ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်လှိုင်ကို တပ်မတော်မှ စစ်ဆေးရန် ခေါ်သွားရာ ယခုအချိန်ထိ ပြန်မလွှတ်ဖြင့် လွှတ်ပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ၅၇ ဦးက မိသားစု ဝင်များနှင့်အတူ မြို့နယ်အုပ်ချုပ် ရေးမှူးထံမှ တဆင့် အောက်တိုဘာ ၄ ရက်နေ့က တောင်းဆိုခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက် နေ့လည်ပိုင်းက တပ်မတော်စစ်ကြောင်း ၁ ခုမှာ တောကန်ရွာ၌ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် များ စစ်ဆေးရန်လာရောက်ခဲ့ပြီးနောက် အပြန်တွင် အသက် ၃၇ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းကျော်လှိုင်ကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သူဇာက ပြောသည်။
ဒေါ်သူဇာက“ ဗိုလ်ကြီး ခေါ်ခိုင်းတယ်ဆိုပြီး စစ်သား ၁ ယောက်က လာခေါ်တာ။ အုပ်ချုပ်ရေးမှူးက အိမ်မှာ ထမင်းစား နေတာက လိုက်သွားကတည်းက ပြန်မလာတော့ဘူး။ နောက် နေ့လည် ၁ နာရီလောက်မှာ ကျမယောက်ျားဆီက ဖုန်း ဆက်လာတယ်။ GE တပ်ထဲမှာ ရှိတယ် မေးမြန်းစုံစမ်းစရာရှိတယ်လို့ တခေါက် အဆက်အသွယ် ရခဲ့တယ်။ ဟိုဘက်နယ် တွေမှာက အုပ်ချုပ်ရေးမှူးတွေကို ဖမ်းတာတွေ၊ သတ်တာတွေရှိတဲ့ အတွက် ကျမ ယောက်ျားကို တခုခုလုပ်ပစ်မှာကို စိုးရိမ်နေတယ်။ ကျမယောက်ျားမှာ ဘာအမှားမှ လုပ်လို့မရှိဘူး။ ဘာကြောင့် ခေါ်သွားလဲ မသိဘူး ” ဟု ရှင်းပြ သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြတောင်းဆိုရာတွင်လည်း ၎င်းအား မည့်သည့်နေရာတွင် ထိန်းသိမ်းထားခြင်းကို မသိရသော်လည်း ဥပဒေအရ အကူညီပေးမည်ဟု တုန့်ပြန်ခဲ့ကြောင်း ဒေါ်သူဇာက ပြောသည်။
တပ်မတော်အနေဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တစုံတရာအပြစ် ကျူးလွန်ခဲ့လျှင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ရဲစခန်း၌ စစ်ဆေးမေးမြန်းရမည်ဖြစ်ကာ ယခုကဲ့သို့ အသိမပေးဘဲ ခေါ်ဆောင်သွားခြင်း အပေါ် ကျန် သော အုပ်ချုပ်ရေးမှူးများကလည်း စိုးရိမ်နေကြသည်။
တောင်းဆိုရာတွင် ပါဝင်ခဲ့သည့် စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှက “ ကျနော် တို့ အုပ်ချုပ်ရေးမှူးတွေမှာ အပြစ်ရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးကို အကြောင်းကြား ပြီးတော့ ရဲစခန်းကိုခေါ်ပါ။ စစ်ဆေးမေးမြန်းပါ။ သက်သေ အထောက်အထားတွေနဲ့ ပြနိုင်ရင် အပြစ်ပေးပေါ့။ အခုက ဘာမှ မဟုတ် မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ နောက်အလားတူ ဒီလိုဖြစ်စဉ်တွေ မဖြစ်လာဘူးလို့လည်း ပြောမရဘူး။ ဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို ကျနော်တို့လည်း စိုးရိမ်တာပေါ့ ” ဟု ဆိုသည်။
စစ်တွေမြို့နယ် င/ တောက်တက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကလည်း “ အုပ်ချုပ်ရေးမှူး ၅၇ ယောက်က တောင်း ဆိုတာကတော့ တောကန် အုပ်ချုပ်ရေးမှူး ထိန်းသိမ်းခံထား ရတာကို အကျိုးအကြောင်း ဆီလျှော်စွာ တစုံတရာ မဖြစ်စေ ရေး။ သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မိသားစုထံကို အကြောင်းကြားပေးဖို့နဲ့ နောက်ပြီး အပြစ်မရှိဘူး ဆိုရင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ဖြစ်တယ် ” ဟု ပြောသည်။
ရခိုင်အမျိုးသားပါတီ ဗဟို မူဝါဒရေးရာ ကော်မတီဝင်လည်းဖြစ် စစ်တွေမြို့နယ် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း လည်း ဖြစ်သူ ဦးထွန်းအောင်ကျော်က မသင်္ကာသဖြင့်ဟုဆိုကာ ဖမ်းဆီးလျှင်လည်း ဥပဒေနှင့် အညီစစ်ဆေးပြီး အပြစ်မရှိလျှင် အမြန်ဆုံးပြန်လွှတ်ပေးရမည်ဟု ထောက်ပြသည်။
၎င်းက “ ဒါဟာ တစုံတရာ မသင်္ကာလို့ ဖမ်းရင်လည်း ဥပဒေနဲ့ အညီ စစ်ဆေးပြီးတော့မှ အပြစ်မရှိရင် ချက်ချင်း ပြန်လွှတ် ပေးရမှာပါ။ အခုကျတော့ နာရီပေါင်းမြောက်မြားစွာ ဥပဒေနဲ့ မညီဘဲနဲ့ အင်မတန်ဝမ်းနည်းစရာ ကောင်းတဲ့ ဖြစ်ပျက်မှုတွေ ရှိခဲ့တယ်။ မြောက်ဦးမှာ ဦးအေးကျော်ဆိုသူကို ဖမ်းဆီးပြီးတော့ မနက်မိုးလင်းမှ အလောင်းပဲပြန်ရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာတွေရှိတယ်” ဟု ဆိုသည်။
ယင်းသို့ ကိစ္စများနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးရုံးခန်းသို့ သွားရောက်မေးမြန်းရာ အလုပ်မအားဟုဆိုကာ ပြန်လည်ဖြေကြားခြင်း မပြုပေ။ အလားတူ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့၏ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံများအပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှာလည်း သံသယဖြင့် ဖမ်းဆီးခံရခြင်းများ ရှိခဲ့သည်။
ယင်းသို့ အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးတရားစွဲခြင်း၊ ပစ်သတ်ခံရခြင်း ဖြစ်စဉ်များကြောင့် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များ အတွင်း ရသေ့တောင်မြို့နယ်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ်များရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများစွာက တာဝန်မှ နှုတ်ထွက်ကြောင်း စာတင်ခဲ့သည့် ဖြစ်စဉ်များစွာ ရှိခဲ့သည်။
You may also like these stories:
ပျောက်ဆုံးနေသော အရပ်သားများကို ဖမ်းဆီးထားခြင်းမရှိဟု AA ငြင်း
Music Zone ဆိုင်ရှင်နှင့် မန်နေဂျာကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲဘက်ပြေးမှုနဲ့ ဖမ်းဆီး