အပစ်ရပ်ထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ(RCSS)တို့ တိုက်ပွဲ ဖြစ်သဖြင့် အမျိုးသား ၁ ဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရကာ ဒေသခံ ၈၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည် ဟု သတင်း ရရှိသည်။
ဒေသခံများမှာ အောက်တိုဘာ ၃ ရက်မှစ၍ ထွက်ပြေးလာကြခြင်းဖြစ်ပြီး၊ ကျည်ထိမှန်သည့် အမျိုးသားမှာ အောက်တိုဘာ ၄ ရက်က ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာရှိ နေအိမ်တွင်း ရှိနေစဉ် လက်နက်ကြီး ကျည်စ ထိမှန်ခြင်း ဖြစ်သည်။
ကျောက်မဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက “လူဦးရေက ပုံဟိုးမှာ၂၀၀ ကျော်၊ ခန့်ခဲ ဘုန်း ကြီးကျောင်းမှာ လူဦးရေ ၁၀၀ ကျော်၊ တောင်ထိပ်မှာက ၅၀၀ ကျော် ရှိနေပါတယ်။ စားဝတ်နေရေးက ပုံဟိုးက Camp မှာ က အခြေအနေ ကောင်းပါတယ်။ တောင်ထိပ်မှာက ကျနော်တို့ ပရဟိတရော ဘယ်လိုမှ သွားလို့ မရဘူး။ ခန့်ခဲ ကျောင်းမှာ လည်း အခက်အခဲ ရှိနေပါတယ်” ဟု ပြောသည်။
“ကျနော်တို့ ပြည်သူအနေနဲ့က ဘယ်လက်နက်ကိုင်ကိုမဆို ဖြတ်သန်းသွားလာရင် မကြိုဆိုလို့ မရဘူး။ ပြည်သူလေ။ တဖက်က လာရင် အဲဒီလိုပဲ ပြောနေရမှာပဲ။ တပ်မတော်ဘက်က လာရင်လည်း လက်ခံရတာပဲ။ နောက်ဆုံး ခံရတာက ကျနော်တို့ ပြည်သူကပဲ ခံနေရတယ်”
စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀ ကျော် ရှိနေသည့် တောင်ထိပ် ဘုန်းကြီးကျောင်းသို့ စားနပ်ရိက္ခာပို့ရန် စီစဉ်သော်လည်း စစ်ရေး အခြေအနေ မတည်ငြိမ်သေးသဖြင့် ယနေ့ လှည့်ပြန်လာရသည် ဟု ဦးစိုင်းထွန်းဝင်းက ဆိုသည်။
“ကျနော်တို့ ပြည်သူအနေနဲ့က ဘယ်လက်နက်ကိုင်ကိုမဆို ဖြတ်သန်းသွားလာရင် မကြိုဆိုလို့ မရဘူး။ ပြည်သူလေ။ တဖက်က လာရင် အဲဒီလိုပဲ ပြောနေရမှာပဲ။ တပ်မတော်ဘက်က လာရင်လည်း လက်ခံရတာပဲ။ နောက်ဆုံး ခံရတာက ကျနော်တို့ ပြည်သူကပဲ ခံနေရတယ်” ဟု ဦးစိုင်းထွန်းဝင်းက ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို စားနပ်ရိက္ခာ ကူညီပေးနေသည့် နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ ဒေါ်နန်းမွေဆိုင်က တပ်မတော် စစ်ကြောင်းများ ပုံဟိုးတောင်ခြေအနီးရှိ ကျေးရွာများသို့ ဝင်လာသည့်အချိန်၊ တိုက်ပွဲ မဖြစ်ခင်ကတည်းက ဒေသခံအချို့မှာ နီးစပ်ရာ ဆွေမျိုးအိမ်များသို့ စတင် ထွက်ပြေးနေကြပြီး တိုက်ပွဲဖြစ်ရာတွင် ရွာလုံးကျွတ်နီးပါး ပြေးလာ ကြခြင်း ဖြစ်သည်ဟု ပြောသည်။
ဒေါ်နန်းမွေဆိုင်က “ကိုဗစ်ကြောင့်လည်း တမျိုး၊ ဒီအချိန်က တောင်ယာမှာ ပြောင်းယူရမယ့် စပါးရိတ်သိမ်းရမယ့် အချိန် ရောက်ပြီ။ စစ်ကြောင်း ဝင်တော့ ရွာက လူတွေအတွက်စီးပွားရေး အခက်အခဲတွေ ပိုဖြစ်တယ်။ ပြောင်းတွေ ရက်လွန်ရင် ရိတ်သိမ်းရမယ့် အချိန် မရိတ်ရရင် တနှစ်စာ စားနပ်ရိက္ခာအတွက် မဖူလုံတော့ဘူး။ ဒီမှာက ကျောက်မဲတင် မကဘူး။ ကွတ်ခိုင်၊ နမ့်ခမ်းဘက်တွေရော ဖြစ်နေတာ” ဟု ဆိုသည်။
တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက အောက် တိုဘာ ၃ ရက်တွင် လုံခြုံရေးကင်း လှည့်နေသည့် တပ်မတော် စစ်ကြောင်းကို နားဖန်ကျေးရွာ အနီးတွင် RCSS တပ်ဖွဲ့ ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်ခြင်းကြောင့် တိုက်ပွဲဖြစ်ရသည်ဟု ပြောသည်။
ယနေ့ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခြင်း မရှိပါ။
နေအိမ်အတွင်း လက်နက်ကြီး ကျည်စထိမှန်ခြင်းကြောင့် ဒဏ်ရာ ရထားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းရာ ဗိုလ်ချုပ် ဇော်မင်းထွန်းက “အရပ်သား ထိခိုက်မှု ရှိစရာ အကြောင်းမရှိပါဘူး။ သူတို့ဘက်က ထိခိုက်တဲ့လူကိုပဲ အရပ်သားဆိုပြီး လုပ် တာ ဖြစ်ရင် ဖြစ်မှာပေါ့။ ဒါပဲ ရှိပါတယ်။ ဖြစ်တာကလည်း သူတို့ဘက်က စ ပစ်ခတ်လို့ ဖြစ်ရတာ ဖြစ်တယ်။ နောက်ပြီး နယ်မြေကျော်လွန် ဝင်ရောက်လာလို့လည်း ဖြစ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
တပ်မတော်ဘက်မှ ပြောဆိုချက်နှင့် ပတ်သက်၍ ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က လက်နက်ကြီးကျည်စ ထိမှန်ထားသူမှာ အရပ်သား ဖြစ်ပါသည်ဟု ပြောသည်။
လက်နက်ကြီးကျည်စ ထိမှန်ထားသည့် အမျိုးသားသည် ဦးခေါင်း၊ ခန္ဓာကိုယ်၊ ရင်ဘတ်၊ နောက်ကျောနှင့် ခြေထောက်တို့ တွင် ကျည်စများ ထိမှန်ထားပြီး ဒဏ်ရာ ပြင်းထန်သည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။
တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ RCSS က စတင် ပစ်ခတ်သည့်အပြင် အစိုးရ၊ တပ်မတော်တို့နှင့် ချုပ်ဆိုထားသည့် အပစ်ရပ် စာ ချုပ်များပါ တပ်နေရာ အတည်ပြုထားသည်ကိုလည်း ဖောက်ဖျက်ပြီး နယ်မြေကျော်လွန် နေထိုင်သဖြင့် တိုက်ပွဲ ဖြစ်ရခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
ဆက်လက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက “RCSS စခန်းဆိုတာ အဲဒီ နေရာမှာ ရှိစရာ အကြောင်းကို မရှိဘူး။ RCSS/SSA ဆိုတာ ရှမ်းတောင်ဘက်မှာပဲ ရှိရမှာ။ သူတို့ရဲ့ Bilateral စာချုပ်တွေထဲရော NCA လက်မှတ်မထိုးခင်ထိ သဘောတူညီ ခဲ့တဲ့ထဲမှာ သူတို့ ဘယ်နေရာမှာ ဆိုတာ သဘောတူခဲ့တယ် ဆိုတာ သူတို့ကိုယ် သူတို့ အသိဆုံး ဖြစ်ပါတယ်။ ဒါကို ရှမ်း မြောက်ပိုင်းအထိ ဝင်လာလို့ ဖြစ်လာတာ ဖြစ်ပါတယ်” ဟု ထပ်မံပြောဆိုသည်။
တပ်မတော်နှင့် RCSS သည် ဇွန်လကလည်း ကျောက်မဲမြို့နယ်၊ ပန်ကျန်ကျေးရွာ တဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားပြီး တပ် မတော်က ပစ်ခတ်သဖြင့် အရပ်သား၊ အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ကာ ဒဏ်ရာ ရခဲ့သည်။
အခြားဒေသခံ အမျိုးသား ၁ ဦးကိုလည်း လမ်းပြအဖြစ် ဖမ်းခေါ်ပြီး လမ်းခုလတ်တွင် ရိုက်နှက်ခဲ့သဖြင့် အဆိုပါ အမျိုးသား မှာလည်း ကျောက်မဲမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။
တိုက်ပွဲအတွင်း အရပ်သားကို ပစ်ခတ်ခြင်း၊ ရိုက်နှက်ခြင်းတို့အတွက် တာဝန်ယူပေးရန် ကျောက်မဲမြို့နယ်၏ လွှတ်တော် ကိုယ်စားလှယ်များက တိုင်စာပို့ရာ တပ်မတော်က မှားယွင်း ပစ်ခတ်ကြောင်း ဝန်ခံပြီး တာဝန်ရှိသူများကို အရေးယူပေးမည် ဟု ကတိပြုခဲ့သည်။
ပစ်ခတ်သည့် တပ်သားမှာ တိုက်ပွဲအတွင်း သေဆုံးသွားပြီဖြစ်သဖြင့် တပ်ဖွဲ့ကို ကြီးကြပ်ကွပ်ကဲသည့် အထက်အရာရှိကို သာ အရေးယူလိုက်ပြီဟု တပ်မတော်ဘက်မှ ဆိုသည်။
သို့သော် အရေးယူလိုက်သည့် ပြစ်မှုပြစ်ဒဏ်များကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရေးနှင့် ကုသ ရေး တို့တွင် အထောက်အကူ ပြုစေရန် အောက်တိုဘာ ၃၁ ရက်အထိ အပစ်ရပ် သက်တမ်း ထပ်တိုးပေးထားရာ ရှမ်း ပြည်နယ် မြောက်ပိုင်းသည်လည်း အပစ်ရပ်ထားသည့် နယ်မြေတွင် အကျုံးဝင်သည်။
ထို့ပြင် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်သည့် RCSS သည် ပဏာမ အပစ်ရပ်စာချုပ်များအပြင်၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို လက်မှတ် ရေးထိုးထားသည်။
ကျောက်မဲတွင် တိုက်ပွဲ ဖြစ်ပွားရခြင်း အကြောင်းနှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီမှ RCSS ၏ သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
RCSS သည် ထိုင်း- မြန်မာ နယ်စပ် လွယ်တိုင်းလျန်ဒေသတွင် ဌာနချုပ်အခြေစိုက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တကြော လုံးတွင် ဖြန့်ကျက် လှုပ်ရှားသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် NCA ရေးထိုးပြီးနောက် RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းရှိ အင် အားတိုးချဲ့လာရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့အထိ ဝင်ရောက် လာခဲ့သည်။
၂၀၁၆ ခုနှစ်တွင် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် RCSS ကြား နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲ စတင် ဖြစ်ပွားပြီး၂၀၁၉ ခုနှစ်အထိ နမ္မတူ၊ ကျောက်မဲမြို့နယ်တို့တွင် နယ်မြေလုသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)ကလည်း TNLA နှင့် စစ်ရေး မဟာ မိတ်ဖွဲ့ပြီး နမ္မတူမြို့နယ်အတွင်း RCSS တပ်ဖွဲ့များ ထွက်သွားရန် တိုက်ခိုက်မှုများ ပြုလုပ်ပြီး နယ်မြေလုသည့် ပြဿနာေြ ကာင့် ပြေလည်ကြခြင်း မရှိပါ။
NCA ထိုးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ RCSS ဝင်လာခြင်းမှာ တပ်မတော်က ပူးတွဲခေါ်လာခြင်းဖြစ်ပြီး တိုင်းရင်း သား တပ်များအချင်းချင်း တိုက်ပွဲများတွင် RCSS ဘက်မှ တပ်မတော်က ဝင်ကူကာ တိုက်ပေးသည်ဟုTNLA နှင့်SSPP တို့က စွပ်စွဲထားသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူများ၏ ခန့်မှန်းချက်များအရ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ အင်အားတိုးချဲ့ပြီး ဝင်လာသည့် RCSS သည် ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ် တကြောလုံးတွင် အင်အား၂၀၀၀ ဝန်းကျင်သည်ဟု ဆိုသည်။
နယ်မြေ အငြင်းပွားမှု ပြဿနာများနှင့် ပတ်သက်၍ RCSS သည် ရှမ်းပြည်နယ်တွင် အခြေစိုက်ပြီး ရှမ်းလူမျိုးများ၏ တော် လှန်ရေး တပ်ဖွဲ့ဖြစ်သဖြင့် ရှမ်းပြည်နယ်အနှံ့တွင် လှုပ်ရှားသွားလာမည်ဖြစ်ပြီး အခြား တိုင်းရင်းသား တပ်ဖွဲ့များနှင့်လည်း နယ်မြေကို အတူခွဲဝေကာ ယှဉ်တွဲ လှုပ်ရှားရေးကိုသာ လုပ်ဆောင်လိုကြောင်း RCSS တပ်ဖွဲ့မှ ဧရာဝတီကို ၂၀၁၉ ခုနှစ် အတွင်းက ပြောဆိုထားသည်။
You may also like these stories:
ကွတ်ခိုင်ရှိ တပ်ရင်းတခုနှင့် ပြည်သူ့စစ်ဌာနရုံးတခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
ဦးဇခုန်တိန့်ယိန်း မိသားစု မူးယစ်ဆေးနဲ့ ပတ်သက်တယ် ဆိုတာ ကောလာဟလတွေပါ
ကိုဗစ်ကာလ ရခိုင်၌ စစ်ဘေးရှောင် ၃ သောင်းကျော်အထိ တိုးလာ