တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ရေပိုက်ဆုံ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ ပြတ်လပ်ပြီး စစ်ဘေးရှောင်များ အခက်ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။
အဆိုပါ ရေပိုက်ဆုံ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း၌ ကံပြင်ကျေးရွာ၊ ရွှေလောင်းတင် ကျေးရွာ၊ မြင်းကန်ချောင်း ကျေးရွာတို့ စစ်ရှောင်ပြည်သူ ၉၀၀ ကျော် ရှိကြောင်း ယင်း စစ်ရှောင်စခန်း တာဝန်ခံ ဦးအောင် နိုင်က ပြောသည်။
ဦးအောင်နိုင်က “လတ်တလော အခက်အခဲ ဖြစ်နေတာက ဆန်လိုတယ်။ လူမှုအဖွဲ့အစည်း တချို့လာလှူတာတော့ ရှိ တယ်။ လူက ၉၀၀ ကျော် ရှိတော့ တပတ်ကို ဆန်အိတ် ၆၀ ကျော်လောက် ကုန်တယ်။ ဆန်က လုံးဝ မရှိတော့ဘူး။ မနေ့ က အလှူရှင် တဖွဲ့ ရောက်လို့ ဒီနေ့ တရက်စာတော့ အဆင်ပြေသွားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကျေးရွာသားများသည် ကျေးရွာအတွင်း လက်နက်ကြီး ကျခြင်း၊ စစ်ကြောင်း ဝင်ရောက်လာခြင်း၊ နှစ်ဖက် စစ်ရေး လှုပ်ရှားမှုများ အရှိန်မြင့်နေသည့်အတွက် စက်တင်ဘာလ ဒုတိယပတ်လောက်က အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေးနေရ ခြင်း ဖြစ်သည်။
ရေပိုက်ဆုံ ကယ်ဆယ်ရေး စခန်းတွင် ဝင်ရောက် ခိုလှုံနေသူ ရွှေလောင်းတင် ကျေးရွာသူ ဒေါ်စောစောဝင်းက “ကျမတို့ အခက်အခဲက အများကြီး ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းမှာ ဒီလိုပဲ လုံးထွေးပြီး နေကြရတယ်။ စားရေး၊ သောက်ရေး ဒုက္ခဖြစ်တာလည်း တမျိုး၊ မိုးရေထဲမှာ ထမင်းတွေ ချက်ကြရတော့ ကလေးတွေက ဗိုက်ဆာလို့ ငိုတယ်။ အဲဒီအချိန်ဆိုရင် ကျမလည်း ရွာကို လှမ်းမျှော်ကြည့်ပြီး ငိုမိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရွှေလောင်းတင် ကျေးရွာတွင် စက်တင်ဘာလ ၁၅ ရက်က ကျေးရွာအတွင်း လက်နက်ကြီးကျရောက်သဖြင့် ရွာ သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
လက်ရှိအချိန်အထိလည်း နှစ်ဖက် စစ်ရေးလှုပ်ရှားမှု ရှိနေကာ မေယုမြစ်ထဲကနေ တပ်မတော် စစ်ရေယာဉ်များ ပစ်ခတ်မှု ရှိနေသည့်အတွက် အိမ်ပြန်ရန် မဖြစ်နိုင်သေးကြောင်လည်း ရေပိုက်ဆုံ စခန်းတွင် ဝင်ရောက် ခိုလှုံနေသူ စစ်ရှောင်များက ဆိုသည်။
ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် ကမူ အဆိုပါ ရေပိုက်ဆုံ စစ်ရှောင်များ နေထိုင်ရန်အတွက် ကျေးရွာအနီး ဝန်းကျင်တွင် စစ်ရှောင်စခန်းတခု တည်ဆောက်နိုင်ရေး ပြည်နယ်အစိုးရထံ တင်ပြထား သော်လည်း လက်ရှိအချိန်အထိ အကြောင်း မထူးသေးကြောင်း ပြောသည်။
ဦးခင်မောင်လတ်က “အဲဒီ အနီးဝန်းကျင်မှာ စစ်ရှောင်စခန်းတခု ဆောက်ဖို့ ကျနော် ဝန်ကြီးချုပ် ဦးညီပု၊ နယ်/ လုံဝန်ကြီး တွေဆီ တင်ပြထားတာ ကြာပြီ။ အခုအချိန်ထိ ဘာတခုမှ အကြောင်းမပြန်ဘူး။ အခု ဘုန်းကြီးကျောင်းမှာ လူ ၉၀၀ ကျော် က ဒီအတိုင်း လုံးထွေးပြီး ဖြစ်သလို နေထိုင်နေကြရတယ်” ဟု ဧရာဝတီသို့ ဆိုသည်။
အဆိုပါ ရေပိုက်ဆုံစခန်းက စစ်ဘေးရှောင်များသည့် အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထောက်အပံ့ကို လက်ရှိ အချိန်အထိ တစုံတရာ မရရှိသေးဘဲ အရပ်ဘက် လူမှုအဖွဲ့အစည်းတချို့၏ ကူညီထောက်ပံ့မှုများဖြင့် စားသောက် နေထိုင် နေရကြောင်း စစ်ရှောင်စခန်း တာဝန်ခံများက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “စစ်ရှောင်တွေကို ကျနော်တို့ ကူညီထောက်ပံ့ပေးတာ ရှိပါ တယ်။ ရေပိုက်ဆုံ စစ်ရှောင်ကတော့ မြို့နယ်က နောက်တိုး စစ်ရှောင် စာရင်းအရေအတွက် တက်တဲ့ အထဲမှာ ပါလား ၊ မပါဘူူးလား ဆိုတာ ကျနော်လည်း သေချာ မသိသေးဘူး။ မြို့နယ် ထွေအုပ်က တင်ပြလာတဲ့ စာရင်းထဲမှာ ပါရင်တော့ ကျနော်တို့ ကူညီပေးတာ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနှင့် သာစည်ကျေးရွာ အနီးဝန်းကျင် တောင်တန်းများတွင်လည်း အောက်တို ဘာလ ၃ ရက်မှ ၅ ရက်အထိ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) အဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိ ခိုက်ကျဆုံးမှုများ ရှိကာ လက်ရှိ အချိန်အထိလည်း စစ်ရေး တင်းမာမှုများ ဆက်လက် ရှိနေသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် ကိုဗစ်ကာလ အတွင်း စစ်ရှောင် ၃၀၀၀၀ ကျော် အထိ ထပ်မံတိုးလာခဲ့ပြီး စုစု ပေါင်း စစ်ရှောင်ဦးရေ၂၂၀၀၀၀ ကျော်အထိ ရှိလာနေပြီ ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး ( REE ) က အောက်တိုဘာလ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
You may also like these stories:
ရသေ့တောင်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်းထန်
ရခိုင်ပြည်နယ် ကိုဗစ် ကူးစက်မှု ထိန်းချုပ်နိုင်ပြီလား