၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ရှိသူများနှင့် မဲပေးမည့်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)မှ အောက် တိုဘာ ၁ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
မဲလာပေးသူများ အနေဖြင့် အဖျားနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ရှိပါက ကြိုတင်အသိပေးရန်၊ နှာခေါင်းစည်း(Mask) တပ်ဆင်လာရန်၊ ၆ ပေခြား တန်းစီပြီး အပူချိန် တိုင်းခြင်း၊ လက်သန့်စင်ခြင်း ဆောင်ရွက်ရန်၊ မှတ်ပုံ တင်အား ပလတ်စတစ်အကြည်ဖြင့် ထည့်၍ပြသရန်၊ မဲပေးပြီး လက်သန်းကို မှင်တို့ရာတွင် ခွက်နှင့် မထိစေရေး အထူး သတိထား ဆောင်ရွက်ရန်နှင့် မဲရုံမှ ပြန်ထွက်ချိန်တွင် လက်သန့်ဆေးဖြင့် ထပ်မံ သန့်စင်ဆေးကြောရန်တို့ ဖြစ်သည်။
မဲပေးသူများတွင် အသက်အရွယ် ကြီးရင့်သူများ၊ မကျန်းမာသူများ၊ ကလေးသူငယ်နှင့် လာသူများ၊ မသန်စွမ်းသူများ အတွက် ဦးစားပေး စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ရမည် ဖြစ်သည်။
မဲလာပေးသူ တဦးဦးတွင် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ထက် မြင့်တက်နေပါက အရိပ်ရသည့်နေရာတွင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီး အဖျားပြန်လည် တိုင်းတာနိုင်ရန် သီးသန့်နေရာ ပြင်ဆင်ထားရှိခြင်း၊ အဖျားရှိသူ တွေ့ရှိပါက ကျန်းမာရေး ဌာနသို့ သတင်းပို့ အကြောင်းကြားရန် ချိတ်ဆက်ထားရမည် ဖြစ်သည်။
ထိုသူသည် အပူချိန် ဆက်လက် မြင့်တက်နေပါက သီးခြားခွဲ၍ မဲပေးနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ပြီး ၎င်း၏ ကျန်းမာရေး လက္ခဏာနှင့် ခရီးသွား ရာဇဝင်များ၊ ထိတွေ့သူ စာရင်းအားများ ပြုစုထားကာ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်သည်။
Quarantine စင်တာရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူများ ကြိုတင် မဲပေးရေးအတွက် စင်တာရှိ လေဝင်လေ ထွက်ကောင်းပြီး ကျယ်ဝန်းသည့် နေရာတွင် သတ်မှတ်ပြီး ဖြစ်နိုင်ပါက တဦးစီ အလှည့်ကျ ဝင်ရောက် မဲပေးစေရန် ဆောင် ရွက်ရမည်ဖြစ်ပြီး မဟုတ်ပါက ၆ ပေစီခြားရန်နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ တာဝန်ယူ ဆောင်ရွက်ရန် သင့်တော်သူ တဦးအား ထားရှိ ဆောင်ရွက်ရမည် ဖြစ်သည်။
Covid-19 အတည်ပြု လူနာများ ကြိုတင်မဲပေးရာတွင် Isolation Room များနှင့် ICU ခန်းများတွင် ဆောင်ရွက်ရမည် ဖြစ် ပြီး ဝန်ထမ်းများအနေဖြင့် PPE အပြည့်အစုံ ဝတ်ဆင်ခြင်း၊ မဲမပေးမီ လူနာအား လက်သန့်ဆေးရည်ဖြင့် ဆေးစေခြင်၊ N 95 mask နှင့် Glove ဝတ်ဆင်စေခြင်း၊ ဘောပင်(သို့) တံဆိပ်တုံးအား တခါသုံး အသုံးပြုခြင်း၊ မဲစာအိတ်အား ပိုးသန့်စင်ခြင်း နှင့် ဆောင်ရွက်သည့် ဝန်ထမ်းများအား၂၁ ရက်အတွင်း အဖျားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများရှိ/မရှိ စောင့်ကြည့်ခြင်း တို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။
မဲရုံများ ဆောင်ရွက်ရာတွင်လည်း လေဝင်/လေထွက် ကောင်းပြီး ကျယ်ဝန်းသည့်နေရာတွင် သတ်မှတ်ရန်၊ မဲရုံ ပြင်ပနှင့် အတွင်း၌ တဦးနှင့်တဦး ၆ ပေခြား အမှတ်အသားများ ထားရှိရန်၊ အဝင်တလမ်း အထွက်အလမ်း သတ်မှန်ရန်၊ မဲရုံနှင့် မဲရုံ သုံး ပစ္စည်းများအား ရွေးကောက်ပွဲ မကျင်းပမီ ၁ ရက်အလိုနှင့် ကျင်းပပြီးနောက်နေ့တွင် ပိုးသန့်စင်ခြင်း ဆောင်ရွက်ရန် ဖြစ်သည်။
ယင်းပြင် မဲရုံ ပရဝုဏ်အတွင်း လက်ဆေးရန်နေရာ၊ မဲရုံအတွင်း လက်သန့်ဆေးရည်များ ထားရှိခြင်း၊ အဖုံးပါသည့် အမှိုက် ပုံး ထားရှိခြင်းနှင့် ကျန်းမာရေး ကိစ္စများအား သီးသန့် တာဝန်ယူ ဆောင်ရွက်မည့် ဒုတိယ မဲရုံမှူး(သို့) သင့်တော်သူ တဦး ဦးကိုလည်း ထားရှိရမည် ဖြစ်သည်။
မဲရုံဝန်ထမ်းများနှင့် လုပ်အားပေးများ အနေဖြင့်လည်း တာဝန်ထမ်းဆောင်စဉ် Mask၊ Face Shield၊ Glove များ အဖြစ်မနေ တပ်ဆင်ထားရမည်ဖြစ်ပြီး မဲရေတွက်ရာတွင်လည်း တာဝန်ရှိသူများက ၆ ပေခြားကာ လက်သန့်ဆေးရည်ဖြင့် မကြာခဏ သန့်စင်ကာ ဆောင်ရွက်ရမည် ဖြစ်သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မဲရေတွက်ရာသို့ လာရောက်သူများ၊ လေ့လာသူများ၊ သတင်းမီဒီယာများ အနေဖြင့်လည်း လူစုလူဝေး မဖြစ်စေရေးအတွက် ၆ ပေစီ ခြားကာ ဆောင်ရွက်သွားရမည် ဖြစ်သည်။
UEC အနေဖြင့် မဲဆွယ် စည်းရုံးရေး ကာလများအတွင်း လူစုလူဝေး မဖြစ်စေရေး လိုက်နာရမည့် စည်းကမ်းချက်များအား ထုတ်ပြန်ခဲ့သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ တို့ အပါအဝင် ပါတီအချို့၏ ထောက်ခံစည်းရုံးပွဲများတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် မကိုက်ညီဘဲ လူစုလူ ဝေးဖြင့် ပြုလုပ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။
ယင်းသို့ လူစုလူဝေးဖြင့် လှည့်လည်မှုများနှင့် ပတ်သက်ပြီး ပြည်သူများကြား ဝေဖန်အပြစ်တင်မှုများ ပြုလုပ်လျက် ရှိကြ သော်လည်း တာဝန်ရှိသူများက တစုံတရာ အရေးယူ ထိန်းချုပ်မှုများ ဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့ရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ Covid-19 အတည်ပြုလူနာ ၁၄၃၈၃ ဦး ရှိပြီ ဖြစ်ပြီး ပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူ ၄၁၅၆ ဦးနှင့် သေဆုံးသူ ၃၂၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုဗစ်-၁၉ ကူးစက်မှု ၁ သောင်းကျော်လာပြီး ကျန်းမာရေးဝန်ထမ်းများ မဲဆွယ်ပွဲများကို သတိပေး
ကပ်ရောဂါကာလ လူစုလူဝေးဖြင့် ထောက်ခံလှည့်လည်ပွဲများ ဝေဖန်ခံရ
ပြည်သူကို လှည့်ဖျားပြီး မဲဆွယ်စည်းရုံးမှုမလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား