ကိုဗစ်ကာလ ဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် စစ်ရေး လှုပ်ရှားမှုများ ရှိနေသည့်အတွက် စစ်ဘေးရှောင် ဦးရေ ၃ သောင်းကျော်အထိ တိုးလာနေကြောင်း ရခိုင် တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC )က အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ရှောင်များမှာ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့် မြို့နယ်များမှ ဖြစ်ကြပြီး ကျေးရွာအတွင်း လက်နက်ကြီးကျခြင်း၊ နေအိမ်များ မီးရှို့ခံရခြင်း အပါအဝင် နှစ်ဖက် စစ်ရေးလှုပ်ရှားမှု တို့ကြောင့် ထိုသို့ တိုးလာခြင်း ဖြစ် ကြောင်း REC မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။
၎င်းက “အဲဒီလို ဖြစ်ရတာဟာ ကျေးရွာတွေမီးရှို့ခံရမှု၊ ကျေးရွာအတွင်း ဝင်ရောက် စစ်ဆေးမှုတွေ နောက်ပြီး မယူမြစ် ကြောင်း၊ ကုလားတန် မြစ်ကြောင်း တလျှောက်မှာ လက်နက်ကြီးတွေ ပစ်ခတ်ခံရလို့ ဒေသခံတွေ သေဆုံးဒဏ်ရာရမှုတွေ ရှိတယ်။ အဲဒီအတွက်ကြောင့် စစ်ဘေးရှောင် အရေအတွက်က ထပ်တိုးလာတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ဆိုသည်။
ပြီခဲ့သည့် ဇူလိုင်လအတွင်းက REC ၏ စာရင်းအရ ရခိုင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် ဦးရေ ၁၉၀၇၀၀ ကျော် ရှိခဲ့သော် လည်း လက်ရှိ အချိန်တွင်၂၂၆၈၀၄ ဦးအထိ ရှိလာနေပြီး ကိုဗစ် ဒုတိယလှိုင်း ကာလအတွင်း လူဦးရေ ၃၆၀၀၀ ကျော်အထိ တိုးလာခြင်း ဖြစ်သည်။
လက်ရှိတွင် ကိုဗစ်ရောဂါကြောင့် စားဝတ်နေရေး ကျပ်တည်းပြီး ကျန်းမာရေး စိုးရိမ်နေရသည့် ကာလတွင် စစ်ရေး မျှော်မှန်း ချက်များကို ရပ်တန့်ထားပြီး ပြည်သူများအတွက် စဉ်းစားပေးရန် လိုကြောင်းလည်း ၎င်းက ပြောသည်။
ကိုဗစ်ရောဂါပိုး တနေ့တခြား ကူးစက်နှုန်း မြင့်မားနေသည့်အတွက် ရခိုင်ပြည်နယ် တခုလုံးကို Stay at Home နေထိုင်ကြ ရန် အစိုးရက အမိန့် ထုတ်ပြန်ထားသော်လည်း တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့၏ စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး နေ့စဉ်နှင့်အမျှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်က ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာအတွင်း လက်နက်ကြီး ကျည်ကျ ရောက်မှုကြောင့် ရွာသားတဦး သေဆုံးပြီး၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ယင်းကြောင့် ရွှေလောင်းတင် ကျေးရွာသားများမှာ မိမိကျေးရွာအတွင်း မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး စစ်တွေမြို့ပေါ် အပါအဝင် တခြားသော မြို့နယ် များ သို့လည်း ထွက်ပြေး ခိုလှုံလျက်ရှိသည်။
စစ်တွေမြို့သောဘိတာရာမ ဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ရွှေလောင်းတင် ကျေးရွာသူ ဒေါ်ခင်ခင်သန်းက “ဒီကာလမှာ ကိုယ့်အိမ်မှာ သားသမီးတွေနဲ့ စုစုရုံးရုံး နေချင်တာပေါ့။ ဒါပေမယ့် အခြေအနေက နေလို့မှ မရတာ။ ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်တယ် ဆိုပေမယ့်လည်း လက်နက်ကြီး ကျလာမှာကိုလည်း ကျမတို့ ကြောက်တယ်” ဟု ဆိုသည်။
လက်ရှိ ကိုဗစ်ကာလအတွင်း ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများမှာ လာရောက်မှု နည်းပါးသည့်အတွက် ဒုက္ခသည် တို့မှာ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။
ထို့ပြင် စစ်ဘေးရှောင် စခန်းတခုတွင် လူဦးရေ ၁၀၀၀ ကျော်အထိ ရှိနေသည့်အတွက် ၎င်းတို့ စားသောက်ရေး နေထိုင် ရေးတို့အပြင် တဦးနှင့်တဦး နီးကပ်စွာ နေထိုင်ရခြင်းမှာ ကိုဗစ်ကာလ ဖြစ်သည်နှင့်အညီ စိုးရိမ်စရာများလည်း ရှိနေကြ သည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က “ကိုဗစ်ရောဂါကို ကာကွယ်ဖို့ ပြုလုပ်ရမှာက ရိုးရိုးရှင်းရှင်း အိမ်မှာနေပါ။ အပြင်ထွက်ရင် Mask တပ်ရမယ်။ တဦးနဲ့ တဦး ၆ ပေ ခြားနေရမယ် ဆိုပြီးတော့ ညွှန်ကြားထား တာက လက်တွေ့မှာကျတော့ ကိုယ့်အိမ်မှာကိုယ် နေလို့မရတဲ့ ရွာလုံးကျွတ် ထွက်ပြေးနေရသူတွေ ရောက်ရှိနေတဲ့ စစ် ဘေးရှောင် စခန်းတွေမှာ ကိုဗစ်ကာကွယ်ရေး လက်တွေ့ ကျင့်သုံးဖို့ မလွယ်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဦးဦးထွန်းဝင်းက လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကိုဗစ်ကာလအတွင်း စစ်ရေး လှုပ်ရှားမှုများကို ရပ်နားထားသင့်ကြောင်း ထောက်ပြပြောဆိုသည်။
“ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ဘယ်လောက်အထိ စာနာမှုပေးမလဲ ဆိုတာကို လို လားတယ်။ ကိုဗစ် ကာလမှာ ပြည်သူတွေဘက်ကို မျက်နှာမူဖို့ လိုတယ်” ဟုလည်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီး ဒေသခံပြည်သူများမှာလည်း အသက်လု ထွက် ပြေး နေကြရသည်။
လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားများမှာလည်း နေ့စဉ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့်အတူ အရပ် သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုလည်း များပြားလာနေသည့်အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲများလည်း ဖြစ်သည်။
You may also like these stories:
လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရသေ့တောင် ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေး