ရန်ကုန်တိုင်းဒေသကြီး၏ Stay at Home အစီအစဉ်အရ လက်ခစား ကုန်ထုတ်ဝန်ဆောင်မှု (CMP) စက်ရုံ၊ အလုပ်ရုံ ပိတ်ရက်များ ဆက်လက် တိုးမြှင့်လိုက်ရာ လစာထုတ် မရသေးသည့် အလုပ်သမားများမှာ လူမှုစီးပွားရေး အခက်အခဲ များစွာ ကြုံတွေ့နေရကြောင်း အလုပ်သမား အဖွဲ့အစည်းများထံမှ သိရသည်။
အစိုးရ၏ Stay at Home အစီအစဉ်အရ အလုပ်သမားများအနေဖြင့် စက်တင်ဘာလ ၂၁ ရက်နေ့ကတည်းက အလုပ်များ စတင် ရပ်နားထားခဲ့ရခြင်း ဖြစ်ပြီး နေထိုင်စားသောက်မှုအတွက် လက်ထဲတွင် ငွေကြေးလုံးဝမရှိသော အလုပ်သမားများစွာ ရှိနေသဖြင့် လူမှုစီးပွားအခက်အခဲများစွာ ကြုံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM က ပန်ကြားလွှာ တစောင် အောက်တိုဘာလ ၆ ရက်နေ့က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် နေထိုင်ရေးအတွက် အဆောင်လခ၊ အိမ်လခများ မပေးနိုင်သဖြင့် နေအိမ်၊ အဆောင်များထံမှ ထွက် ခွာပေးရန် ဖိအားပေး ခံနေရသဖြင့် အလုပ်သမားများ လုပ်ခလစာများ ထုတ်ယူနိုင်ရေးအတွက် အလျင်အမြန်ဆောင်ရွက် ပေးရန်လည်း CTUM က တောင်းဆိုထားသည်။
CTUM၏ အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး က “တဖက်ကနေ Stay at Home ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ထားတယ်။ တဖက်ကကျတော့ အလုပ်သမားတွေ အလုပ်ရှင်ဆီကနေ လုပ်ခလစာ ယူနိုင်ဖို့ အရေးကြီးနေပါတယ်။ စားစရာလည်း မရှိတော့ပါဘူး။ အဆောင်ခ၊ အိမ်ငှားခတွေလည်း ပေးစရာ လုံးဝ မရှိပါဘူး။ အဆောင်ပိုင်ရှင်တွေ၊ အိမ်ပိုင်ရှင်တွေက ဖိအားပေးပြီး ထွက်သွားခိုင်းတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပါတယ်” ဟု ပြောသည်။
“အဲဒါကြောင့်မို့လို့ အစိုးရအနေနဲ့ အလုပ်သမားတွေ လုပ်ခလစာကို အချိန်မီ ရယူနိုင်ရေးအတွက်ကို တိကျတဲ့ ညွှန်ကြား ချက် တစောင် အမြန်ဆုံး ထွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ခစား ကုန်ထုတ်ဝန်ဆောင်မှု (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်နေသူများကို မူလက အောက်တို ဘာ ၇ ရက်နေ့ အထိ လုပ်ငန်းခွင် သွားရောက်ခွင့် မပြုဟု ထုတ်ပြန်သော်လည်း ယခုအခါ အောက်တိုဘာ ၂၁ ရက်နေ့ အထိ လုပ်ငန်းခွင်သို့ သွားရောက်ခြင်း မပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့ညပိုင်းက ထပ်မံထုတ်ပြန်ခဲ့သည်။
“လစာက အလုပ်ရှင်တွေနဲ့ ညှိနှိုင်းတော့ သူတို့က ပြန်ဖွင့်ပြီးရင် ၁၀ ရက်နေ့မှာ နောက်ဆုံးထားပေးမယ်လို့ ပြောထားတာ။ အခုထပ်ပြီး စာက ၁၀ လပိုင်း ၂၁ ရက်နေ့အထိဆိုတော့ ကျမတို့ လစာမရတော့ဘူးလား။ တလလုံးစာကို ဘယ်နေ့မှာ သွားထုတ်ရမှာလဲဆိုတာ မေးနေကြရတယ်။ အဆောင်လခတွေဆိုရင် လကုန်တာနဲ့ပေးရတယ်။ တချို့ ၅ ရက်နေ့ လခ ထုတ်တယ်ဆိုတာနဲ့ ပေးလိုက်ရတာ။ ပြောရရင် ပြဿနာ နှစ်ခုပေါ့။ စားစရာမရှိတာနဲ့ အဆောင်လခ ပေးစရာ မရှိတာ” အထည်ချုပ် အလုပ်သမားတဦးဖြစ်သည့် မသဉ္ဇာမြင့်က ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ၏ ၉၀ ရာခိုင်နှုန်းမှာ အဆောင်တွင် နေထိုင်ပြီး အလုပ်လုပ် ကိုင်ရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လစာနှင့် အစိုးရလူမှုဖူလုံရေး စရိတ်များ မရရှိသေးခြင်းကြောင့် နေရေးထိုင်ရေး စားရေး သောက်ရေး အခက်အခဲများ ကြုံနေရကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား များ သမဂ္ဂ အဖွဲ့ချုပ် (MICS) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကလည်း ပြောသည်။
“လုပ်ခလစာကိစ္စကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ခုလိုမျိုး ထုတ်ပြန်လိုက်တာက ဘာပဲပြောပြော အလုပ်သမားတွေ အတွက် အင်မတန်မှကို နစ်နာစေပါတယ်။ လက်ရှိ အာဏာရပါတီအနေနဲ့ အလုပ်သမားတွေရဲ့ အခက်အခဲကို လျစ်လျူ ရှူဖို့ မသင့်ဘူးလို့ မြင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
အချို့စက်ရုံများတွင်မူ လစာ၏ တစိတ်တပိုင်းကို ကြိုတင်ထုတ်ပေးထားသည့်အတွက် ပြီးခဲ့သည့် နှစ်ပတ်အတွက် စားရေး သောက်ရေး အဆင်ပြေသည့်တိုင် ယခုထပ်တိုးသည့် နှစ်ပတ်အတွက် အဆင်မပြေနိုင်ကြောင်း Yes One အထည်ချုပ် စက်ရုံမှ အလုပ်သမ ၁ ဦး ကပြောသည်။
“အလုပ်ရှင်က ငါးသောင်း ကြိုထုတ်ပေးထားတယ်ဆိုတော့ အဲဒီ ကျပ် ၅ သောင်းနဲ့ စားတော့ နှစ်ပတ်အတွင်းကတော့ ဖူလုံ တာပေါ့။ အခုနှစ်ပတ်စားဖို့တော့ ပိုက်ဆံတစ်ကျပ်မှ မရှိဘူး”ဟု ၎င်းက ပြောသည်။
ထို့ပြင် အစိုးရ ထုတ်ပြန်ကြေညာထားသည့် Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများကို လစာ၏ ၄၀ ရာခိုင်နှုန်းကို အစိုးရက ထောက်ပံ့ပေးမည်ဟု အလုပ်သမား၊ လူမှုဖူလုံရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနက ထုတ်ပြန် ထားသော်လည်း ယနေ့ အထိ မရရှိ သေးကြောင်း သိရသည်။
လူမှုဖူလုံရေးအကျုံးမဝင်သည့် အလုပ်သမားများကိုလည်း တဦးလျှင် ကျပ်သုံးသောင်း ထောက်ပံ့ပေးမည်ဟု ကြေညာထား သော်လည်း အလုပ်သမားများမှာ ယနေ့အထိ အစိုးရ၏ ပေးအပ်မည်ဆိုသည့် ထောက်ပံ့ကြေးများကို မရရှိကြောင်း သိရ သည်။
You may also like these stories:
လူမှုဖူလုံရေး အကျုံးဝင် အလုပ်သမားများကို လစာ၏ ၄၀ ရာခိုင်နှုန်း အစိုးရ ထောက်ပံ့မည်
CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို
နိုင်ငံစီးပွားရေး အခြေအနေကြောင့် စက်ရုံ၊ အလုပ်ရုံများ မပိတ်နိုင်