ကိုဗစ် – 19 ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ရာတွင် တဦးတယောက်တည်း ဆုံးဖြတ်ခြင်းထက် အများဖြင့် ဝိုင်းဝန်း ဆောင်ရွက်မှသာ ပိုပြည့်စုံသည့် ပိုကောင်းသည့် အဖြေမျိုး ရရှိနိုင်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမတွင် ကမ္ဘာ့ကပ်ရောဂါ COVID – 19 ကာ ကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“လူဆိုတာ တယောက်တည်း ဆိုရင်တော့ ဆုံးဖြတ်ချက်တမျိုးအတွက် Wavering (ချီတုံချတုံ) ဖြစ်တာတွေ ရှိမယ်။ ၂ ယောက် ၃ ယောက်ဆိုရင်တော့ အဖြေတခု ထွက်နိုင်တယ်။ ၅ ယောက်လောက်ဆိုရင် ဒီထက်ပိုပြီးကောင်းတဲ့ အဖြေ ထွက်နိုင်တယ်။ ၇ ယောက် ၈ ယောက် ၉ ယောက် ၁၀ ယောက်ဆိုရင် ဒီထက်ပိုကောင်းတဲ့ ပြည့်စုံတဲ့ အဖြေမျိုး ထွက်မယ်”ဟု ၎င်းက ပြောသည်။
ကိုဗစ် – 19 ကပ်ရောဂါသည် စက်တင်ဘာလ အခြေအနေနှင့် အောက်တိုဘာလ ၅ ရက်နေ့ထိ အခြေအနေအရ စိုးရိမ်စရာ ဖြစ်လာ၍ မည်သို့မှ မပေါ့ဆရန် လိုကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်ပါက အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ပြီး အမိန့်စောင့်နေရန် မလိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
“သိတာနဲ့ တာဝန်ရှိတဲ့သူက ချက်ချင်းအရေးယူဆောင်ရွက်ပါ။ ပြီးရင် အသိပေးပါ။ တိုင်ပင်ပြီး ဆောင်ရွက်ပါ။ ပြီးရင် လိုအပ်တဲ့ဟာကို ကာကွယ်ရေးအပိုင်း လုံးဝ မပေါ့ကြနဲ့”ဟု တပ်ချုပ်က ပြောသည်။
ထို့ပြင် လုပ်စရာ ရှိသည်များကို တပ်ရင်း၊ တပ်ဖွဲ့ များအနေဖြင့် နယ်ဘက်တွင်ပါ လုပ်လို့ရသည့် နေရာ၊ လုပ်လို့ ရသည့် အရာမှန်သမျှကို လုပ်နိုင်အောင် တပ်မတော်အနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးရန် လိုမည်ဖြစ်ကြောင်းလည်း ဆိုသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ တိုင်းပြည်တွင် သဘာဝ ဘေးအန္တရာယ်နှင့် ကပ်ဘေးများ ကျရောက်လာသည့်အခါ
တပ်မတော်အနေဖြင့် ကူညီဆောင်ရွက်ရမည်ဟု ပြဌာန်းထားပြီး ဖြစ်သော်လည်း ယခုကာလတွင် တပ်မတော်က အစိုးရကို ကူညီရန် အသင့်ရှိကြောင်း ထုတ်ပြောနေရသည်မှာ ပုံမှန်မဟုတ်သည့် ဆက်ဆံရေး ဖြစ်နေကြောင်း သီပေါမြို့နယ် လွှတ် တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်သည်။
ဦးရဲထွန်းက “အခုလည်း တည့်တည့်ပြောတာ။ သူတင် မဟုတ်ဘူး။ နိုင်ငံရေး လေ့လာသုံးသပ်သူတွေရော မြန်မာ့ အရေး စောင့်ကြည့်နေသူတွေရော သိပါတယ်။ သတင်းတွေကလည်း တိတ်တိတ်လေး ထွက်နေတာ။ ဒေါ်အောင်ဆန်းစုကြည်က တယောက်တည်းပဲ လုပ်နေတာ။ ဒါက လျို့ ဝှက်ချက်လည်း မဟုတ်တော့ဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောလိုက် ပြီဆိုရင် ခုနက လေ့လာသုံးသပ်သူတွေကလည်း ဒါကိုပဲ ပြောတယ်ဆိုတာ ချက်ချင်းသိတယ်လေ”ဟု ပြောသည်။
အစိုးရအနေဖြင့်လည်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ခေါ်ယူပြီး တပ်မတော်ကို အသုံးမချနိုင်သဖြင့် ခိုင်းလို့ရသည့် အင်စတီးကျူးရှင်းကြီးတခုမှာ အလကား ဖြစ်သလို ဖြစ်နေကြောင်း၊ မြန်မာသည် ကိုဗစ်ကို တိုက်ခိုက်ရာတွင် ပထမလှိုင်းတွင် အနိုင်ရခဲ့သော်လည်း ဒုတိယလှိုင်းတွင် အနောက်ဖက်မှ ဝင်လာသည့်အရာကို မကာကွယ်နိုင်ခဲ့ကြောင်း ဦးရဲထွန်းက ဆက်လက် ပြောကြားသည်။
အစိုးရနှင့် တပ်မတော်တို့ကြားတွင် ကိုဗစ်အရေး တွဲလုပ်သည်များ ရှိသလို ခွဲလုပ်သည်များလည်း ရှိကြောင်း၊ တွဲလုပ်သည် ဖြစ်စေ၊ ခွဲလုပ်သည် ဖြစ်စေ ယခု အခြေအနေတွင် ကိုယ့်အဝန်းအဝိုင်းနှင့်ကိုယ် လုပ်နေသည်ကိုပင် ကျေးဇူးတင်ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)ပါတီ ဗဟို ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြော
သည်။
မုံရွာအောင်ရှင်က“စကားအရ ပြောရင်တော့လည်း မှန်ပါတယ်။ တဦးတည်းတယောက်တည်း လုပ်ကိုင်နေကြတာ တွေ လည်း ရှိတယ်လေ။ တခါတရံမှာ တဦးတည်း၊ တယောက်တည် လုပ်ကိုင်လို့လည်း အဆင်ပြေသွားတာလည်း ရှိတာပေါ့။ အားလုံး ပေါင်းပြီး လုပ်လို့ အဆင်ပြေသွားတာလည်း ရှိတာပေါ့။ ဒါတွေက တသမတ်တည်း မှတ်သားထားလို့တော့ မလွယ်ဘူးလို့ ထင်ပါတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ကတော့ ပူးပေါင်းဆောင်ရွက်မှု ရှိစေချင်တယ်။ ကိုယ့်နိုင်ငံသား အချင်းချင်းပဲဗျာ။ ရန်သူ တွေ လည်း မဟုတ်ဘူးဗျ။ ကျနော်တို့ အတူတူ နိုင်ငံကို တည်ဆောက်နေကြတဲ့ သူတွေပါပဲ။ အစိုးရလည်း အစိုးရ၊ တပ်မတော် လည်း တပ်မတော်ပေါ့။ အတူပူးပေါင်းဆောင်ရွက်တာကတော့ အကောင်းဆုံး အခြေအနေလို့ပဲ ပြောလို့ ရပါတယ်”ဟု ပြောသည်။
မနေ့က ပြောကြားခဲ့သည့် တပ်ချုပ်၏ ညွှန်ကြားချက်များအရ ယနေ့တွင် ရန်ကုန်မြို့ ရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင် စာသင်တိုက်များ၊ ပရဟိတကျောင်းများသို့ တပ်မတော်က သွားရောက်ပြီး ကျန်းမာရေးအရ ဆေးစစ်ပေးခြင်း၊ ဆွမ်းခံ မရသည့် ကျောင်းများသို့ ချက်ပြုတ်ရေးအဖွဲ့ များ စေလွှတ်မည်ဟု သိရသည်။
ထို့ပြင် အောက်စီဂျင်နှင့် ပတ်သက်၍ တပ်မတော်ဆေးရုံကြီးများ ဖြစ်သည့် ရန်ကုန်၊ ပြင်ဦးလွင်နှင့် အောင်ပန်းတို့တွင် အောက်စီဂျင်အိုးများ ထုတ်လုပ် ဖြန့်ခွဲနိုင်ရေး ယနေ့ စတင်မည် ဖြစ်ပြီး လိုအပ်သည့် နေရာများသို့ ပေးပို့မည် ဖြစ်ကြောင်း၊ Mask များကိုလည်း ပြည်သူသို့ သက်သာသည့် ဈေးဖြင့် ထုတ်ရောင်းမည် ဖြစ်သလို မဝယ်နိုင်သူများအတွက် အခမဲ့ ပေးဝေနိုင်ရန် အစီအစဉ်များ ရေးဆွဲနေကြောင်း တပ်မတော်မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“လူမှုစီးပွားရေးဘဝတွေ ရိုက်ခတ်လာတဲ့အခါမှာ အဓိကလိုအပ်ချက်ကတော့ စားရေးသောက်ရေးပါပဲ။ ကျနော်တို့မှာ တပ်ရဲ့ Ready Made ရိက္ခာတွေ ရှိတယ်။ တပ်ကနေ အဟာရပြည့်တဲ့ ဆန်ပြုတ် သဘောမျိုး ထိုင်းကနေ ထုတ်နေတဲ့ ခနောလိုမျိုး ရှိတယ်။ အဲဒါတွေက အရေးကြီး အခြေအနေ ဖြစ်လာရင် ပြည်သူလူထုထဲကို ဖြန့်ဝေဖို့အတွက် ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
COVID – 19 ရောဂါ ကူးစက်မှုသည် မြန်မာပြည်တွင် စတင်ခဲ့သည့် မတ်လ ၂၃ ရက်မှ အောက်တိုဘာ ၆ ရက်နေ့ အထိ ရောဂါပိုး ကူးစက်ခံရသူ ၁၈၇၈၁ ဦးရှိပြီး ဖြစ်ကြောင်း၊ လအလိုက် ကူးစက်မှုများအနက် စက်တင်ဘာလတွင် ကူးစက်မှုနှုန်း အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ရောဂါပိုးတွေ့ရှိမှုသည် များများစစ်နိုင်ပါက များများ တွေ့နိုင်မည်ဖြစ်ပြီး ရောဂါပိုး တွေ့ရှိရသူများကိုလည်း အမြန်ဆုံး ကုသပေးရန် လိုကြောင်း တပ်ချုပ်က မနေ့က အစည်းအဝေးတွင် ပြောသည်။
“လူတွေရဲ့ ရပ်တည်ရေးအတွက်ပါ စဉ်းစားရမှာ ဖြစ်တယ်။ ဒါကို သာမန်လေး ဒီဟာက အရေးကြီးပါတယ်။ ဟိုဟာက အရေးကြီးပါတယ် လုပ်နေမယ့်အစား တို့လူတွေရဲ့ ဘဝရှင်သန်မှုအတွက် ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတာကို တို့ အနေနဲ့ ဆောင်ရွက်သွားဖို့ လိုတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ယခုနောက်ပိုင်းတွင် အစိုးရနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ရန်ကုန်မြို့ ၊ မှော်ဘီမြို့နယ်ရှိ တပ်မ တော် ဆေးဘက်ပညာသင်ကျောင်းတွင် ကိုဗစ် – 19 အတည်ပြုလူနာ အရပ်သားများကို စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်၍ ကုသပေးနေရာ အောက်တိုဘာလ ၆ ရက်နေ့အထိ စုစုပေါင်း လူနာ ၁၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
တပ်မတော်သား ကိုဗစ် – 19 ပိုး ကူးစက်ခံရသူ ၁၁၃ ဦး၊ တပ်မတော်သား မိသားစုဝင် ၁၇၃ ဦး ရှိပြီး ၃ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း တပ်မတော်ထံမှ သိရှိရသည်။
You may also like these stories:
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ဘာတွေဆွေးနွေးခဲ့ကြလဲ
အမှန်တရားရှာမှာလား လုပ်ဇာတ်တွေကို မီးထိုးပေးမှာလား
ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ဒုတိယခြေလှမ်း သို့မဟုတ် ၂၀၂၀ရွေးကောက်ပွဲ