အိန္ဒိယအစိုးရက ပြည်ပမှ မတ်ပဲ တန်ချိန် ၁ သိန်းခွဲကို အောက်တိုဘာလ ၁ ရက်နေ့က လာမည့် မတ်လကုန်အ ထိ တင်သွင်းခွင့်ပြုမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာလိုက်သည်။
“ဒါကတော့ မြန်မာနိုင်ငံအတွက် သီးသန့် ကိုတာ သဘောမျိုး မဟုတ်ပေမယ့် အိန္ဒိယကို ပဲတင်သွင်းတာက မြန်မာ က ၉၀ ရာခိုင်နှုန်းလောက် ရှိတာဆိုတော့ မြန်မာအတွက် လုပ်ပေးတာလို့လည်း ပြောလို့ရတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်း သက်က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် သြဂုတ်လအထိ အိန္ဒိယက မြန်မာနိုင်ငံကို မတ်ပဲတင်သွင်းခွင့် ကိုတာ တန်ချိန် ၄ သိန်း တင်သွင်းခွင့်ပြုခဲ့သော်လည်း အချိန် မလုံလောက်သည့်အတွက် ပြည့်မီအောင် တင်ပို့နိုင်ခြင်းမရှိဘဲ တန်ချိန် ၁ သိန်းခန့် ကျန်ရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခု တန်ချိန် ၁ သိန်းခွဲကို ထပ်မံ တင်ပို့ခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးအောင်မင်းသက်က “ဒီဘက်က အဲဒီတန်ချိန် ၄ သိန်းကို အချိန်ထပ်တိုးပေးဖို့ တောင်းဆိုခဲ့ကြတာပေ့ါ။ ဒါပေ မယ့် သူတို့က တန်ချိန် ၄ သိန်းကိုတော့ သက်တမ်းထပ်မတိုးတော့ဘဲ အခု တန်ချိန် ၁ သိန်းခွဲဆိုပြီး အသစ်လုပ် ပေးလိုက်တော့ ဒီက ကုန်သည်တွေအတွက်လည်း တော်တော်အဆင်ပြေကြမှာပါ” ဟု ရှင်းပြသည်။
အိန္ဒိယနိုင်ငံသည် ပဲလိုအပ်ချက်ရှိနေခြင်းကြောင့် မတ်ပဲ တန်ချိန် ၁ သိန်းခွဲ ကို အခုလို တင်သွင်းခွင့် သတ်မှတ် လိုက်ခြင်း ဖြစ်ပြီး မြန်မာတွင် မတ်ပဲလက်ကျန်သည်လည်း တန်ချိန် ၁ သိန်းခွဲခန့်သာ ရှိတော့သည့်အတွက် လာမည့်နှစ် အစပိုင်းတွင် ပေါ်မည့် ပဲများပါ တင်ပို့နိုင်မှ ပြည့်မီနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ နှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။
၎င်းက “ပြည်တွင်းက ပဲလက်ကျန်ကလည်း ၁ သိန်းခွဲလောက်ပဲ ရှိတော့ အခုအိန္ဒိယက တန်ချိန် ၁ သိန်းခွဲ သတ်မှတ်တာက အခုပဲ လက်ကျန်အဟောင်းအပြင် ထပ်ထွက်လာမယ့် မတ်ပဲအသစ်ကိုပါ ရောပြီးတင်ပေးမှ ပြည့်လိမ့်ထင်တယ်” ဟု ဆိုသည်။
ယင်းအခြေအနေများသည် ပဲဈေးကွက်အတွက် အခြေအနေကောင်းများ ရှိနေသော်လည်း နိုင်ငံခြား ငွေလဲ လှယ်နှုန်းသည် ယခုတွင် ၁ ဒေါ်လာလျှပ် ကျပ် ၁၃၀၀ ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းနေခြင်းက လယ်ယာ စိုက်ပျိုးရေးနှင့် သားငါး ပို့ကုန်များအတွက် ထိခိုက်မှုရှိမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ဦးမင်းကိုဦးက “ပြည်တွင်းသုံးစွဲငွေကြေး အခုလို အရမ်းကျစ်လာရင် ဒီပဲမှရယ် မဟုတ်ပါဘူးနိုင်ငံခြားတင်ပို့တဲ့ ပို့ကုန်တွေ အားလုံးမှာ ထိခိုက်တာပဲ။ ဒီနိုင်ငံကလည်း လယ်ယာစိုက်ပျိုးရေးနဲ့ သားငါး အဓိက တင်ပို့နေရ တာ ဆိုတော့ အခုလိုငွေဈေးဆက်တိုက်ကျနေတာကတော့ မကောင်းဘူး။ ငွေဈေးက တည်ငြိမ်နေမှပဲ ပို့ကုန်ပဲ ဖြစ်ဖြစ် သွင်းကုန်အတွက်ပဲ ဖြစ်ဖြစ် ကောင်းမှာ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ပြည်တွင်းမတ်ပဲ ဈေးနှုန်း ၁ တန်လျှင် ကျပ် ၁၁၈၀၀၀၀ ဝန်းကျင် အထိ ဈေးကောင်းလျက် ရှိပြီး ပြည်ပ တင်ပို့သည့် မတ်ပဲ (FOB) တန်ဖိုးသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၉၃၀ အထိ ရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ နှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။
အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံတွင် ပဲ ပေါ်ချိန်နီးသည့် နှစ်ကုန်ပိုင်းကာလများတွင် ပြည်ပမှ ပဲတင်သွင်း ကိုတာ များကို နှစ်စဉ်သတ်မှတ် ထုတ်ပြန်ပေးလျက်ရှိပြီး ပြီးခဲ့သည့် ၂၀၂၀ ဧပြီလမှ ၂၀၂၁ မတ်လအတွင်း မြန်မာက အိန္ဒိယသို့ မတ်ပဲတန်ချိန် ၄ သိန်းကို တင်သွင်းခဲ့ရသော်လည်း နောက်ပိုင်းတွင်၂၀၂၀ သြဂုတ်လ နောက်ဆုံး ထား အမီတင်သွင်းရန် ကန့်သတ်ခံခဲ့ရသည်။
ယင်းသို့ ကိုတာ စနစ်ဖြင့် တင်သွင်းနေရမှုကို ၂၀၁၇ခုနှစ် အရှေ့ပိုင်းကာလများကဲ့သို့ ဈေးကွက်လိုအပ်ချက် အတိုင်း လွတ်လွတ်လပ်လပ်တင်သွင်းရရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အိန္ဒိယအစိုးရ ကို ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။
You may also like these stories:
ပြည်တွင်း၌ သကြား တန် ၁ သိန်းခွဲကျော် ပိတ်မိနေ၍ သကြားဈေးကျဟုဆို
အိန္ဒိယ၏ ပဲအဝယ် မတည်ငြိမ်မှု မြန်မာ စိုးရိမ်
အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲဈေး မြင့်တက်