အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် နှင့် ကြည်းတပ်ဦးစီးချုပ်တို့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အိန္ဒိယနိုင်ငံမှ ခေါင်းဆောင်နှစ်ဦးမှာ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဌာန အတွင်းဝန် ဟတ်ရှ် ရှရင်လား နှင့် အိန္ဒိယ ကြည်း တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ် နာရာဗနီ တို့ဖြစ်ပြီး ၂ နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနက ဧရာဝတီသို့ အတည်ပြုသည်။
အိန္ဒိယမှ ခေါင်းဆောင် ၂ ဦးသည် ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာန၏ နိုင်ငံရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ပြောသည်။
ဦးအောင်ကို က “သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ Capacity Building တို့ နယ်စပ်ဒေသဖွံ့ဖြိုးရေးတို့ စစ်တွေဆိပ်ကမ်း လည်ပတ်ရေး၊ ကုလားတန်စီမံကိန်းကိစ္စပေါ့။ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံဖို့တို့ ၂ နိုင်ငံအကျိုးတူ ကိစ္စတွေ ဆွေးနွေးပါတယ်” ဟု ပြောပြသည်။
ထို့ပြင် အိန္ဒိယမှ ခေါင်းဆောင် ၂ ဦးက ကိုဗစ် – ၁၉ ရောဂါကုသရေးတွင် အသုံးပြုနိုင်သည့် Remdesivir ထိုးဆေး အလုံး ၃၀၀၀ ကို မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ပေးပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ပါက မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးသွားမည်ဟု ပြောဆိုကြကြောင်း ဦးအောင်ကိုက ပြောကြားသည်။
၎င်းကဆက်၍ “သူတို့အနေနဲ့ Foreign Secretary နဲ့ ကြည်းတပ်ချုပ် ကိုယ်တိုင်လာတာဆိုတော့ သူတို့ဘက်ကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အလေးထားတယ်။ လက်ရှိမှာလည်း ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထိန်းဖို့ဖြစ်တယ်” ဟု မှတ်ချက်ပေးသည်။
တပ်မတော်ဘက်ကလည်း အိန္ဒိယ ကြည်းတပ် စစ်ဦးစီးချုပ် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးတို့သည် မြန်မာ့တပ်မ တော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် ကနဦးတွေ့ဆုံဆွေးနွေးပြီး ယင်း နောက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အတည်ပြုသည်။
အိန္ဒိယ ကြည်းတပ် စစ်ဦးစီးချုပ်သည် မြန်မာ့တပ်မတော် ဒုတပ်ချုပ်နှင့် ၂ နိုင်ငံတပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့်ရန်အတွက် လုံခြုံရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် အပါအဝင် ၂ နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရန် အတွက် အပြန်အလှန် သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က “Park Royal မှာ အိန္ဒိယကြည်းတပ်ဦးစီးချုပ်ကို ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နေ့လည်စာနဲ့ ဧည့်ခံတယ်။ ဒုတပ်ချုပ်နဲ့တွေ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဆက်ပြီးတွေ့တယ်။ မြန်မာဘက်ကတော့ ဒုချုပ်ကြီးတွေ အပါအဝင် တပ်မတော်အရာရှိကြီးတွေ တက်ရောက်တယ်။ ဗိုလ်ချုပ်ဖုန်းမြတ် (နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး) လည်းတက်တယ်” ဟု ပြောပြသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်တရပ်အဖြစ် တည်ဆောက်နေသည့် အခြေအနေများ အပါအဝင် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်း ဆောင်ရွက်နေသည့် အခြေအနေများ နှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဆက်လက်၍ ၎င်းက “နှစ်နိုင်ငံနယ်နိမိတ်ကို အသုံးပြုပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လက်မခံဘူးဆိုတဲ့ မူဝါဒကို မြန်မာဘက်က အတည်ပြုခဲ့သလို အိန္ဒိယဘက်ကလည်း မြန်မာကို ဆန့်ကျင်ပြီး အိန္ဒိယ နယ်မြေထဲမှာလည်း အဲဒီလို လက်နက်ကိုင်တွေကို လက်မခံဘူးဆိုတဲ့မူဝါဒကိုတော့ ၂ နိုင်ငံလုံး ထပ်လောင်း အတည်ပြုခဲ့တယ်” ဟု ပြောဆိုသည်။
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အခြေစိုက် တရုတ်အရေးနှင့် လုံခြုံရေးလေ့လာသည့် STIMSON CENTER ၏ Non-Resident Fellow ဖြစ်သူ ဦးအမရာသီဟကမူ အိန္ဒိယခေါင်းဆောင် ၂ ဦး၏ မြန်မာခရီးစဉ်သည် ၂ နိုင်ငံကြား ပုံမှန် ဆောင်ရွက်သည့် သံတမန် ဆက်ဆံရေးပုံစံသာဖြစ်ပြီး စီမံကိန်းကြီးများ ၂ ဖက်သဘောတူကာ အကောင်အထည် ဖော်သည်အထိ ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ကြောင်းဆိုသည်။
ဦးအမရာ သီဟ က “အိန္ဒိယအနေနဲ့က လက်ရှိမြန်မာနိုင်ငံမှာ ပုံမှန် engage လုပ်တယ်ဆိုတာမျိုးလောက်ပဲ ရှိသေးတယ်။ တခုရှိတာကတော့ နောင်ရွေးကောက်ပွဲအလွန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ပြန်ပြီး initiate လုပ်နိုင်ဖို့အတွက် နိုင်ငံခြားရေး အတွင်းဝန် လာတာ ဖြစ်ပါတယ်။ အရမ်းကြီးပြောင်းလဲလောက်တဲ့ ကိစ္စတွေကတော့ မရှိနိုင်လောက်ဘူးထင်တယ်” ဟု မှတ်ချက်ပေးသည်။
တပ်ပိုင်းဆိုင်ရာကိစ္စရပ်များတွင်မူ ၂ နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုသည် ယခင်ကတည်းကပင် ရှိနေခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် နာဂလက်နက်ကိုင်များ၏ စခန်းများကို တပ်မတော်ဘက်က ဝင်ရောက်ရှင်းလင်း တိုက်ခိုက်ခဲ့ပြီး နာဂသူပုန်များကို အိန္ဒိယအစိုးရထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည်လည်း ရှိသည်။
အပြန်အလှန်အားဖြင့် အိန္ဒိယဘက်ကလည်း ဘင်္ဂလားဒေ့ရှ်- မြန်မာ -အိန္ဒိယ သုံးပွင့်ဆိုင် နယ်စပ်တလျှောက်ရှိ မြန်မာ အစိုးရကို ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှု အချက်အလက်များကို မြန်မာ့တပ်မတော်ထံ ပေးပို့ သည်လည်း ရှိကြောင်း ဦးအမရာသီဟက ပြောကြားသည်။
၎င်းက “သုံးပွင့်ဆိုင်နယ်စပ်မှာ တိုက်ပွဲတွေက ပိုများလာတယ်။ လက်နက်ကုန်သွယ်မှုကလည်း ရှိနေတယ်။ အဲဒါနဲ့အတူ မူးယစ်ဆေးဝါးကိစ္စတွေကလည်း ပါလာတတ်တဲ့အခါကျတော့ သူတို့ကလည်း အချက်အလက်တွေကို centralized လုပ်ပြီးတော့ ဒါကို ဘယ်လိုထိန်းမလဲဆိုတဲ့ ကိစ္စတွေလည်း ဆွေးနွေးဖို့ပါမှာပေါ့” ဟု သုံးသပ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကပင် တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် မစ္စတာယန်ကျိချီ (Mr. Yang Jiechi) သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
တရုတ်ကိုယ်စားလှယ်ခရီးစဉ်အပြီး တလအကြာတွင် အိန္ဒိယခေါင်းဆောင်များ အလည်ရောက်လာခြင်းမှာ အကြောင်းမဲ့ ရောက်လာသည်တော့ မဖြစ်နိုင်ကြောင်း လေ့လာသူများက အကဲခတ်ကြသည်။
လောလောဆယ်တွင် အိန္ဒိယ နှင့် တရုတ် ဆက်ဆံရေးသည် နယ်ခြား တင်းမာမှုများကြောင့် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိ နေချိန် ဖြစ်ပြီး ကိုဗစ် – ၁၉ ရောဂါ တကျော့ပြန်ဖြစ်ပွားနေသည့်အချိန်တွင် အိန္ဒိယ၏ မြန်မာ ခရီးစဉ်သည် အဓိပ္ပါယ် အပြည့်အဝ ရှိနေကြောင်း အိန္ဒိယ သတင်းစာများက ရေးသားဖော်ပြကြသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ ပြင်ပ ဆက်ဆံဆက်သွယ်ရေး ဌာနဒါရိုက်တာ ဦးအောင်သူငြိမ်းကမူ အိန္ဒိယခေါင်းဆောင်များ၏ ခရီးစဉ်သည် ဒေသတွင်း ပထဝီနိုင်ငံရေးတွင် တရုတ်၏ လွှမ်းမိုးမှုကို ထိန်းကြောင်းနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ဦးအောင်သူငြိမ်း က “ချိန်ခွင်လျှာညှိကြတဲ့ သဘောပါ။ တရုတ်ကိုယ်စားလှယ်မတိုင်ခင်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးလည်း မြန်မာပြည် လာသွားပါသေးတယ်။ ဆိုလိုတာက ဒီကိုဗစ်ကာလအခြေအနေအတွင်းမှာပဲ ပထဝီနိုင်ငံရေးက အရွေ့တွေဖြစ်လာတာပေါ့” ဟု မှတ်ချက်ပေးသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၎င်း၏ ပုံမှန် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်နိုင်သကဲ့သို့ ၎င်း၏ သံခင်းတမန်ခင်းကို ပိုမိုကျယ်ပြန့်ရန်အားထုတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း၎င်းက သုံးသပ်သည်။
အိန္ဒိယနိုင်ငံမှ ခေါင်းဆောင် ၂ ဦး၏ မြန်မာနိုင်ငံခရီးစဉ်သည် ၂ ရက်ကြာမြင့်မည်ဖြစ်ပြီး မနက်ဖြန် အောက်တိုဘာလ ၆ ရက်တွင် အိန္ဒိယသို့ပြန်မည် ဖြစ်သည်။
You may also like these stories:
အမှန်တရားရှာမှာလား လုပ်ဇာတ်တွေကို မီးထိုးပေးမှာလား
ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ဒုတိယခြေလှမ်း သို့မဟုတ် ၂၀၂၀ရွေးကောက်ပွဲ
ဟောင်ကောင်တွင် ဆန္ဒပြသူ အများအပြား အဖမ်းခံရ