လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် လူအရေအတွက်သည် ကိုဗစ် – ၁၉ ရောဂါ အခြေအနေကြောင့် ခန့်မှန်း ထားသည်ထက် ပိုမိုလျော့နည်းနိုင်ကြောင်း နိုင်ငံရေးနှင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများက သုံးသပ်ကြသည်။
မြန်မာနိုင်ငံအခြေစိုက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့တခုဖြစ်သော ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ အောက်တိုဘာလ ၅ ရက်ထုတ် ၂၀၂၀ ရွေးကောက်ပွဲအကြို စစ်တမ်းတွင်လည်း လာမည့် ရွေးကောက်ပွဲ၌ နိုင်ငံသားများ၏ တဝက်ခန့်သာ ကျိန်းသေ မဲပေးကြမည်ဟု ဖော်ပြထားသည်။
ယင်းစစ်တမ်းကို PACE အဖွဲ့က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှ အပ မြန်မာနိုင်ငံအတွင်း ရှိ ကျန်တိုင်း နှင့် ပြည်နယ်များတွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုပေါင်း ၂၅၇၇ ခု ကိုအခြေတည်ကာ ရေးသားထားခြင်းလည်း ဖြစ်သည်။
လူဦးရေ၏ တဝက်သာ ကျိန်းသေမဲပေးမည်ဆိုသည့် အချက်၏ အဓိပ္ပာယ်မှာ တနည်းအားဖြင့် မြန်မာနိုင်ငံလူဦးရေ ၅၂ သန်းရှိသည့် အနက် လူ ၂၆ သန်းသာ မဲပေးမည့် သဘောမျိုး ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုထားရာ ၂၆ သန်းသာ မဲပေးမည်ဆိုပါက မဲပေးမည့်လူဦးရေသည် အတော်ပင် လျော့ကျနေမည့် အခြေအနေပင်ဖြစ်သည်။
PACE အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကလည်း အဆိုပါအခြေအနေဖြစ်လာမည်ကို စိုးရိမ်မကင်း ဖြစ်မိသည်ဟု ဆိုသည်။
“ကျနော်တို့ စစ်တမ်းကောက်တာက သြဂုတ်လ ပထမပတ်ဆိုတော့ ဒုတိယလှိုင်းက မဖြစ်သေးဘူးလေ။ ဒုတိယလှိုင်း မဖြစ်ခင်က ဒီလောက်ဂဏန်း ရှိတယ်ဆိုရင် ဒုတိယလှိုင်းဖြစ်တဲ့အခါမှာ သက်ရောက်မှုပိုရှိနိုင်တယ် ဆိုတာကိုတော့ စိတ်ပူစရာ ကောင်းတာ အမှန်ပါပဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။
သို့သော်လည်း လက်ရှိအချိန်တွင် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများ များပြားနေသည်ဖြစ်ရာ အဆိုပါ လှုပ်ရှားမှုများကြောင့် လူထု၏ မဲပေးချင်စိတ် ပိုတက်လာမလား ဆိုသည့် အချက်ကလည်း စဉ်းစားစရာကောင်းကြောင်း ကိုစိုင်းရဲကျော်စွာမြင့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း စစ်တမ်း တွင် ကိုဗစ်ကြောင့် မဲပေးမှုလျော့ကျနိုင်သည်ဟု သုံးသပ်ထားသည်ဖြစ်ရာ ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်မည် ဆိုပါက မဲပေးမှုလျော့ကျခြင်းကို ထိန်းနိုင်မည့် သဘောရှိနေကြောင်း မှတ်ချက်ပေးသည်။
ထို့ကြောင့် မဲပေးမှုလျော့ကျနိုင်မှု ရှိ၊ မရှိဆိုသည့် ကိစ္စသည် လက်ရှိအချိန်တွင် ကြိုပြောရန် စောနေပြီး ဆက်လက် စောင့်ကြည့် ရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“စောင့်ကြည့်ရဦးမယ်ထင်တယ်။ ရောဂါ အခြေအနေက အောက်တိုဘာလကုန်လောက် ထိန်းနိုင်မှာလား။ အဲဒါကိုကြည့်ပြီး မှန်းဆရလိမ့်မယ် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲတွင် မဲပေးမှုလျော့ကျခြင်းသည် ရွေးကောက်ပွဲ၏ တရားဝင်မှုကို တိုက်ရိုက်ထိခိုက်နိုင်သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကလည်း ထိုသို့အဖြစ်ခံလိမ့်မည် မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။
“ကော်မရှင်က လွန်ခဲ့တဲ့လက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပိုပြီးတော့တောင် မဲပေးသူများလိမ့်မယ် ခန့်မှန်း ထားတာ။ သူကတော့ ဘယ်ဒေတာကြည့်ပြီးတော့ ခန့်မှန်းလည်းတော့မသိဘူး။ ရွေးကောက်ပွဲ မဲပေးမယ့်သူလျော့ရင်တော့ မကောင်းဘူးပေါ့။ သို့သော်လည်း အဲဒီလောက်အထိတော့ ရွေးကောက်ပွဲကော်မရှင်က အဖြစ်ခံလိမ့်မယ်မထင်ဘူး” ဟု မုံရွာအောင်ရှင်က သုံးသပ်သည်။
ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုမှ နိုင်ငံရေးဦးဆောင်ကော်မတီဝင် ဦးမြအေးကမူ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှု တနေ့ထက်တနေ့ များပြားလာနေသဖြင့် မဲပေးမည့်လူ ဦးရေ လျော့ကျနိုင်သည်ဆိုသည့် မှန်းဆချက်သည် လက်တွေ့တွင် ဖြစ်နိုင်ချေများနေကြောင်း သုံးသပ်သည်။
“ရွေးကောက်ပွဲမှာ ကိုဗစ်ကြောင့် သက်ကြီးရွယ်အိုတွေကတော့ မဲရုံကို လာဖို့ သိပ်မရှိလောက်တော့ဘူးထင်တယ်။ နောက်တခုက ကိုဗစ်ရဲ့အောက်မှာ ဘယ်လိုမဲပေးရမလဲဆိုတဲ့ ပုံစံကို ဂဃနဏ မသိရဘဲနဲ့ ဘယ်သူမှ မဲပေးကြလိမ့်မယ် မထင်ဘူး။ မဲပေးတဲ့ လူဦးရေဟာ တော်တော်ကျသွားလိမ့်မယ်လို့ ကျနော်မြင်တယ်။ ဘယ်လောက်ကျမလဲဆိုတာကတော့ မှန်းရခက်တယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လက အရှိန်အဟုန်မြင့်တက်ခဲ့သည့် မဲမပေးရေး လှုပ်ရှားမှုများသည်လည်း နိုင်ငံရေးအရ အစိုးရ၏ ဆောင်ရွက်မှု များကို အားမရသဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း၍ ရကြောင်း ဆိုသည်။
ယခုဖြစ်ပေါ်နေသော မဲပေးမည့် လူလျော့ကျနိုင်သည့် အခြေအနေသည် နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စမဟုတ်ဘဲ ကျန်းမာရေးအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကိစ္စတရပ်ဖြစ်ကြောင်း ဦးမြအေးက ပြောသည်။
“အခုက ကျန်းမာရေးပြဿနာကြောင့်လည်း ဖြစ်သလို တကမ္ဘာလုံးက ကြောက်ရတဲ့ ရောဂါအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဆိုတဲ့အခါကျတော့ မဲပေးဖို့ တိုက်တွန်းရတာ တော်တော်ခက်လိမ့်မယ်ထင်တယ်။ တခုတော့ ရှိတာပေါ့ဗျာ။ ဒီကြားကာလ ရက်ပေါင်း ၃၀ လောက်မှာ တော်တော် ထိန်းချုပ်နိုင်ရင်တော့ အခြေအနေက တမျိုးဖြစ်ချင်ဖြစ်သွားမှာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက် ည ၈ နာရီတွင် ထုတ်ပြန်သည့် အချက်အလက်များ အရ မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရသူ၂၀၀၃၃ ဦးရှိပြီး သေဆုံးသူ ၄၇၁ ဦးရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရမှု မြင့်တက်နေဆဲ ဖြစ်သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ပြောကြားထားသည်။
You may also like these stories:
ကပ်ရောဂါကာလ လူစုလူဝေးဖြင့် ထောက်ခံလှည့်လည်ပွဲများ ဝေဖန်ခံရ
ပြည်သူကို လှည့်ဖျားပြီး မဲဆွယ်စည်းရုံးမှုမလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား
တနိုင်းက တပ်ကြိုတင်မဲများ ပြန်စိစစ်ပေးရန် NLD အမတ်များတောင်းဆို