ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများမှ မဖြစ်မနေ ဆက်လက်လုပ်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များ၏ ၁၀ ရာခိုင်နှုန်းခန့်ကို လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဆောက်လုပ်ရေး လုပ်ငန်းများ ဆိုင်ရာ ကြီးကြပ်မှု ကော်မတီက သိရသည်။
Stay at Home ညွှန်ကြားချက်အရ ဆောက်လုပ်ရေး လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း အမိုး မိုးခြင်း၊ Bored Pile တူးခြင်း၊ Girder Launching စသည့် လုပ်ငန်းများမှာ ရပ်ဆိုင်းထား၍ မရဘဲ တဆက်တစပ်တည်း လုပ်ကိုင် ရမည် ဖြစ်သဖြင့် အဆိုပါ လုပ်ငန်းများ၏ ၁၀ ရာခိုင်နှုန်းကို လုပ်ကိုင် ခွင့်ပြုခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ဆောက်လုပ်ရေး လုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှု ကော်မတီဝင် ဦးမျိုးမြင့်က “ဆောက်လုပ်ရေး လုပ်ငန်းရဲ့ ၁၀ ရာခိုင်နှုန်းတောင် မဟုတ်ဘူး။ ရေလယ်ကောင်မှာ တံတား ဆောက်ဖို့၊ Bored Pile တူးတာတွေ စသဖြင့် သတ်မှတ် ထားတဲ့ မဖြစ်မနေ တဆက်တစပ်တည်း လုပ်ကိုလုပ်ရမယ့် အလုပ်တွေကိုပဲ၊ အဲဒါရဲ့၁၀ ရာခိုင်နှုန်း” ဟု ပြောသည်။
“အမှန်က လုပ်ကို မလုပ်စေချင်တဲ့ သဘော။ စိစစ်ပြီးတော့မှ ခွင့်ပြုပေးရမှာ။ တခုလုံးရဲ့ ၁၀ ရာခိုင်နှုန်း မဟုတ်ဘူး။ ဆောက်လုပ်ရေးရဲ့ Method Statement အရ မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေ၊ မလုပ်ရင် ပြဿနာ ဖြစ်နိုင်တဲ့ အလုပ်မျိုးတွေ လောက်ပဲ ခွင့်ပြုမယ့် သဘောပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းများ အနေဖြင့် ရန်ကုန်တိုင်း ဆောက်လုပ်ရေး ကြီးကြပ်မှု ကော်မတီသို့ တင်ပြ ခွင့်ပြုချက် တောင်းခံပြီး ကော်မတီမှ စိစစ်ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) က ထုတ်ပြန်ထားသည်။
COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေသဖြင့် သတ်မှတ်ချက်နှင့်လည်း ကိုက်ညီပြီး လုံးဝ မလုပ်မဖြစ် လုပ်ငန်းမျိုး သာ တင်ပြခွင့်ပြုချက် တောင်းခံရန်နှင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော်လည်း ရပ်နားထား၍ ရပါက ဆက်လက် ရပ်နား ထားခြင်းသာလျှင် အကောင်းဆုံး ဖြစ်ကြောင်း MCEF က တိုက်တွန်းထားသည်။
ဆောက်လုပ်ရေး လုပ်ငန်းတခု၏ ဒါရိုက်တာ တဦး ဖြစ်သည့် ဦးဉာဏ်မြင့်မြတ်က “မိုးတွင်းကာလမှာ လုပ်လက်စတွေ ရပ် လို့ မရတဲ့ အပိုင်းတွေ ရှိတာပေါ့။ Underground Process တွေ၊ Basement Construction လိုမျိုးတွေ Deep Excavation မျိုးတွေ ဒါမျိုးတွေက အချိန်အခါနဲ့ လုပ်ရတာမျိုးတွေ။ မလုပ်ဘဲ တောက် လျှောက်ထားလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက် တွေက များတယ်။ မဖြစ်မနေဟာတွေကို လုပ်ဖို့ ခွင့်ပြုပေးတယ်ဆိုရင် အဆင်ပြေတာပေါ့” ပြောသည်။
“ဘယ်ကို တင်ရမှာ ဆိုတာလည်း လိုပါတယ်။ တင်တဲ့အခါမှာလည်း စာရွက်စာတမ်းတွေနဲ့ မဟုတ်ဘဲ အွန်းလိုင်းကနေ ဘယ်လို လုပ်လို့ ရမလဲ။ လိုအပ်တဲ့ ဓာတ်ပုံတွေတော့ ပေးမယ်ပေါ့။ အဲဒီလိုမျိုးတွေ တင်ပြမှု Process တွေက နည်းနည်း မြန်မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ဒလတံတားနှင့် ပဲခူးမြစ်ကူး တံတားတွင် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန် လျှောက်ထားပြီး၊ အခြား ပုဂ္ဂလိကပိုင်းမှ လျှောက်ထားခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်း ဆောက်လုပ်ရေး ကြီးကြပ်မှု ကော်မတီက သိရသည်။
အဆိုပါ လုပ်ငန်းများကို ခွင့်ပြုရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်း အတိုင်း တိကျစွာ လိုက်နာရန် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားထား သည်။
မတ်လ၂၃ ရက်မှ အောက်တိုဘာလ ၆ ရက် အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ၂၀,၀၃၃ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၄၇၁ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၅,၇၈၂ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
တာချီလိတ်- မယ်ဆိုင် ကုန်သွယ်ရေး အကန့်အသတ်များ ပြန်ဖြေလျှော့ရန် သဘောတူမှုရ
ကသာနှင့်ဝန်းသိုတွင် NLD ပါတီက မဲဆွယ်ခြင်းလုပ်ငန်း ယာယီရပ်ဆိုင်းထား
ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ တရုတ် ပိတ်သိမ်းရန် ပြင်