သတင်း

ရွှေကုက္ကိုလ် စီမံကိန်းနှင့် ပတ်သက်သည့် တပ်အရာရှိကြီးတချို့ စုံစမ်းစစ်ဆေးခံနေရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည် နယ်ခြားစောင့်တပ် (BGF) အဖွဲ့ မှ ပေးသည့် လာဘ်ငွေများကို လက်ခံရယူသည်ဟု သံသယရှိသဖြင့် အနည်းဆုံး တပ်မတော် အရာရှိကြီး ၃ ဦး စုံစမ်း စစ် ဆေးခံနေရကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်ရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၃ တပ်မမှူး၊ စကခ ၁၃ ဗျူဟာမှူးနှင့် ခလရ ၉၇ တပ်ရင်းမှူးတို့ မှာ ငွေကြေးလက်ခံထားသည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့လာသဖြင့် တပ်မတော်က စုံစမ်းစစ်ဆေးကြည့်ရာ သံသယဖြစ်စရာ အချက်များ တွေ့ ရှိသဖြင့် နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်။

“ပြောနိုင်တာကတော့ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရတယ်။ အဲဒီအဖွဲ့ ကနေ ပေးတဲ့ငွေကြေးကို လက်ခံထားတယ်လို့ သံသယရှိတဲ့အတွက် စုံစမ်းစစ်ဆေးနေတယ်။ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်”ဟု တပ်မ တော် သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။

ယခုလို စုံစမ်း စစ်ဆေးခံရခြင်းမှာ ယင်းစီမံကိန်း တည်ဆောက်ခြင်းနှင့် လုံးဝ မသက်ဆိုင်ဘဲ စီမံကိန်းအတွင်းရှိ ကာစီနို လောင်းကစားဝိုင်းများနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ယခု ဖြစ်စဉ်တွင် တပ်မတော် အရာရှိများသာမက ဒေသဆိုင်ရာ အာ ဏာပိုင်များ ပါဝင်ပတ်သက်မှုလည်း ရှိနေကြောင်း သိရသည်။

ဖြစ်စဉ် အသေးစိတ်ကို ဧရာဝတီက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းတွင် တပ်မတော်က လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

တပ်မတော်အနေဖြင့် ပတ်သက်ခြင်းမရှိဟု ငြင်းဆိုသော်လည်း ယင်းစီမံကိန်းသည် တပ်မတော်လက်အောက်ရှိ ကရင် ပြည်နယ် နယ်ခြားစောင့်တပ်(BGF)က ဦးဆောင်ပြီး အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

စီမံကိန်းစတင်ခွင့်ပြုခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ပါဝင်သည့် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ယခင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မျိုးမိုး အောင်ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လတွင် ၎င်းနေရာအား ဗိုလ်မှူးချုပ်ကိုကိုမောင်အား ခန့်အပ်ခဲ့ကြောင်း သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ် မျိုးမိုးအောင် မတိုင်မီ ဗိုလ်ချုပ် မျိုးဝင်းက တာဝန်ယူခဲ့ခြင်းဖြစ်သည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) အဖွဲ့၏ ယခုနှစ် မတ်လက ထုတ်ပြန်ခဲ့သည့် “တို့မြေများကို လောင်းကစားပစ်ခြင်း” အစီအရင်ခံစာတွင် စီမံကိန်းသည် တပ်မတော်ထိပ်တန်းခေါင်းဆောင်ပိုင်းမှ ကျောထောက် နောက်ခံပြုထားသည့် စီမံကိန်းဖြစ်ကြောင်း သက်သေခံဖော်ပြနေသည့် အကြောင်းအချက်များစွာရှိနေခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယင်းအချက်များတွင် တရုတ်ရင်းနှီးမြုပ်နှံသူများက တရားဝင် ခွင့်ပြုမိန့်ပါ သတ်မှတ်ချက်များထက် များစွာ ပိုမို ကြီးမား ကျယ်ပြန့်သည့် ဆောက်လုပ်ရေးလုပ်ငန်းများအား စိုးရွံ့မှုအလျဉ်မရှိပဲ ချဲ့ထွင်ဖော်ဆောင်နေခဲ့ခြင်း၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ တရားဝင်စည်းမျဉ်း၊ ဥပဒေများအား ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက်ချမှတ်ထုတ်ဝေခဲ့ခြင်းနှင့် အဓိကအရေးကြီးဆုံးဖြစ်သည့် BGF သည်တပ်မတော်၏ အပြည့်အဝထိန်းချုပ်မှုအောက်ရှိ အဖွဲ့အစည်းတခုဖြစ်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

“တပ်မတော် ထိပ်တန်းခေါင်းဆောင်ပိုင်း၏ အတည်ပြုခွင့်ပြုချက်မပါပဲ အဆိုပါစီမံကိန်းကို ထိုမျှအဆင့်ထိရောက်အောင် ဆက်လက်ဖော်ဆောင်နိုင်ခဲ့သည်မှာ လုံးဝမဖြစ်နိုင်သော ကိစ္စရပ်သာဖြစ်သည်”ဟု KPSN ကသုံးသပ်ထားသည်။

တရုတ်သံရုံးက ရွှေကုက္ကိုလ် စီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရ၏ Belt and Road နှင့် မသက်ဆိုင်ကြောင်း ဆိုသော်
လည်း တရုတ်လူမျိုးများက ၎င်းတို့ စိတ်ကြိုက် မြန်မာ့မြေပေါ်တွင် စီမံကိန်းများကို အကောင်အထည် ဖော်နေသလို ယင်း အဝန်းအဝိုင်းအတွင်းသို့ ဒေသခံအာဏာပိုင်များက မဝင်ရဲ၊ မထွက်ရဲသဖြင့် တိုင်းပြည်၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ရွှေကုက္ကိုလ်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများအကြား တရားမဝင် လောင်းကစားမှုများနှင့် တရုတ်နိုင်ငံသား အများ အပြား ဝင်ထွက်မှုများကြောင့် ရာဇဝတ်မှုနှင့် လူမှုရေးဆိုင်ရာ ပြဿနာများ မြင့်တက်လာမည်ကို စိုးရိမ်လျှက်ရှိပြီး ဝေဖန် ကန့်ကွက်ခံနေရသည့် စီမံကိန်းဖြစ်သည်။

လတ်တလောတွင် စီမံကိန်းအတွင်း တရားမဝင်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် ဥပဒေ စည်းမျဉ်း စည်း ကမ်းများ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်း၊ သွေဖယ်ခြင်းများ ရှိပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံဥပဒေအရ အရေးယူမည်ဟု နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးဗရတ်ဆင်းက ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့က လွှတ်တော်တွင် ပြောဆိုထားသည်။

ရွှေကုက္ကိုလ်စီမံကိန်းကဲ့သို့ပင် ကရင်ပြည်နယ်အတွင်း လက်နက်အဖွဲ့အချို့က တရုတ်ရင်းနှီးမြှုပ်နှံမှုများဖြင့် စီမံကိန်းများ လုပ်ကိုင်ရန် စိုင်းပြင်းလျှက်ရှိနေပြီး လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့်အတွက် ထိန်းချုပ်ရ ခက်ခဲကြောင်း၊ လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နိုင်ငံ၏ တည်ဆဲဥပဒေများ လိုက်နာရန်လိုအပ်ပြီး အစိုးရမှလည်း လမ်းဖွင့်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုထားသည်။

You may also like these stories:

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ KNU ပြန်ပါလာရေး အစိုးရနှင့် ညှိနှိုင်း

ကိုဗစ်ကြောင့် ကယားပြည်နယ် အထင်ကရနေရာများ လည်ပတ်ခွင့်ပိတ်

ရွှေကုက္ကိုမြို့သစ်စီမံကိန်း တိုးချဲ့မှု ရပ်နားထားရဟု ဗိုလ်မှူးကြီး စောချစ်သူပြော

Loading