ကိုဗစ်ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကာလ စီးပွားရေး အခက်အခဲများကြောင့် တိုင်းနှင့် ပြည်နယ်အချို့ရှိ အသေးစား ငွေကြေးလုပ်ငန်းများမှ ပြန်ဆပ်ငွေ ကောက်ခံခြင်းကို ယာယီဆိုင်းငံ့ပေးရန် သက်ဆိုင်ရာ အစိုးရများက ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ တိုင်းနှင့်ပြည်နယ် အစိုးရများက ကိုဗစ်ရောဂါ ဖြစ်ပွားမှု အခြေအနေများအပေါ် မူတည်၍ ၎င်းတို့ တိုင်းဒေသကြီးများတွင် စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ ချေးငွေများ ပြန်လည် ကောက်ခံမှုကို ယာယီ ဆိုင်းထားရန်နှင့် ချေးငွေနှင့် အတိုးများ ကောက်ခံရာတွင် ချေးယူသူများ၏ ဆန္ဒအရ ပေးသွင်းမှုများအပေါ်သာ ဆောင်ရွက်ရန် အသေးစားလုပ်ငန်း လုပ်ကိုင်သော အဖွဲ့အစည်းများကို အကြောင်း ကြားထားကြောင်း သိရသည်။
စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် ကို ချေးငွေကောက်ခံခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာတွင် “ကျနော်တို့ ဘက်က COVID-19 ပထမလှိုင်း ဖြစ် ကတည်းက ထုတ်ထားပြီးသားပါ။ အခု Second Wave မှာက နေရာ ဒေသလိုက်အလိုက် ဖြစ်နေတာလေ။ ဒါကြောင့် ကျနော်တို့ တနိုင်ငံလုံးကို သွားပြီးတော့ ထုတ်လို့က မသင့်တော်ဘူး။ တချို့တိုင်းလေးတွေက ဖြစ်နေတာ။ သူတို့ တိုင်းနဲ့ ပြည်နယ်လေးတွေမှာ ရှိတဲ့ လုပ်ငန်းကော်မတီတွေက ထပ်ထုတ်ပြန်တာပါ” ဟု ပြောကြားသည်။
ဆက်လက်၍ ၎င်းက “ဒါကလည်း ဥပဒေအတိုင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ First Wave က ညွှန်ကြားထားတဲ့ ညွှန်ကြား ချက်တွေကို ထပ်ထုတ်ပြန်တာပါ။ အဓိက တွေ့ရတာတော့ တခုတည်းပါပဲ။ ချေးငွေတွေကို အတင်းအကြပ် မကောက်ခံဖို့နဲ့ ကိုဗစ်ဖြစ်နေတဲ့ ကာလမှာ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ဖို့ပါပဲ” ဟု သုံးသပ်ပြောဆိုသည်။
အဆိုပါ အသေးစား ငွေကြေးလုပ်ငန်းများက ချေးငွေ ကောက်ခံခြင်းကို ယာယီရပ်ဆိုင်းခြင်း အမိန့်ညွှန်ကြားချက်နှင့် ပတ် သက်၍ အချိန်ကာလမှာ ကိုဗစ်ရောဂါဖြစ်ပွားသည့် အခြေအနေအပေါ် မူတည်ပြီး ဖြေလျှော့ခြင်းကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးဇော်နိုင်က ရှင်းပြသည်။
လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် အစရှိသည့် တိုင်းတို့တွင် တိုင်း အစိုးရများက ထုတ်ပြန်ထားသည်ကို တွေ့ရကြောင်း ကျန်သည့် တိုင်းနှင့် ပြည်နယ်များတွင်မူ ထုတ်ပြန်ထားခြင်း မရှိ ကြောင်း ၎င်းက ပြောသည်။
အသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီ၏ လုပ်ကိုင်ခွင့် လိုင်စင်ရယူပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် လက်ရှိ ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ် ကာလ အ တွင်း ဝင်ငွေနည်း ပြည်သူများ ငွေရေးကြေးရေး အခက်အခဲ ဖြစ်ပေါ်နေခြင်း၊ ချေးငွေလုပ်ငန်း၏ သဘာဝအရ ချေးငွေ အရာရှိ ဝန်ထမ်းများက ရပ်ကွက် ကျေးရွာများအတွင်း ကူးလူးသွားလာ၍ ပြည်သူများနှင့် ထိတွေ့ ဆက်ဆံ ဆောင်ရွက်ရ သောကြောင့် ရောဂါ ကူးစက်မှုများ ပိုမိုပျံ့နှံ့လာနိုင်ခြင်းနှင့် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ခြင်းတို့ကြောင့် လုပ်ငန်းများကို ယာယီဆိုင်းငံ့ထားရန် ဖြစ်သည်။
မြန်မာနိုင်ငံ အသေးစားငွေ ရေးကြေးရေး ကူညီမှုအသင်း (MMFA)၏ အတွင်းရေးမှူး ဒေါ်ဖြူယမင်းမြတ်က “ဒေသဆိုင်ရာ အစိုးရတို့ ဘာတို့ကတော့ ပိတ်ပေးပါလို့ ထွက်တာပေါ့လေ။ ဒါပေမယ့် တချို့တွေက ငါတို့ ရပ်လို့မရဘူး ဆိုပြီးတော့ ငွေပြန် ဆွဲထုတ်ပေးတာ၊ ချေးငွေ ပြန်ပေးတာမျိုးတွေ ရှိတယ်။ ဒါက တချက်၊ ငွေပြန်ကောက်တဲ့အချိန်မှာ အခုက လုပ်ငန်းတွေ အားလုံးနီးပါးက ရပ်ကုန်တဲ့ဟာမျိုးဆိုတော့ မဆပ်နိုင်တဲ့သူတွေလည်း ရှိတယ်” ဟု လက်ရှိ လုပ်ငန်း လည်ပတ်မှု အခြေ အနေကို ဧရာဝတီသို့ ပြောသည်။
အထူးသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ကန့်သတ်မှု သိပ်မရှိသေးသော်လည်း ရန်ကုန်ကဲ့သို့သော တိုင်းဒေသ ကြီးများတွင် ကန့်သတ်မှုများ ရှိသောကြောင့် ချေးငွေ ပြန်မဆပ်နိုင်သည့်သူ ပိုများကြောင်း ၎င်းက ဆိုသည်။
“အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတွေက လူတွေ ချေးငွေ ပြန်ဆပ်ဖို့ရော ချေးငွေ ထုတ်ဖို့ရော ပိတ်လို့ရတဲ့ ပိတ်ပါ လို့ ပြောရတဲ့ အဖွဲ့အစည်းထဲမှာ မပါဘူး။ ပြီးတော့ ဘဏ်နဲ့ငွေကြေး ဆိုတဲ့အတွက် ဖွင့်ကို ဖွင့်ထားရမယ့် လုပ်ငန်းတွေ ထဲ မှာ ပါတယ်။ အဲဒီအတွက်တော့ တတ်နိုင်သမျှ လုပ်ကြတယ်။ ဒါပေမယ့် လုံးဝ လုပ်လို့ မရတဲ့ နေရာတွေလည်း ရပ်ရ ဆိုင်း ရတာတွေ ရှိတယ်” ဟု လုပ်ငန်းရှင်လည်း ဖြစ်သူ ဒေါ်ဖြူယမင်းမြတ်က ပြောဆိုသည်။
ယခုအချိန်တွင် Microfinance လုပ်ငန်းများအနေဖြင့် တချို့လုပ်ငန်းများမှာ ငွေထုတ်ချေးပေးမှုများ ရှိသော်လည်း ယခင် ကဲ့သို့ လုံလောက်သည့် ပမာဏ များများစား ချေးယူ၍ မရခြင်း၊ ချေးငွေရယူရာတွင် စာချုပ်စာတမ်း အာမခံချက် များ ပြားလာခြင်း စသည့်တို့ စိစစ်မှု များလာနေသည်ဟုလည်း ငွေချေးယူသူများက ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားသည့် မတ်လနှင့် ဧပြီလများတွင် Microfinance လုပ်ငန်းတချို့က ပြန်ဆပ်ငွေ ကို ၁ လ ဆိုင်းငံ့ပေးခြင်း ရှိခဲ့သော်လည်း ဆိုင်းငံ့ကာလ ပြီးသည်နှင့် နှစ်လပေါင်းကာ တောင်းခဲ့သည့် လုပ်ငန်းမျာလည်း ရှိခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး သမိုင်းမြို့နယ်ရှိ ဝန်ထမ်းဖြစ်သူ ဦးမင်းမင်းက “ပြီးခဲ့တဲ့ ဆိုင်းငံ့ကာလတုန်းကတော့ ဧပြီလမှာ သူတို့ ဆိုင်းငံ့ပေးပေမယ့် ဇွန်လကျတော့ နှစ်လစာ ပေါင်းတောင်းတယ်။ အဲဒီတော့ ဆိုင်းငံ့ပေးတာနဲ့ ဘယ်တူမလဲ။ အတင်း တောင်းသလိုပဲ ပေးရတာပဲ။ အခုကတော့ ကျနော်တို့ဆီမှာ ဆိုင်းငံ့ပေးတာ မရှိပါဘူး” ဟု ပြောပြသည်။
မြန်မာနိုင်ငံတွင် အသေးစား ငွေကြေးလုပ်ငန်းများမှ ငွေချေးယူသူပေါင်း၂ သန်းခန့် ရှိပြီး ချေးငွေ စုစုပေါင်း ဒေါ်လာ ၃၅၀ သန်းခန့်ဖြင့် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း MMFA အသင်း၏ စာရင်းဇယားများအရ သိရသည်။
ညောင်ဦးမြို့ရှိ မြင်းလှည်းသမား ကိုဋ္ဌေးနိုင်က “ကျနော်တို့ ဆီမှာတော့ ဆိုင်းငံ့ပေးတာ မရှိသေးဘူး။ ညောင်ဦးမှာက နယ် မြေ ၆ ခု ရှိတယ်။ အဲဒီက လူကြီးတွေကတော့ ခရိုင်အဆင့်ကို ယာယီ ရပ်ဆိုင်းပေးဖို့ စာတင်ထားတယ်။ ဘာမှတော့ မသိရ သေးဘူး။ အခုကတော့ ကျနော်တို့ လုပ်ငန်းက ခရီးသွားကို မှီခိုနေရတော့ ဘယ်ကမှ မလာဘူး။ အားလုံးရပ်နေတော့ ချေး ငွေ ပြန်ဆပ်ဖို့ အခက်အခဲ ရှိနေတယ်” ဟု ပြောသည်။
လက်ရှိ အစိုးရမှ အသေးစား ငွေရေးကြေးရေး အဖွဲ့များသို့ ကျပ် ဘီလီယံ ၁၀၀ ထုတ်ချေးပေးမှုအနေဖြင့်လည်း အဖွဲ့ကြီး များ ကျပ် ၁၀ ဘီလီယံမှ ၂၀ ဘီလီယံယူပြီး စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ စတင် ထုတ်ချေးရန် ပြင်ဆင် နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ တနိုင်ငံလုံး အနေနှင့် Microfinance ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို လိုင်စင်ထုတ်ပေးထားသည်မှာ ၁၉၃ ခု ရှိပြီး လိုင်စင်အသစ် ထုတ်ပေးရန် လျှောက်ထားသည်မှာ ၇ ခု ရှိကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာနက သိရသည်။
အသေးစား ငွေကြေးကဏ္ဍတွင် နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အကျိုးအမြတ် ယူသော အဖွဲ့များ၊ အသေးစား ငွေကြေးလုပ်ငန်း လိုင်စင်ယူထားသော သမဝါယမ ငွေကြေးအဖွဲ့များ၊ အစိုးရ မဟုတ်သော အသေးစားငွေ ကြေး လုပ်ငန်း ပြုလုပ်သည့် ပြည်တွင်း အဖွဲ့များနှင့် စီးပွားဖြစ် အသေးစား ငွေကြေး အဖွဲ့များ ပါဝင်သည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
You may also like these stories:
ဒုတိယအကြိမ် ကိုဗစ်ကုစားရေး ချေးငွေအတွက် လျှောက်လွှာ ၃၀၀၀ ကျော် ပယ်ချခံရ
ကြံ့ခိုင်ရေးပါတီ၏ အသေးစားချေးငွေ ပြန်ဆပ်ကာလ ဆိုင်းငံ့ပေးရေးအဆို မအောင်မြင်
အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊