ကယားပြည်နယ် လွှတ်တော်၏ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်မှု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီ မညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ယနေ့ နံနက် ၁၀ နာရီတွင် E-court စနစ်ဖြင့် ကြားနာမှု ပြုလုပ်ခဲ့သည်။
အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်မှုဖြင့် စွပ်စွဲပြစ်တင် ရာထူးမှ ဖြုတ်ချခံရသည့် ဦးအယ်လ်ဖောင်းရှိုက ပြည် နယ် လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ စစ်ဆေးပေးရန် တင်သွင်း လျှောက်ထားမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက လက်ခံပြီးနောက် ယနေ့ စတင် လျှောက်လဲကြားနာခြင်း ဖြစ်သည်။
ကြားနာပွဲတွင် တင်သွင်းသူ ဦးအယ်လ်ဖောင်းရှိုဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနှင့် တင်သွင်းခံရသူ စွပ်စွဲ ပြစ်တင်မှုကို ဦးဆောင်ခဲ့သည့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး တို့က နှစ်ဖက် လျှောက်လဲတင်ပြကြပြီး ပြည် ထောင်စု ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က ရုံးတော် သဟာယအဖြစ် သုံးသပ်ချက် တင်ပြခဲ့သည်။
ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲထားပြီး ဖြစ်သည့် ဦးအယ်လ်ဖောင်းရှို အနေဖြင့် ခုံရုံးသို့ တင်သွင်းခွင့်ရှိသူ ဟုတ်/မဟုတ်၊ စွပ်စွဲ ပြစ်တင်သူ ၅ ဦးအနက် ၁ ဦး နုတ်ထွက်ခဲ့သော်လည်း ပြည်နယ်လွှတ်တော်က ဆက်လက် စုံစမ်းစစ်ဆေးခြင်းသည် အခြေ ခံ ဥပဒေပုဒ်မ ၂၆၃(ခ)နှင့် ညီ မညီ၊ စွပ်စွဲပြစ်တင်မှုကို စုံစမ်းစစ်ဆေးသည့် အဖွဲ့၌ စွပ်စွဲပြစ်တင်သူ ၃ ဦး ပါဝင်နေခြင်းသည် အခြေခံ ဥပဒေပုဒ်မ ၂၆၃(ဂ)နှင့် ညီ မညီ အနက် အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ခြင်း ရှိ/မရှိ ဟူသည့် အချက် ၃ ကို လျှောက် လဲ တင်ပြခြင်း ဖြစ်သည်။
တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက “ယခုလို တင်သွင်းလွှာ လျှောက်ထားရခြင်းမှာ တင်သွင်းသူနဲ့ တင်သွင်းခံ ရသူတို့ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားအတွက် တရားမ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းနေကြခြင်း မဟုတ်ပါ။ ဥပဒေရေးရာအရ မှန်ကန်မှု ရရှိစေခြင်းဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးအတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုပေးရန် ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်” ဟု လျှောက်လဲသည်။
ဆက်လက်၍ ၎င်းက ဥပဒေ၊ ဖြစ်ရပ်၊ အချက်အလက် အကိုးအကားများဖြင့် လျှောက်လဲ တင်ပြခဲ့သလို ပထမ အချက်နှင့် ပတ်သက်၍လည်း တင်သွင်းသူသည် ပြည်နယ် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေစဉ်ကာလ ၂၀၂၀ သြဂုတ်လ ၃၁ ရက် တွင် တင်သွင်းလွှာကို အခြေခံဥပဒေခုံရုံး ဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတမှတဆင့် ပေးပို့ခဲ့ခြင်းဖြစ်ရာ ဥပဒေအရ တင် သွင်းခွင့်ရှိသူ ဖြစ်ကြောင်း လျှောက်လဲ တင်ပြခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သည် ဆိုကာ စွပ်စွဲပြစ်တင်ခံခဲ့ရသည့် ဦးအယ်လ်ဖောင်းရှို အား စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ စက်တင်ဘာ ၁ ရက်က ပြုလုပ်သည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ မဲခွဲ ဆုံး ဖြတ်ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် စွပ်စွဲပြစ်တင်မှု အောင်မြင်ခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက်တွင် တာဝန် မှ ရပ်စဲခံရခြင်း ဖြစ်သည်။
တင်သွင်းခံရသူ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကလည်း တချက်ချင်း ပြန်လည် ချေပခဲ့ပြီး ကယားပြည်နယ် လွှတ် တော်သည် ပြည်သူ့ ကိုယ်စား အခြေခံဥပဒေနှင့်အညီ ထိန်းကျောင်း ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ၂၆၃ (ခ)၊ (ဂ)ပါ ပြဋ္ဌာန်းချက်များသည် အဓိပ္ပာယ် ရှင်းလင်းတိကျသဖြင့် အနက်အဓိပ္ပာယ် ဖွင့်ဆိုရန် မလိုအပ်ကြောင်း တင်ပြသည်။
ထို့ပြင် လွှတ်တော်၏ ဆောင်ရွက်ချက်များသည် ဒီမိုကရေစီကျင့်စဉ်အရ ဖြစ်စေ၊ ဥပဒေအရဖြစ်စေ မှန်ကန်မှု ရှိသဖြင့် တင် သွင်းလွှာကို ပလပ်ပေးရန်လည်း ၎င်းက လျှောက်လဲ တင်ပြခဲ့သည်။
ထို့နောက် ရုံးတော် သဟာယ ဖြစ်သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က သုံးသပ်ချက်များကို လျှောက်လဲ တင်ပြပြီးနောက် အပြီးသတ် ဆုံးဖြတ်ချက်ချမည့် နေ့ရက်နှင့် အချိန်ကို နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာခုံရုံး ကြော်ငြာသင်ပုန်းနှင့် ဝက်ဘ်ဆိုက် တို့တွင် ထုတ်ပြန်ပေးမည် ဟု ခုံရုံးအဖွဲ့က ကြေညာခဲ့သည်။
You may also like these stories:
တာဝန်မှ ရပ်စဲခံရသည့် ဆုံးဖြတ်ချက်အပေါ် ဦးအယ်လ်ဖောင်းရှို တုန့်ပြန်
ကယားဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှု အောင်မြင်