ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်ကူးစက် ခံရမှုဖြင့် တက်ရောက်ကုသမှုခံယူနေသူ ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာမှ အသက် ၄၈ နှစ်အရွယ် ညွန်ကြားရေးမှူး ၁ ဦးမှာ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါသေဆုံးသူမှာ အသက်ရှုကျပ်သဖြင့် အရေးပေါ်အခန်းတွင် အောက်ဆီဂျင်ပေး၍ ကုသမှုခံယူရင်း ယနေ့ မနက်ပိုင်းတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောသည်။
ဒေါက်တာဇော်လွင်က “ဒီနေ့ တယောက်သေဆုံးသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနက် ၉ နာရီလောက်မှာ ဆုံးသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ခံမှု တနေ့ထက်၊ တနေ့ ပိုများလာပြီး စစ်တွေမြို့နယ်အတွင်း သေဆုံးသူ ၅ ဦး ၊ ကျောက်တော်မြို့နယ်အတွင်း သေဆုံးသူ ၁ ဦး ၊ ပေါက်တောမြို့နယ်အတွင်း သေဆုံးသူ ၁ ဦး စုစုပေါင်း ၇ ဦး ရှိလာနေပြီး ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် စစ်တွေပြည်သူဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေရှိသူ လူပေါင်း ၉၀၀ တက်ရောက်ကုသမှုခံယူခဲ့ရာ ရောဂါပျောက်ကင်းသည့်အတွက် ဆေးရုံဆင်းခွင့် ရရှိသူ ၈၅၀ ကျော် ရှိခဲ့ရာ ကျန်လူပေါင်း ၉၀ ကျော်မှာ ကုသမှုခံယူနေရဆဲ ဖြစ်ကြောင်းလည်း စစ်တွေဆေးရုံမှ တာဝန်ရှိသူများထံမှ သိရသည်။
ရခိုင်ပြည်နယ်တခုလုံးတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၇၀၀ ကျော်ရှိပြီး ၎င်းထဲမှ ရောဂါပျောက်ကင်း၍ ဆေရုံဆင်းခွင့် ရရှိသူ ၁၄၀၀ ကျော်ရှိရာ လက်ရှိ ကုသမှုခံ ယူနေရသူ ၃၉၀ ကျော်ရှိကြောင်းလည်း ပြည်နယ်ပြည်သူ့ ကျန်း မာရေး ဦးစီးဌာမှ သိရသည်။
ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံသူများထဲတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးစီးဌာမှ ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ နိုင်ငံတကာ အန်ဂျီအို ဝန်ထမ်းများပါ ပါဝင်ပြီး အများဆုံး ရောဂါ ကူးစက်ခံရသည့် မြို့နယ်များတွင် စစ်တွေမြို့ နယ်နှင့် ကျောက်ဖြူ မြို့နယ်တို့ ဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကတော့ ပြည်သူများအနေဖြင့် မလိုအပ်ပဲ အပြင်မထွက်အောင် စည်းကမ်းများ ထုတ်ပြန်ပြီး Mask မတတ်သည့် ပြည်သူများနှင့် စည်ကမ်းမလိုက်နာသည့် ပြည်သူများ အပေါ် အသိပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်း၊ ဝန်ခံဂတိများ ထိုးကာ ပြန်လွတ်ပေးခြင်းများ ပြုလုပ်နိုင်ခဲ့သည့် အတွက် ကိုဗစ်ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်သည့် အခြေအနေ ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုထားသည်။
သို့သော်လည်း ကိုဗစ်ရောဂါကူးစက်မှုများ ဆက်လက်ရှိနေသေးသည့်အတွက် လုံးဝ စိတ်ချရသည့် အခြေအနေ မရှိသေးဘဲ လက်ဆက်စောင့်ကြည့်ရမည့် အခြေအန ရှိနေ သေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။
ဦးဇော်ဇော်ထွန်းက “ကိုဗစ်ကို ထိန်းချုပ်နိုင်တယ်ဆိုတာတော့ အမှန်မှာ မဟုတ်ဘူး။ ကူးစက်မှုတွေက ရှိနေသေးတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိသေးတယ်” ဟု ဧရာဝတီသို့ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှု တနေ့တခြား များပြားလာသည့် အခြေ အနေကြောင့် အစိုးရမှ ပြည်နယ်တခုလုံးအား Stay at Home နေထိုင်ရန် သတ်မှတ် ထားပြီး ပိုးတွေ့လူနာ နေထိုင်ရာ ရပ်ကွက်ရှိ လမ်းတချိုကို လော့ ဒေါင်းချထားကာ စစ် တွေမြို့ ကိုလည်း သြဂုတ်လ ၂၁ ရက်နေ့မှ စတင်ကာ ညနေ ၉ နာရမှ နံနက် ၄ နာ ရီအထိ ညမထွက်ရ အမိန့် ၁၄၄ ထုတ် ထုတ်ပြန်ကြေငြာ ထားသည်။
You may also like these stories:
စစ်တွေမြို့တွင် ညမထွက်အမိန့် ၁၄၄ ထုတ်ပြန်
Music Zone ဆိုင်ရှင်နှင့် မန်နေဂျာကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်
တာချီလိတ်- မယ်ဆိုင် ကုန်သွယ်ရေး အကန့်အသတ်များ ပြန်ဖြေလျှော့ရန် သဘောတူမှုရ