတော်နဲ့ AA မှာ တာဝန် ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး၂ ဖွဲ့လုံးက နိုင်ငံတကာ ကျင့်ဝတ်၊ အဓိက ဂျနီဗာ ကွန်ဗန်းရှင်းနဲ့ International Humanitarian Law အောက်မှာ သူတို့ လိုက်နာရမယ်။ အခု ပျောက်နေတဲ့ လူတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုက သူတို့၂ ဖွဲ့မှာပဲ ရှိပါတယ်” ဟုလည်း ဆလိုင်းလျန်က ဆိုသည်။
ချင်း လူ့အခွင့်အရေးအဖွဲ့ အနေဖြင့် မတိကျ မသေချာသည့် ဖြစ်ရပ်များတွင် မည်သည့်အဖွဲ့အစည်းကိုမှ စွပ်စွဲပြောဆိုခြင်းမ ရှိပါဟု ပြောပြီး နောက်ဆုံး ပျောက်ဆုံးခဲ့သည့် ဆလိုင်းအောင်စိုး ဖြစ်စဉ်မှာ မျက်မြင်သက်သေများလည်း ရှိသဖြင့် AA က ဖမ်းထားခြင်းသာ ဖြစ်သည်ဟု ဆလိုင်းလျန်က ပြောသည်။
ဆက်လက်ပြီး ၎င်းက “သူတို့ ဌာနချုပ်က ကချင်ဘက်၊ တခြားနေရာမှာ အခြေစိုက်တယ် ဆိုတော့ အကြီးပိုင်းတွေ မြေပြင် မှာ ဖြစ်ပျက်နေတာတွေကို မသိဘူးလို့ ကျနော် ပြောချင်တယ်။ မြေပြင်မှာ ပြည်သူတွေ တကယ်ကြုံနေရတာ ခံစားနေရ တာတွေကို အမြဲ ထုတ်ဖော် ပြောတယ်။ သူတို့က နိုင်ငံတကာအမြင်မှာ မဆိုးစေချင်လို့ အမြဲလိုက် ဖြေရှင်းတယ်။ သတင်း မှာ ပြန်ငြင်းတယ်။ ခေါင်းဆောင်တွေက သူတို့ ကျင့်ဝတ်လိုက်နာပါတယ်ဆိုရင် မြေပြင်မှာ ပြည်သူတွေ လုံးဝမနစ်နာအောင် ဆောင်ရွက်သင့်တယ်” ဟုလည်း ဆလိုင်းလျန်က ဆိုသည်။
ဧရာဝတီ သတင်းဌာနမှ သတင်းထောက်များ၊ ဖေဖော်ဝါရီအတွင်းက ပလက်ဝမြို့သို့ သတင်းသွားယူရာတွင် ဒေသခံ ဘောင်ဝရွာမှ ချင်းအမျိုးသမီး ၄ ဦးက လာရောက်တွေ့ဆုံပြီး ၎င်းတို့ အမျိုးသားများကို AA က ဖမ်းဆီးသွားကြောင်း၊ ၎င်းတို့ အမျိုးသားများကို ပြန်လွှတ်ပေးရန် သတင်းမီဒီယာမှတဆင့် AA ထိပ်ပိုင်းခေါင်းဆောင်များကို တောင်းဆိုလိုသည်ဟု ပြော ဆိုကြသည်။
အဆိုပါ အမျိုးသမီးများ၏ ခင်ပွန်းသည် ၄ ဦးသည် ပလက်ဝမြို့ထိပ်တွင် တည်ဆောက်နေသည့် ကုလားတန်မြစ်ကူး တံတား စီမံကိန်း အနီး ဆိုင်ကယ်ကယ်ရီ မောင်းကြသူများဖြစ်ပြီး လမ်းခုလတ်၌ ပျောက်ဆုံးသွားကြခြင်း ဖြစ်ကြောင်း ပြောပြကြသည်။
ရွာသားများ လိုက်လံ ရှာဖွေစဉ်က ကယ်ရီမောင်းသည့် ဆိုင်ကယ်တစီးနှင့် AA တပ်ဖွဲ့ဝင်များကို တွေ့သဖြင့် AA က ဖမ်း သွားသည်ဟု ယုံကြည်ကြောင်းလည်း အဆိုပါ အမျိုးသမီးက ပြောသည်။
ထို့ပြင် အောက်သဲမဝ ကျေးရွာမှ အမျိုးသမီးတဦးကလည်း ၎င်း၏ အမျိုးသားကို ရခိုင်အမျိုးသား၂ ဦးက နွားဝယ်မည်ဟု ဆိုကာ ရွာတွင်း လာခေါ်သွားပြီး ငွေကို AA တပ်ဖွဲ့ဝင်များ စခန်းချနေသည့်နေရာတွင် လိုက်ယူရန် ခေါ်သွားပြီးနောက် ပြန် မလာတော့ဘဲ ပျောက်ဆုံးသွားသဖြင့် AA က ဖမ်းဆီးသွားခြင်း ဖြစ်သည် ဟု ပြောသည်။
သို့သော် ထိုအမျိုးသမီး ၄ ဦး၏ ခင်ပွန်းသည်များ ပျောက်ဆုံးမှုတွင် မျက်မြင်သက်သေနှင့် တိကျသည့် အချက်အလက်များ မရှိသဖြင့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းတွင် ပျောက်ဆုံး ဟုသာ ထည့်သွင်းထားပြီး AA ဖမ်းထားသည်ဟု မဖော်ပြ ထားပါ။
AA သည် ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရေးရှင်းစနစ် ရရှိရေးနှင့် ရခိုင်ပြည်နယ်၏ လုံခြုံရေးတာဝန်ကို ယူနိုင်ရန် ရည်မှန်း ထားသည်ဟု ဆိုကာ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်နေသည့် ရခိုင်တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။
AAသည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ဝင်ရောက်ရန်အတွက် ပလက်ဝမြို့နယ်တွင် စတင်လှုပ်ရှားခဲ့ပြီး လက်ရှိအချိန် ထိလည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ထွက်ပေါက်များ ရှိသည့် ပလက်ဝမြို့နယ် တခွင်လုံးကို ခြေကုပ်ထားဆဲ ဖြစ် သည်။
နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေးဝန်ကြီးဌာနက မတ်၂၃ ရက်တွင် AA ကို အကြမ်းဖက်အဖွဲ့၊ မတရားအသင်းအဖွဲ့အဖြစ် ကြေညာထားသည်။
You may also like these stories:
ခင်ပွန်းတွေကို AA ဖမ်းသွားလို့ ဒုက္ခရောက်နေကြတဲ့ ချင်းအမျိုးသမီးများဘဝ
AA အဖွဲ့ ဖမ်းဆီးခြင်းခံရသည့် အရပ်သား ၄ ဦး ပြန်လွတ်
လွတ်မြောက်ရေးကူညီပေးရန် AA ဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင်အချို့ တောင်းဆို