ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၂၆၀၀ ကျော်အထိ တိုးလာသည်ဟု သတင်းရရှိသည်။
တပ်မတော်နှင့် RCSS တို့ကြား ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ ၆ ရက် ရှိပြီဖြစ်သည်။
ကျောက်မဲမြို့နယ်၊ စစ်ပြေးရှောင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက “အခြေအနေကတော့ ကျောက်မဲမြို့နယ်ထဲက နောင်ပိန်နဲ့ ပုံဝိုးနယ်ထဲက ကျေးရွာအုပ်စုတွေထဲမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အခုမနက်ပိုင်းမှာပဲ နမ့်ဟန်ခိတ် ဆိုတဲ့ နေရာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ကျနော်အခုပဲ စာရင်းရတာက လက်ရှိ စစ်ဘေးရှောင်က နမ့်ဟန်ခိတ်မှာ ၄၀၀ ကျော်၊ ကွမ်ဟင်ရွာ မှာ ၄၀၀ ကျော်၊ ကောင်းလန်းမှာ ၃၀၀ ကျော်ပါ။ နားစောင်းမှာ ၁၀၂ ယောက်၊ ပုံဝိုးတနေရာတည်းမှာ ၇၀၀ ကျော် ပါတယ်။ တောင်ထိပ်မှာ ၇၀၀ ကျော်ပါ” ဟု ပြောသည်။
တပ်မတော်နှင့် RCSS တို့သည် အောက်တိုဘာ ၃ ရက်တွင် ပုံဝိုးတောင်ခြေအနီး ပစ်ခတ်မှုဖြစ်ရာမှ စတင်၍ တိုက်ပွဲများ ဖြစ်လာခြင်း ဖြစ်သည်။
တိုက်ပွဲစတင် ဖြစ်ပွားရာက ပုံဝိုးတောင်ခြေနှင့် ခန့်ခဲကျေးရွာအနီးတို့တွင် ပဋိပက္ခများ ဖြစ်ပြီး ထွက်ပြေးရသည့် စစ်ဘေးရှောင် ဒုက္ခသည်မှာ ၈၀၀ ကျော်ရှိခဲ့သည်။
ယခုအခါ နယ်မြေအငြင်းပွားမှုများလည်း ရှိလာပြီး နှစ်ဖက်စစ်ရေးတင်းမာမှုများကလည်း ညှိနှိုင်းနိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲဖြစ်သည့် နယ်မြေဧရိယာလည်း ကျယ်ပြန့်လာသဖြင့် ထွက်ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေမှာလည်း ယနေ့ မနက်ပိုင်းတွင် ၂၆၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။
ဦးတင်မောင်သိန်း က “နှစ်ဖက်သော လက်နက်ကိုင် အဖွဲ့အစည်း၊ သုံးဖက်သော လက်နက်ကိုင် အဖွဲ့အစည်း တွေကို မေတ္တာရပ်ခံချင်တာက ကျနော့်အနေနဲ့ကတော့ စစ်ဆိုတာ မမြင်ချင်၊ မကြားချင်ပါဘူး။ ဘယ်လိုပဲ ပြောပြော ရွေးကောက်ပွဲ ကာလ ကလည်းနီးပြီ။ ကိုဗစ်ကာလလည်း ဖြစ်နေတော့ ကျနော်တို့ ဒေသမှာ နည်းနည်း ထိန်းထိန်း သိမ်းသိမ်း နဲ့ ဆောင်ရွက်ပေးဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ ဖြစ်နိုင်ရင် ဒီအချိန်လေးမှာ ရပ်တန့်ပေးရင် ပိုပြီး ကောင်း မှာပေါ့” ဟု ပြောသည်။
လမ်းလုံခြုံရေးလုပ်နေတဲ့သူတွေကို အရပ်ဝတ်နဲ့ လာပစ်တယ်။ ပြီးတော့ ပြန်ဆုတ်သွားတယ်။ ရွာထဲ ဝင်ပြေးတော့ တပ်က ရွာထဲကိုလည်း ဝင်ရှင်းလို့ မရဘူး။ အဲ့လိုပုံစံမျိုးတွေ ဆောင်ရွက်နေတာ
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားနေသည့် အဓိက ပြဿနာမှာ RCSS က အပစ်ရပ်စာချုပ်များ ချုပ်ထားစဉ် သဘောတူထားသည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မနေဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ နယ်မြေကျော်လွန်လာခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။
ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီနေ့အခြေအနေတော့ မသိသေးဘူး။ မနေ့ကတော့ ကျောက်မဲမှာ တပ်ဌာနချုပ်တခုရှိတဲ့ နေရာ၊ ဘန်ကာနေရာကို RCSS/SSA က ၁၀ ယောက်လောက်က အရပ်ဝတ်နဲ့ လာပြီး ပစ်တာ ရှိတယ်။ မနက် ၁၀ နာရီခွဲ လောက်မှာ လာပစ်တာ။ ထိခိုက်ဒဏ်ရာ ရတာ မရှိဘူး” ဟု ပြောသည်။
အောက်တိုဘာ ၇ ရက်တွင် တပ်ဌာနချုပ်နေရာ ပစ်ခတ်ခံရသည့် အပြင် ကျောက်မဲမြို့နယ်တွင်း ၃ နေရာတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
RCSS က ကျောက်မဲမြို့နယ်တွင်း နယ်မြေချဲ့ထွင်လှုပ်ရှားလာပြီး အင်အားတိုးချဲ့ခြင်းများ ပြုလုပ်နေသည်က ချုပ်ဆိုထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ပါ သဘောတူညီ ချက်များကိုလည်း ချိုးဖောက်နေသည်ဟု တပ်မတော်ဘက်မှ ပြောဆိုသည်။
အောက်တိုဘာ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင်လည်း ပြည်ထောင်စုလမ်းမကြီးတလျှောက် လမ်းပိုင်း၊ ကျောက်မဲ နှင့် နောင်ပိန်တိုက်နယ်ကြားရှိ လမ်းတကြောတွင် လုံခြုံရေးယူနေသည့် တပ်မတော် စစ်ကြောင်းများကို RCSS က အရပ်ဝတ်များဖြင့် လာပစ်ခတ်ပြီး ရွာများအတွင်း ဝင်ပြေးသွားသည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “လမ်းလုံခြုံရေးလုပ်နေတဲ့သူတွေကို အရပ်ဝတ်နဲ့ လာပစ်တယ်။ ပြီးတော့ ပြန်ဆုတ်သွားတယ်။ ရွာထဲ ဝင်ပြေးတော့ တပ်က ရွာထဲကိုလည်း ဝင်ရှင်းလို့ မရဘူး။ အဲ့လိုပုံစံမျိုးတွေ ဆောင်ရွက်နေတာ” ဟုလည်း ပြောသည်။
စက်တင်ဘာ ၈ ရက်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေသို့ တပ်တည်ဆောက်ရေးလုပ်ငန်းများ သွားစစ်ဆေးသည့် ခရီးစဉ်တွင် အစည်းအဝေးပြုလုပ်ရာ RCSS/SSA ၏ နယ်မြေကိစ္စနှင့် ပတ်သတ်၍ ထည့်သွင်းပြောဆိုထားသည်။
RCSS တပ်ဖွဲ့၏ လှုပ်ရှားမှုကို လွယ်တိုင်းလျဲန်ဒေသနှင့် မိုင်းပန်တောင်ခြမ်းဒေသတွင်သာ ခွင့်ပြုထားပြီး ကျန်နယ်မြေများတွင် ခွင့်မပြုကြောင်း၊ နယ်မြေကျော်လွန် လှုပ်ရှားသည်ကို ခွင့်ပြု၍ မရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။
RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ၎င်းတို့ တပ်ဖွဲ့နှင့် တပ်မတော်ကြား ကျောက်မဲမြို့နယ် တွင်းရှိ ကျေးရွာအုပ်စု ၉ ခုတွင် နှစ်ဖက်ဆိုင်ထားပြီး စစ်ရေး တင်းမာနေသည်ဟု ပြောသည်။
ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေး “ဒီနေ့လည်း တိုက်ပွဲက ဆက်ဖြစ်နေတယ်။ တိုက်ပွဲအကြိမ်ရေက အကြီးအငယ်အားလုံး ၂၀ လောက် ရှိပြီ။ အခုတိုက်ပွဲ ဆက်ဖြစ်နေတာ တပ်မတော်က မရပ်ချင်လို့ လို့ပဲ ပြောရမယ်။ အခုထိ သူတို့ဘက်က ထပ်ပြီး အင်အားထပ်ဖြည့်နေတယ်။ တိုက်နေတဲ့ နေရာတွေက ကျေးရွာအုပ်စုပေါင်း ၉ ခုလောက် ရှိပါတယ်။ ရွာပေါင်းက အများကြီးပါ။ နေရာကိုတော့ ကျေးရွာနာမည်နဲ့ ခေါ်တာပေါ့။ တိုက်ပွဲဖြစ်တာ ရွာထဲတော့ မဟုတ်ဘူး။ တောထဲမှာပါ” ဟု ပြောသည်။
နှစ်ဖက် စစ်ရေးတင်းမာနေသည့် ကျေးရွာအုပ်စု ၉ ခု၏ အမည်မှာ ပန်ကျန်၊ နောင်စင်၊ ပုံဝိုး၊ ဟဲကွီ၊ နားခေါ်၊ ပြောင်ခေါင်း၊ ခန့်ခဲ၊ ကောင်းဟုန်း၊ လွယ်စောင့် ကျေးရွာများ ဖြစ်သည်ဟုလည်း ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ပြောသည်။
ဆက်လက်ပြီး ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “အခုက တိုက်ပွဲအခြေအနေကို အကဲခတ်ကြည့်နေတယ်။ တပ်မတော်ဘက်ကပဲ အင်အားတွေကို ထပ်တိုးနေတော့ ညှိနှိုင်း ဖို့က အဆင်မပြေလောက်သေးဘူးလို့ ယူဆပါတယ်” ဟုလည်း ဆိုသည်။
တပ်မတော်နှင့် RCSS ကြား စစ်ရေးတင်းမာမှုကို ညှိနှိုှုင်းနိုင်ခြင်း မရှိသေးသည့်အတွက် ရွေးကောက်ပွဲကို တစုံတရာ ထိခိုက် မည်ကိုလည်း စိုးရိမ်ပါသည်ဟု ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ပြောသည်။
၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယခုကာလသည် ကိုယ်စားလှယ် လောင်းများ မဲဆွယ်စည်းရုံးရေး ဆင်းနေသည့် ကာလဖြစ်သည်။
ကျောက်မဲမြို့နယ်တွင် တပ်မတော်၊ RCSS အပြင် တပ်မတော်နှင့် တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိသည့် တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) လည်း လှုပ်ရှားသည်။
ကျောက်မဲမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူး ဦးကျော်ကျော်က “ကျောက်မဲမြို့နယ်ထဲမှာတော့ မဲရုံက ၁၁၁ ရုံ ရှိပါမယ်။ ကျနော်တို့မျှော်မှန်းထားတာကတော့ အတတ်နိုင်ဆုံး အားလုံးအဆင်ပြေချောမွေ့အောင် ဖြစ် အောင် လုပ်ပါမယ်။ မဲပေးမယ့်နေ့ကျမှ သိပ်ဆိုးဆိုးဝါးဝါးကြီးဖြစ်တယ်ဆိုရင်တော့ ကျနော်တို့က ဥပဒေအတိုင်းပဲ လုပ်ပါ မယ်။ ဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ဥပဒေအတိုင်း နေရာရွေ့လို့ ပိတ်လို့ရတယ်လေ”ဟု ပြောသည်။
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကျင်းပသည့် မဲပေးနေသည့် နေ့တွင်လည်း ကျောက်မဲမြို့နယ်၊ ကွင်းစလန်း ကျေးရွာ အနီးတွင် တပ်မတော်နှင့် TNLA ကြား စစ်ရေးတင်းမာမှုများ ရှိခဲ့သည်။
ထိုစဉ်က မဲရုံတာဝန်ယူခဲ့သူအချို့၏ ပြောဆိုချက်အရ မဲပေးနေသည့် အချိန်တွင် တိုက်ပွဲမဖြစ်ရန်၊ နှစ်ဖက် လှုပ်ရှားမှုများကို ခေတ္တရပ်တန့်ထားပေးရန် နှစ်ဖက်စစ်ကြောင်းများကို မေတ္တာရပ်ခံခဲ့ရပါသည်ဟုလည်း သိရသည်။
လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည့် RCSS သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ရေးထိုးထားပြီး အစိုးရက ဦးဆောင်ကျင်းပနေသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း ပါဝင်ဆွေးနွေးနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။
NCA မထိုးခင်ကလည်း ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမသဘောတူညီချက် တစောင်၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်တစောင်၊ ၂၀၁၂ ခုနှစ်၊ မေတွင်လည်း ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး သဘောတူညီချက်တစောင်တို့ကို သဘောတူ လက်မှတ်ရေးထိုး ထားသည်။
NCA မတိုင်ခင်က လက်မှတ်ထိုးထားသည့် သဘောတူညီချက်များတွင် RCSS ၏ တပ်များကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် သာ နေရန် သဘောတူထားပြီး NCA ထိုးပြီးနောက်မှသာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့နယ်မြေကျော် လှုပ်ရှားလာသည်ဟု တပ်မတော်ဘက်မှ ပြောဆိုနေသည်။
RCSS က တပ်မတော်၏ ပြောဆိုချက်မှာ မမှန်ကန်ကြောင်း ငြင်းဆိုနေပြီး NCA စာချုပ်တွင် စာချုပ် ချုပ်ဆိုပြီးနောက်မှ နှစ်ဖက် တပ်နေရာချထားရေးကို ညှိနှိုင်းရမည် ဖြစ်ကြောင်း၊ ယနေ့ထိ တပ်နေရာချထားရေးကို ဆွေးနွေးနိုင်ခြင်း မရှိသဖြင့် တပ်နေရာနှင့် ပတ်သတ်၍ သဘောတူညီထားခြင်းများ မရှိပါဟု ပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS တပ်ဖွဲ့ကို နယ်မြေကျော် လှုပ်ရှားသည်ဟု ပြောဆိုသည်မှာ တပ်မတော် တဖက်တည်းမှ မဟုတ်ဘဲ ရှမ်းမြောက်တွင် အခြေစိုက်လှုပ်ရှားသည့်TNLA နှင့် ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) ကလည်း နယ်မြေကျော်သည်ဟု RCSS ကို ပြောဆိုမှုများရှိသည်။
ထို့ကြောင့် RCSS သည် TNLA၊ SSPP တို့နှင့်လည်း စစ်ရေးအရ ပြေလည်ခြင်း မရှိပါ။
RCSS က ၎င်းတို့ တပ်ဖွဲ့အနေဖြင့် NCA မထိုးခင်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားပြီး ရှမ်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သဖြင့် ရှမ်းပြည်နယ်တခွင်လုံးတွင် လှုပ်ရှားမည်ဟု ပြောဆိုထားသည်။
You may also like these stories:
မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား
RCSS နှင့် အစိုးရ၊ တပ်ခေါင်းဆောင်များ အမြန်ဆုံးတွေ့မည်ဟု ဆို
အကြမ်းဖက် လုပ်ရပ်များက “တိုင်းရင်းသား အခွင့်အရေးလား” ဟု တပ်ချုပ် မေးခွန်းထုတ်