မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်အလုပ်မှုဆောင် ဦးမြင့်နိုင်၏ နေအိမ်အား လူအုပ်စုဖြင့် ဖျက်ဆီးတိုက်မှုနှင့် ဆက်စပ်ပြီး ပါဝင်သူများထဲက ၁၉ ဦးအား ဖမ်း ဆီးမိထားပြီးဖြစ်ကြောင်း မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ပြောသည်။
မြိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က “ခရိုင်ရဲတပ်ဖွဲ့မှူးကားနဲ့ အုပ်ချုပ်ရေးမှူးကားကို ခဲတွေနဲ့ ပစ်ပေါက်လို့ ပျက်စီးမှုတွေရှိခဲ့။ လမ်းမီးတိုင် ၂ လုံးလဲ ဖျက်ဆီးခံရတယ်။ ပါဝင်တဲ့ ၃၂ ဦးကိုအမှုဖွင့်ထားတာ ၁၉ ဦး ဖမ်းဆီးရမိပြီ၊ ကျန်တဲ့ ၁၃ ဦးကိုလည်း ဥပဒေအရ ထိထိရောက် အရေးယူဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
အောက်တိုဘာ ၃ ရက်နေ့ညပိုင်းက ဦးမြင့်နိုင်အိမ်မှ ရွေးကောက်ပွဲအောင်နိုင်ရေး သီးချင်းဖွင့်သည့်အပေါ် ည ၇ နာရီခွဲခန့်တွင် တရွာတည်းနေ ကိုနေဝင်းဆိုသူက သွားရောက်တားမြစ်ရာက ဦးမြင့်နိုင်နှင့် အပြန်အလှန်ရန်ဖြစ်ခဲ့ပြီး ကိုနေဝင်း၏ မိသားစုဝင်များနှင့် ဒေသခံအချို့ပါဝင်ခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဉ်အပေါ် သွားရောက်ထိန်းသိမ်းခဲ့ပြီး ဦးမြင့်နိုင်မိသားစုအား ခေါ်ထုတ်ခဲ့သည့် ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးကားနှင့် မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးကား တို့အား နေအိမ်မှအထွက်တွင် လမ်းပေါ်ရှိနေသည့် လူအုပ်စုက ခဲများနှင့် ဝိုင်းဝန်းပစ် ပေါက်ခဲ့ပြီး ယာဉ်များပျက်စီးမှုရှိခဲ့သည့်အတွက် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက လင်းကတော်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်မှာ ကိုနေဝင်းမှ သီချင်းဖွင့်ထားမှုအား လာရောက်တားမြစ်စဉ် အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်ရယူ ထားသည့် အထောက်အထားပြသရှင်းပြရာက စကားများခဲ့ပြီး ကိုနေဝင်းမှ ဓားဖြင့်ခုတ်ခဲ့သဖြင့် ပြန်လည်ခုခံခဲ့ပြီး လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ယင်းနောက် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များထံ ဆက်သွယ်ကာ အပ်နှံရေးဆောင် ရွက်ရာတွင် လူအုပ်စုဖြင့် ရောက်ရှိလာကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောထားသည်။
ကန်နီကျေးရွာ ဒေသခံအချို့ကတော့ ရန်ဖြစ်စကားများစဉ် ကိုနေဝင်းအား ဦးမြင့်နိုင်အပါအဝင် လူ ၃ ဦးခန့်က ဝိုင်း ဝန်းရိုက်နှက်ခဲ့သည့်အတွက် မခံမရပ်နိုင်ဖြစ်သည့် မိသားစုများက ပါလာခြင်းဖြစ်ပြီး ဦးမြင့်နိုင်အား ဖမ်းဆီးပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ ရဲတပ်ဖွဲ့မှ ဦးမြင့်နိုင်အား ခေါ်ဆောင်သွားသည့်အတွက် နေအိမ်အား ဖျက်ဆီးကြခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိတွင်လည်း ရန်ဖြစ်ထိုးကြိတ်သည့် ဒဏ်ရာရရှိသည့် ကိုနေဝင်းအား အောက်တိုဘာ ၃ ရက်နေ့ည လက် ယက်မတိုက်နယ်ဆေးရုံးတွင် တင်ပို့ကုသခဲ့ပြီး နောက်နေ့ အောက်တိုဘာ ၄ ရက်နေ့တွင် မိသားစု၏ တောင်းဆိုမှု ကြောင့် တရားဝင်လွှဲစာဖြင့် ပခုက္ကူခရိုင်ဆေးရုံကြီးကို လွှဲပြောင်းကုသစေလျှက်ရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားခဲ့သည့်ညတွင် ဦးမြင့်နိုင်နေအိမ်၌ ရှိနေသူ၏ ပြောပြချက်အရ ရဲတပ်ဖွဲ့ ၄ ဦးရှိနေချိန်တွင် ကိုနေဝင်းမှာ နေ အိမ်အတွင်းမှ ထွက်ပြေးခဲ့သည့်အတွက် လိုက်လံခေါ်ဆောင်ခဲ့ပြီး တရားဝင်ရဲဆေးစာဖြင့် ဆက်လက်ဆောင်ရွက် နိုင်ရေး ဖျောင်းဖျခဲ့ကြောင်း၊ ကျေးရွာမှ လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ပေးရန် ဆောင်ရွက်စဉ်မှာလည်း ပြန်ဆင်းမှု တကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ရှင်းပြသည်။လတ်တလော ၎င်း၏ ကျန်းမာရေး အခြေအနေကိုတော့ အတည်ပြုချက်မရရှိသေးပေ။
အချင်းဖြစ်ရပ် အကြောင်းအရာတခုဖြစ်သည့် အသံချဲ့စက်ဖွင့်ခြင်းနှင့် ပတ်သက်၍လည်း ကာယကံရှင် ဦးမြင့်နိုင် အနေဖြင့် အထွေထွေအုပ်ချုပ်ရေးမှူးထံက တရားဝင် ခွင့်ပြုချက်ရယူထားခဲ့ကြောင်း အုပ်ချုပ်ရေးဌာနက အတည် ပြုထားသည်။
ဖြစ်စဉ်အတွင်း နေအိမ်နှင့် ပစ္စည်းများ ဖျက်ဆီးခံရခြင်းအတွက် ကာယကံရှင်ဖြစ်သူ ဦးမြင့်နိုင်က နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွားဖျက်ဆီးတို့အပါအဝင် ပုဒ်မလေးခုဖြင့်လည်း ကိုနေဝင်းအပေါ် အောက်တို ဘာ ၄ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
လူစုဖြင့် တိုက်ခိုက်မှုနှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ တိုက်ခိုက်မှုဖြစ်ပြီး NLD ပါတီ၏ ရွေးကောက်ပွဲအောင် နိုင်ရေး စည်းရုံးလှုံ့ဆော်မှုများအပေါ် မကျေနပ်၍ဖြစ်နိုင်ကြောင်း၊ တိုက်ခိုက်သူမှာလည်း ကြံ့ခိုင်ရေးပါတီက ဖြစ်ကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက ထုတ်ဖော်ပြောဆိုထားသည်။
ယင်းသို့ ပြောဆိုမှုနှင့် ပတ်သက်၍ ကိုနေဝင်းသည် ပါတီဝင်တယောက်မဟုတ်သည့် စွပ်စွဲပြောဆိုမှုအပေါ် တာဝန်ယူရမည်ဖြစ်ပြီး တရားဝင်အဖွဲ့အစည်းများ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ပါတီနှစ်ခုအကြား ပဋိပက္ခဖြစ်စေသည့် စကားအသုံးအနှုန်းအား တမင်ရည်ရွယ်ပြောခြင်းဟုတ်မဟုတ်နှင့် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုကဲ့သို့သော ဥပဒေအား ချိုးဖောက်သည့် အချက်များ ပေါ်ပေါက်လာပါက ပါတီအနေဖြင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီမှ မကွေးတိုင်းဒေသကြီး၊ ပါတီအတွင်းရေးမှူး ကိုဆန်းညွှန့်အောင်က ပြောသည်။
ကိုဆန်းညွှန့်အောင်က “သူတို့ပြောထားသလို နိုင်ငံရေးတိုက်ခိုက်မှုကြောင့် မဟုတ်ဘူးဆိုတာကို ပြောချင်တယ်၊ ရွာနဲ့ပတ်သက်တာကိုတော့ ဘာမှမပြောလိုဘူး။ ကျနော်တို့ ပါတီဝင်ကနေ သူတို့မဲဆွယ်စည်းရုံးတာကို မကျေနပ် လို့ နိုင်ငံရေးအရ တိုက်ခိုက်တယ်ဆိုတာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ ပါတီမှာလည်း ဒီကောင်လေးက ဘာတာဝန်မှမရှိဘူး။ ပါတီချင်းဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်ကို အတပ်မခံချင်ဘူး။ ဒီလိုဖြစ်စဉ်ကို အားလည်းမပေးဘူး။ ဒါမျိုးလည်း ကျနော်တို့ပါတီမှာ တခါမှမရှိခဲ့ဖူးဘူး” ဟု ပြောသည်။
ကန်နီကျေးရွာသည် အိမ်ခြေ ၄၅၀ ကျော်၊ လူဦးရေ ၁၇၀၀ ကျော်ရှိသည့် ကျေးရွာကြီးတရွာဖြစ်ပြီး လူအုပ်စုဖြင့် တိုက်ခိုက်မှုဖြစ်စဉ်တွင် ရောက်ရှိလာသူ လူဦးရေမှာ ၁၀၀ ခန့်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကြုံတွေ့ခဲ့ သည့် မျက်မြင်အခြေအနေကို ပြောပြသည်။
ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကန်နီကျေးရွာသို့ ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်နှင့် အနုပညာရှင် အချို့ NLD အောင်နိုင်ရေးလာရောက်စဉ် ခဲများဖြင့် ပစ်ပေါက်ခံခဲ့ရဖူးသကဲ့သို့ ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲကာလတွင်လည်း ယခုဖြစ်စဉ်တွင် ပါဝင်သူ ကိုနေဝင်းက ဦးမြင့်နိုင်အား လှံဖြင့်ထိုးခဲ့ဖူးပြီး ဒဏ်ရာ ရရှိမှု မရှိခဲ့သည့်အတွက် ကြေအေးထားခဲ့ကြောင်းလည်း သိရသည်။
ရွေးကောက်ပွဲစည်းရုံးကာလ အသံချဲ့စက်များ အသုံးပြုမှုနှင့် ပတ်သက်ပြီး လျှောက်ထားသည့် နိုင်ငံရေးပါတီ များ အား မနက် ၆ နာရီမှ ည ၉ နာရီအတွင်း ခွင့်ပြုပေးကြောင်း၊ ဆဲရေးတိုင်းထွာခြင်းနှင့် ညစ်ညမ်းသည့်စကားများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအား တားမြစ်ထားပြီး အကြောင်းတစုံတရာကြောင့် အုပ်ချုပ်ရေးမှူးက ပိတ်ခိုင်းသည့် အခါ လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဟု သတိပေးထားကြောင်း အုပ်ချုပ်ရေးဌာန က ရှင်းပြသည်။
You may also like these stories:
မှော်ဘီတပ်ရှေ့တွင် NLD ပါတီ ဆိုင်းဘုတ် စိုက်ထူမှု ပြန်ဖြုတ်ချပေးမည်
ကသာနှင့်ဝန်းသိုတွင် NLD ပါတီက မဲဆွယ်ခြင်းလုပ်ငန်း ယာယီရပ်ဆိုင်းထား
မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား