ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ ရှိ တပ်မတော် တပ်ရင်းတခုနှင့် ပြည်သူ့စစ်ဌာနချုပ်တခု အောက်တိုဘာလ ၃ ရက်နေ့က လက် နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် ပျက်စီးဆုံးရှုံးမှု တချို့ ရှိခဲ့ကြောင်း သတင်း ရရှိသည်။
လာရောက်တိုက်ခိုက်သူမှာ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဖြစ်ပြီး ကွတ်ခိုင်ရှိ တပ်ဌာနချုပ်မှာ လက်နက်ကြီးနှင့် ၂ ချက် အပစ်ခံရပြီး တာမိုးညဲရှိ ပြည်သူ့စစ်ရုံးခန်းမှာ RPG နှင့် အပစ်ခံခဲ့ရကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“အရင်တုန်းကလို ဌာနချုပ်တွေ၊ တပ်တွေရဲ့ နေရာတွေကို လာမပစ်တာ ကြာပြီ။ အခုရက်ပိုင်းအတွင်းမှာ ပြန်ဖြစ်လာတယ်။ TNLA က လုပ်တယ်ဆိုတာ ကွန်ဖန်းလုပ်လို့ ရတယ်”ဟု ၎င်းက ပြောသည်။
အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီမှ ၄ နာရီ ၁၀ မိနစ်အထိ ကွတ်ခိုင်မြို့တွင် တည်ရှိသည့် တပ်ဌာနချုပ် တခုကို ကွတ်ခိုင်၏ အနောက်ဖက် မီတာ ၂၀၀၀ ခန့ိအကွာ နမ့်ခိုင်ကျေးရွာဘက်မှ TNLA က လက်နက်ကြီးနဲ့ ၂ လုံး ပစ်ခတ်ခဲ့ ကြောင်း၊ ယင်းနေ့ည ၁၁ နာရီခန့်တွင် တာမိုးညဲရှိ ပြည်သူ့စစ်ရုံးခန်းကို TNLA/MNDAA ပူးပေါင်း အဖွဲ့က RPG တလုံးနဲ့ အဝေးက ပစ်ခတ်သဖြင့် ရုံးအဆောက်အဦကို တိုက်ရိုက် ထိမှန်ခဲ့ကြောင်း သိရသည်။
“လူထိမှန်တာ၊ ထိခိုက် ဒဏ်ရာ ရရှိမှုတော့ မရှိဘူး”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး မိုင်းအိုက်ကျော်ကလည်း ၎င်းတို့ အဖွဲ့ အနေဖြင့် ယင်းနေရာများသို့ အကြောင်းမဲ့ သွားရောက် တိုက်ခိုက်ခြင်း မရှိဘဲ အောက်တိုဘာလ ၂ ရက်နေ့မှ၍ ၄ ရက်နေ့အထိ ကွတ်ခိုင်မြို့နယ် မန်ဘုံတောင်ကြော ဘက်သို့ တပ်မတော်က ထိုးစစ်ဆင်လာသဖြင့် ယခုလို တုန့်ပြန်ရခြင်း ဖြစ်ကြောင်း ပြောသည်။
“သူတို့က ၃ ရက်ဆက်တိုင် ကျနော်တို့ တပ်ရှိနေတဲ့ နေရာကို လာရောက် ထိုးစစ်ဆင် တိုက်ခိုက်တာ။ အဲဒီမှာ ဒီလထဲမှာ တိုက်ပွဲက အားလုံးပေါင်း ၈ ကြိမ်လောက် ရှိတယ်။ သူတို့ဘက်က ထိုးစစ်ဆင်လို့ ကျနော်တို့ဘက်က စစ်ရေးအရ လက် နက်ကြီးနဲ့ တာမိုးညဲတပ်နဲ့ ကွတ်ခိုင် ၄၅ တပ်ကို ပြန်ပစ်ရတာ။ စစ်ရေးအရ ပြန်ပစ်ခတ်သတိပေးတဲ့ သဘောပဲ”ဟု ဗိုလ်ကြီး မိုင်းအိုက်ကျော်က ပြောသည်။
အောက်တိုဘက်လ ၂ ရက်နေ့တွင် ကွတ်ခိုင် မြို့ နယ်ထဲရှိ မန်ဘုံတောင်ကြောရဲ့ အထက်နားမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိုး ကုတ်မြို့နယ် ဟိုဝိတ်ရွာ၏ အထက်ပိုင်းရှိ TNLA စခန်းရှိရာသို့ လာရောက် တိုက်ခိုက်ခဲ့သေးကြောင်း၊ အောက်တိုဘာလ ၃ ရက်နေ့တွင် မန်ဘုံရွာ၏ အထက်ဘက် ၄ နေရာခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ဘက်မှ သိရသည်။
“စက်တင်ဘာလထဲမှာတော့ အားလုံးပေါင်း ၅ ကြိမ်လောက် ထိတွေ့ မှု ဖြစ်တယ်။ ဒီအောက်တိုဘာလမှာ ဒီလထဲ ဝင်တာနဲ့ သူတို့ အပစ်ရပ်ကြေညာပြီး နောက်ပိုင်းပေါ့နော်။ ၂ ရက်နေ့၊ ၃ ရက်နေ့ ၂ ရက်ဆက်တိုက်၊ မနေ့က တကြိမ်ပေါ့နော်။ အဲဒီ နေရာနားမှာပဲ တိုက်ပွဲတွေ ဖြစ်နေတာ”ဟု ဗိုလ်ကြီး မိုင်းအိုက်ကျော်က ပြောသည်။
ကွတ်ခိုင်မြို့ မှ စစ်ရှောင်ဒုက္ခသည်များ ကူညီနေသူ ဘာသာရေးဆရာ ဆိုင်းတူးက အောက်တိုဘာလ ၃ ရက်နေ့က ကွတ် ခိုင်မြို့ပေါ်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရပြီး ညနေ ၃ နာရီခွဲခန့်တွင် မြို့ပေါ်ရှိ တပ်မတော် အမှတ် ၄၅ ဗျူဟာက လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။
“ဒီဒေသမှာတော့ IDP တွေ ရွာကို ပြန်နိုင်တယ်ဆိုတာ မရှိသေးဘူး။ နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ အခု ကွတ် ခိုင်မြို့ မှာပါ KBC ၁ ၊ KBC ၂ ကန့် ၂ ခု ရှိတယ်။ ၈ နှစ်လောက် ရှိပြီ။ ၂၀၁၂ ကတည်းက ရောက်နေတာ” ဟု ဆရာ ဆိုင်းတူးက ပြောသည်။
ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်စစ်တပ်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် စစ်ရေးအရ မဟာမိတ် ဖွဲ့ ထားကြသည်။
၎င်းတို့ ၃ ဖွဲ့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်က နောင်ချို နှင့် မန္တလေးရှိ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင်ရေး တရပ် ပြုလုပ်ခဲ့သေးသည်။
ယင်းနောက်ပိုင်း မူဆယ်-မန္တလေးကြား ကုန်သွယ်လျက်ရှိသော ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချိုမြို့ ဂုတ်တွင်း တံ တားကိုလည်း ဖောက်ခွဲ ဖျက်စီးခဲ့ခြင်းကြောင့် တပ်မတော်နှင့် နှစ်ဖက် တိုက်ပွဲများ ရင်ဆိုင် ဖြစ်ပွားခဲ့ရသည်။
တရုတ်၏ ကြားဝင် ညှိနှိုင်းမှုအရ တိုက်ပွဲများ ရပ်ရမည် ဆိုပါက ရခိုင်၊ ကိုးကန့်၊ ပလောင် တိုင်းရင်းသားဒေသများတွင် ပြု လုပ်နေသည့် စစ်ဆင်ရေးများကို ရပ်ရန် လိုကြောင်း၊ တိုင်းရင်းသားဒေသများတွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန်နှင့် စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေးမှု အပစ်ရပ်ရေး ကိစ္စက အစိုးရက ဆောင်ရွက်ပေးရန် TNLA က တောင်းဆို ထားသည်။
You may also like these stories:
ကိုဗစ်ကာလ ရခိုင်၌ စစ်ဘေးရှောင် ၃ သောင်းကျော်အထိ တိုးလာ
ပျောက်ဆုံးနေသော အရပ်သားများကို ဖမ်းဆီးထားခြင်းမရှိဟု AA ငြင်း
ကော့ကရိတ်တွင် တပ်မတော်သားများကို ပစ်သတ်သူ ၂ ဦးအား ဖမ်းမိ